ကုလသမဂ္ဂ အဆင့်မြင့် တာဝန်ရှိသူတဦး မြောက်ကိုးရီးယားသို့သွားရောက်

မြောက်ကိုးရီးယားနဲ့ အမေရိကန်တို့ရဲ့ တင်းမာမှုတွေလျော့ကျရေးအတွက် ကုလသမဂ္ဂရဲ့ နိုင်ငံရေးရာ လက်ထောက် အတွင်းရေးမှူးချုပ် Jeffrey Feltman မြောက်ကိုးရီးယားသို့သွားရောက်ခဲ့ကြောင်းသိရပါတယ်။

 

မစ္စတာ Feltman သည် မြောက်ကိုးရီးယားနိုင်ငံ ပြုံယမ်းမြို့တော်တွင် မြောက်ကိုးရီးယား နိုင်ငံခြားရေး ဝန်ကြီး Ri Yong Ho ၊ဒုတိယ ဝန်ကြီး Pak Myong Guk တို့နှင့် တွေ့ဆုံပြီး နှစ်ဘက်အကျိုးတူ ကိစ္စရပ်တွေနဲ့ စိုးရိမ်ချက်တွေကို ဆွေးနွေးသွားမှာဖြစ်ပါတယ်။

မြောက်ကိုးရီးယားက တီထွင်ခဲ့တဲ့ တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်သစ်သည် အမေရိကန်ပြည်မကြီးထိရောက်အောင် ပစ်နိုင်တယ်လို့ ကြေညာပြီးတစ်ပတ်အတွင်းမှာပဲ အမေရိကန်ကလဲ တောင်ကိုးရီးယားနဲ့ အကြီးမားဆုံးသော လေကြောင်း စစ်ရေးလေ့ကျင့်ရေးကို စတင်ပြုလုပ်ချိန်နဲ့ တပြိုင်တည်းမှာ ကုလသမဂ္ဂ အဆင့်မြင့် တာဝန်ရှိသူရဲ့ မြောက်ကိုးရီးယား ခရီးစဉ်ဖြစ်ပေါ်လာခြင်းလည်း ဖြစ်ပါတယ်။

ကုလသမဂ္ဂ နိုင်ငံရေးရာ လက်ထောက် အတွင်းရေးမှူးချူပ် Jeffrey Feltman သည် တရုတ်နိုင်ငံ ဘေကျင်းမြို့တော်ကို တထောက်ဝင်ရောက်ပြီး နောက်တနေ့မှာ မြောက်ကိုးရီးယား နိုင်ငံ ပြုံယမ်းမြို့တော်ကို သွားရောက်တာဖြစ်ပြီး လာမည့် သောကြာနေ့တွင် ခရီးစဉ် အဆုံးသတ်မှာဖြစ်တယ်လို့ ကုလမဂ္ဂ ပြောခွင့်ရ Stephane Dujarric ကပြောခဲ့ပါတယ်။

၂၀၁၀ ပြည့်နှစ်က ကုလမဂ္ဂရဲ့ အရင် နိုင်ငံခြားရေးရာ လက်ထောက်အတွင်းရေးမှူးချုပ် Lynn ရဲ့ မြောက်ကိုးရီးယားခရီးစဉ် နောက်ပိုင်းမှာ ကုလမဂ္ဂရဲ့ အဆင့်မြင့်တာဝန်ရှိသူ တစ်ဦးရဲ့ ပထမဆုံး ခရီးစဉ်လည်းဖြစ်တယ်လို့ သိရှိရပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *