ကံအကောင်းဆုံးလူသားတစ်ယောက်ဖြစ်ဖို့ ဘာလိုသလဲ

ဒီနေ့ခေတ်ကြီးမှာ လူအများစုရဲ့နှုတ်ဖျားက ထွက်နေကျစကားတစ်ခွန်းကိုပြောပါဆိုရင် ငါက ကံမကောင်းပါဘူးဆိုတဲ့ စကားဖြစ်ဖို့များပါတယ်။ လူအများစုက လက်ရှိဖြတ်သန်းနေရတဲ့ ဘဝအခက်အခဲတွေကို ပင်ပန်းခက်စွာဖြတ်သန်းလာနေ ရတာကြောင့် ဒီစကားမျိုးထွက်လာရခြင်းဖြစ်မယ်လို့ ထင်ပါတယ်။

သင်က ကံအကောင်းဆုံးလား
တကယ်လို့ သင့်ဘဝအခက်အခဲတွေကို သင်နဲ့အတူ ကူညီဖြေရှင်းပေးနိုင်မယ့် မိတ်ဆွေကောင်းတစ်ယောက်သာ ရှိ မယ်ဆိုရင်တော့ သင်နှုတ်ဖျားကစကားသံဟာ ငါကံကောင်းလိုက်တာဆိုပြီး ပြောင်းလဲသွားပါလိမ့်မယ်။ ဒါပေမဲ့ သင်ကံ ကောင်းဖို့ ဆိုတာ မလွယ်ပါဘူး။ဘာကြောင့်လဲဆိုတော့ လူတွေမှာ အပေါင်းအသင်းသာများတတ်ပြီး မိတ်ဆွေကောင်း တကယ်မရှိကြလို့ပါပဲ။ တကယ်လို့ သင့်မှာ မိတ်ဆွေကောင်းတစ်ဦးသာတကယ်ရှိမယ်ဆိုရင် သင်ဟာ ကံအကောင်း ဆုံးလူသားတစ်ယောက်လို့ရဲရဲကြီးဆိုပါရစေ။

မိတ်ဆွေတွေ ဘယ်ကရသလဲ
မိတ်ကောင်းဆွေကောင်း၊အဆွေခင်ပွန်းကောင်းနဲ့ ပေါင်းဖေါ်ရခြင်းဟာ ယခုဘဝမှာသာမက သံသရာတစ်လျှောက် ကောင်းကျိုးသုခကိုသာပြည့်စုံစေတယ်ဆိုတာလည်း အားလုံးသိပြီးဖြစ်ကြပါလိမ့်မယ်။ သင့်မှာ သင့်ဘဝအခြေအနေအရ သာမန်အဆင့်မိတ်ဆွေလို့ဆိုရမယ့် မိတ်ဆွေတွေ၊အပေါင်းအသင်းတွေကတော့ ရှိကြမှာ မလွဲပါဘူး။ ဘယ်လိုမိတ်ဆွေ မျိုးတွေလဲ။ အချင်းချင်းတွေ့ကြုံသွားလာဖူးတဲ့ မိတ်ဆွေမျိုးတွေရှိပါမယ်။ ဒါ့အပြင် ဒီကတစ်ဆင့်တက်ပြီး အတူတကွ ထ မင်းလက်ဆုံစားလောက်တဲ့အထိ ရင်းနှီးတဲ့မိတ်ဆွေတွေရှိပါလိမ့်မယ်။ဒီထက်မကရင်းနှီးတာတွေကတော့ ကျောင်းနေ ဖက်၊ကစားဖေါ်ကစားဖက်၊တစ်ကျောင်းတည်းပညာသင်လာကြတဲ့ဆရာတူမိတ်ဆွေတွေ၊တရားကျင့်သုံးဖေါ်၊သီတင်းသုံးဖေါ်မိတ်ဆွေတွေအမျိုးမျိုးရှိပါလိမ့်မယ်။

ဟိတောပဒေသအရဆိုရင်တော့ မိတ်ဆွေအမျိုးအစား လေးပါးရှိတယ်လို့ ဆိုပါတယ်။ နံပါတ်တစ်ကတော့ ရင်မှ ဖြစ် သော ချစ်သားချစ်သမီးတွေဟာလည်းမိတ်ဆွေတွေပါတဲ့။နံပါတ်နှစ်ကတော့ ထိမ်းမြားလက်ထပ်ခြင်းပြုတဲ့ အတွက် တော် စပ်လာတဲ့ ချွေးမ၊သမက်၊ခမီး၊ခမက် တွေဟာလည်း မိတ်ဆွေတွေဖြစ်ကြပါသတဲ့။နံပါတ်သုံးမိတ်ဆွေတွေကတော့ မျိုးရိုး စဉ်ဆက်ဆင်းသက်လာတဲ့ အစဉ်အဆက်မိတ်ဆွေဖြစ်ကြပါတယ်။နောက်ဆုံးနံပါတ် လေးကတော့ စီးပွားပျက်တဲ့ အချိန် မှာ လာရောက်ပြီး ကူညီ၊ကာကွယ်စောင့်ရှောက်ပေးတဲ့ မိတ်ဆွေသစ်တွေဟာလည်း မိတ်ဆွေတွေဖြစ်ကြ ပါ တယ်လို့ ဆိုပါတယ်။

မိတ်ဆွေပီသဖို့ ခက်တယ်
မိတ်ဆွေတွေရယ်လို့ ဖြစ်လာကြရင် မိတ်ဆွေအဆင့်ကို ဆက်လက်ထမ်းသိမ်းထားဖို့ အင်မတန်အရေးကြီးလာပါပြီ။ ဒီလို ထိမ်းသိမ်းထားဖို့ ဆိုရင် ပေးကမ်းချီးမြှင့်၊ကိုယ်နှင့်ယှဉ်ထား၊စီးပွားဆောင်ရွက်၊နှုတ်မြွက်ချိုသာ၊သစ္စာမှန်စေ ဝတ်ငါး ထွေ ကျင့်လေမိတ်သဟာဆိုတဲ့ မိတ်ဆွေတစ်တာဝန်ဝတ္တရားငါးပါး ကလည်းရှိလာပါတယ်။ မိတ်ဆွေအဖြစ် ဆက် လက်ထိမ်းထားနိုင်ဖို့ ဒီလို ဝတ္တရားတွေရှိလာသလို မိတ်ဆွေတို့ အပေါ်မှာ ကျင့်ရမယ့် ကိုယ်ကျင့်တရား တွေက လည်းရှိပြန်ပါတယ်။ အဲဒါတွေကတော့၊
(၁) ပေးဖို့ခက်တဲ့၊ပေးနိုင်ခဲတဲ့ ပစ္စည်းကို ပေးတတ်ခြင်း
(၂) ပြုနိုင်ခဲတဲ့ ဝတ္တရားကို ပြုခြင်း
(၃) အလွန်အမင်းသည်းခံခြင်း
(၄) လျှို့ဝှက်အပ်တာကို မပေါ်အောင်လျှို့ဝှက်ထားတတ်ခြင်း
(၅) လျှို့ဝှက်အပ်တာကို လျှို့ဝှက်ဖို့ ပြောကြားပေးခြင်း
(၆) ဘေးရန်ကြုံတဲ့ အခါ စွန့်ခွါမသွားခြင်း နဲ့
(၇) ဆင်းရဲသွားပေမယ့် မထီမဲ့မြင် မပြုခြင်း ဆိုတဲ့ ကိုယ်ကျင့်တရားတွေဖြစ်ပါတယ်။

ဒါတွေကို ရှောင်နိုင်ရဲ့လား
သင်ဟာ မိတ်ဆွေတို့ရဲ့ ဝတ္တရားနဲ့လည်းညီအောင်နေထိုင်ပြီး မိတ်ဆွေတစ်ယောက်ရဲ့ ကိုယ်ကျင့်တရားနဲ့လည်း ပြည့်စုံ တယ်ဆိုရင်တော့ သင်ဟာ မိတ်ဆွေကောင်း၊အဆွေခင်ပွန်းကောင်းပဲဖြစ်ပါတယ်။ ဒီလိုမှမဟုတ်ဘဲ သင်က အောက်ဖေါ်ပြ ပါ အပြစ်တွေကို သင့်မိတ်ဆွေအပေါ်ကျူးလွန်မိရင်တော့ သင်ဟာ သာမန်အပေါင်းအသင်းတွေအဆင့်ကို လျောကျသွား ပါလိမ့်မယ်။ဒါတွေဟာ မိတ်ပျက်ရတဲ့ အကြောင်းရင်းတွေလည်းဖြစ်ပါတယ်။ အဲဒီအပြစ်တွေကတော့၊
(၁) လျှို့ဝှက်အပ်တဲ့ အကြောင်းအရာကို ဖေါ်ထုတ်ခြင်း
(၂) အခါမဟုတ် အတောင်းအရမ်း၊အချေးအငှားအလွန်များခြင်း
(၃) အကြင်နာတရားကင်းမဲ့ပြီး ရက်စက်ကြမ်းကြုတ်ခြင်း
(၄) စိတ်ဓါတ်မတည်ကြည်ခြင်း
(၅) ဒေါသကြီးခြင်း
(၆) မဖြောင့်မှန်ခြင်း
(၇) လောင်းကစားနှင့် အပျော်အပါးများခြင်း
(၈) အပျော်အပျက် ပြောကြားနေထိုင်ခြင်း
(၉) တစ်ဦးထံတစ်ဦး အလည်အပတ်ဝင်ထွက်သွားလာမှု မရှိခြင်း
(၁၀)ပစ္စည်းအပေးအယူဆက်ဆံမှုမရှိခြင်း၊ စတဲ့အချက်တွေဖြစ်ကြပါတယ်။

ကဲ၊ဒါဆိုရင် မိတ်ဆွေကောင်းတစ်ယောက်ရှိရင် သင် ကံအကောင်းဆုံးလူသားဖြစ်ပြီလို့ ပြောတာကို သင်လက်ခံ နိုင်မှာ ဖြစ်သလို မိတ်ဆွေကောင်းရှိရင် အရာအားလုံး ပြီးမြောက်နိုင်တယ်ဆိုတာကိုလည်း သင် လက်ခံနိုင်မယ်ထင်ပါတယ်။ ဒီတော့ သင် စဉ်းစားကြည့်လိုက်ပါ။ သင့်ဘဝမှာ အခက်အခဲတွေ၊သောကတွေနဲ့ပဲ ပြည့်နှက်နေသလား။ ခဏခဏ အရှုံးတွေနဲ့ပဲရင်ဆိုင်နေရသလား။ သင့်စိတ်တွေကစဉ်းကလျားနဲ့ မတည်မငြိမ် ဆောက်တည်ရာမရ ဖြစ်နေတတ်သလား။ သင့်ကိုယ်သင် အထီးကျန်နေတယ်လို့ထင်သလား။ ဒါမှမဟုတ် အထက်မှာတင်ပြခဲ့သလို သင့်ကိုသင် ကံခေတဲ့ လူလို့ များမှတ်ထင်နေသလား။

ဒါတွေသာသင်တွေ့ကြုံ ခံစားနေရရင်တော့ သေချာပါတယ်၊သင့်ဘဝမှာ အလိုအပ်ဆုံး လူသားတစ်ယောက် ရှိဖို့ လိုနေ ပါပြီ။ သူကတော့ သင့်ရဲ့ မိတ်ဆွေကောင်းပါပဲ။ များများမလိုပါဘူး။တစ်ယောက်လောက်ရှိရင်တောင် အဆင်ပြေပါတယ်။ များများရှိလေ သင် အမြင့်ကို ရောက်လေပါပဲ။ကံအကောင်းဆုံးလူသားတစ်ယောက်ဖြစ်ဖို့ သင့်အတွက် လိုအပ်ချက် ကတော့ မိတ်ဆွေကောင်းပဲဖြစ်ပါတယ်။ သင်သူ့ကိုရှာတွေ့နိုင်ဖို့ အကောင်းဆုံးနည်းလမ်းကိုလည်းပေးပါရစေ။သင်လည်း မိတ်ဆွေကောင်းပီသအောင်နေထိုင်ကျင့်ကြံဖို့ လိုတယ်ဆိုတာပါပဲ။ဒီပိုစ့်လေးကို ပြီးဆုံးအောင် ဖတ်ရှုပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *