ကွီးတို့၊ ညေးတို့၊မွီးတို့သိထားရမယ့် အလန်းစား Selfie ရိုက်နည်း

ဒီဘက်ခေတ်ကြီးမှာတော့ နည်းပညာတွေကတိုးတက်လာတာ မြန်ဆန်လွန်းလို့ အီလက်ထရွန်းနစ်ပစ္စည်းတွေကလည်း တစ်နေ့ထက် တစ်နေ့ အသစ်တွေ ထွက်နေလိုက်တာ အီဖေကို တို့တောင် ဉာဏ်သိပ်မမှီချင်တော့ဘူး။ ဟိုးအရင်ကဆို ဖုန်းဆိုတာ အုတ်ခဲတုံးလိုမျိုး အရွယ်အစား၊ ခလုပ်တွေဆို အကြီးကြီး၊ အဲ.. ဒါပေမယ့် ဒီဘက်ခေတ်ထဲရောက်လာတော့ ဘာတဲ့ ခလုတ်တွေက မျက်နှာပြင်ပေါ်မှာ မရှိ တော့ဘူး။

မှန်ပြားလေးပေါ်မှာဘဲ လက်လေးနဲ့ထောက်ပြီး လိုရာခိုင်းလို့ရသဗျာ။ အီဖေကို တို့အတွက်တော့ သိပ်ဟန်ကျတာပေါ့။ အရင်တုန်းက ရောက်လေရာနေရာမှာ မှတ်တမ်းတင်ဖို့ ဖလင်ကင်မရာတစ်ကားကားနဲ့ ဆောင်သွားရတယ်။ ရိုက်တဲ့အခါလည်း ပုံက အရေအတွက်ကန့်သတ်ချက်နဲ့။ ခလုတ်တစ်ချက်နှိပ်လိုက်တိုင်းမှာ ဖလင်ထဲမှာ နေရာယူသွားတယ်။ အဲ..ဒါပေမယ့် အခုတော့ အဲ့လို မဟုတ်တော့ဘူး၊ စမတ်ဖုန်းတစ်လုံးထဲမှာဘဲ လုပ်ဆောင်ချက်မျိုးစုံရလာတယ်။

ပုံကို ရိုက်လို့မကြိုက်ရင်လည်း ချက်ချင်းဖျက်လို့ရတယ်။ ဘယ်နှယ့်ဗျာ သိပ်ဟန်ကျတာပေါ့။ ဖလင်ပြားတွေ အများကြီးမကုန်တော့ဘူးလေဗျာ။ Intro ချီလိုက်တာ နည်းနည်း လေကြောရှည်သွား တယ် ဆောရီးဗျာ။ တစ်ကယ်တမ်းပြောချင်တာ အလန်းစား Selfie တစ်ပုံရဖို့ ဘယ်လိုရိုက်မလဲပေါ့။

Selfie ကတော့ စမတ်ဖုန်းကိုင်သူတိုင်းရိုက်ဖူးကြမယ်။ ဒီဘက်ခေတ်မှာ ညေးတွေ၊ ခေးတွေ၊ ကွီးတွေ ရဲ့ စတိုင်လ်ကို ခပ်မိုက်မိုက်လေး ပုံဖော်ဖို့က Selfie ကောင်းကောင်းရိုက်တတ်ဖို့လိုတယ်။ သွယ်ဝိုက်ပြီး မပြောတော့ဘူးဗျာ။ တိုက်ရိုက်ဘဲပြောမယ်။ ခေတ်မှီသူတိုင်း Selfie ဆွဲကြတာပေါ့ဗျာ။ ဒါကြောင့် ထပ်ပြောလိုက်မယ်။ ခေတ်မှီချင်ရင် Selfie ရိုက်ဗျာ။ အဲ့ဒါကြောင့်လဲ ခုနောက်ထွက်တဲ့ စမတ်ဖုန်းတွေ မှာ Selfie ကင်မရာကို အသားပေးထုတ်လုပ်လာကြတာကို တွေ့ရမှာပါ။

ဘယ်နေရာရောက်နေလဲ၊ သွားနေလဲ၊ စားနေလဲ စတာတွေ ကို အချိန်နဲ့တစ်ပြေးညီ Facebook ပေါ် တင်ဖို့ကလဲ လိုသေးတယ်မဟုတ်လား။ ဒါပေမယ့် ကင်မရာလဲကောင်းမယ် သင့်ရဲ့ စတိုင်လ်ကလဲ မိုက်နေမယ်ဆိုရင်တော့ သေချာပါပြီ သင်ဟာ Facebook မှာ like တွေအများကြီးရမှာပါ။ ကဲ အောက်ပါ အချက်တွေကို သေချာ လေ့လာ လိုက်ပါအုံး။

၁။ ကင်မရာက  အထိုက်အလျောက်ကောင်းရပါမယ်။

Selfie ကောင်းတစ်ပုံထွက်ဖို့ ကင်မရာကလဲ အထိုက်အလျောက် ကောင်းဖို့လိုပါမယ်။ ဒါပေမယ့် အရမ်းကြီးကောင်းဖို့လဲ မလိုပါဘူး။ သိတယ်ဟုတ်လား Effect တွေလုပ်ပေးမယ့် App တွေရှိတယ်လေ။ Effect တွေနဲ့ သေချာပြန်ပြင်မယ်လို့ ဆုံးဖြတ်ထားရင် ဖုန်းမှာပါ တဲ့ default ကင်မရာ App နဲ့ဘဲ ရိုက်ပါ။ ပြီးမှ အဲ့ဒီပုံကို effect တွေနဲ့လန်းအောင် လုပ်ပေးမယ့် App တွေနဲ့ပြန်ပြင်ပါ။

၂။ အလင်းရောင် ကောင်းဖို့လိုပါမယ်။

Selfie ကောင်း တစ်ပုံထွက်ဖို့ကတော့ အလင်းရောင်ကတော့ သင့်ကို အလန်းလွန် အလွန်လန်းအောင် လုပ်ပေးနိုင်ပါတယ်။ သေချာ ချိန် တတ်ဖို့တော့ လိုတာပေါ့လေ။ အလင်းရောင်ကောင်းဖို့လိုတယ်ဆိုပြီးတော့ နေ့လည် ၁၂ နာရီလို နေမွန်းတည့်ချိန်မှာတော့ မရိုက်ပါနဲ့။ ဆိုလိုရင်းကို သဘောပေါက်ပါလေ။ Shopping mall လိုနေရာတွေမှာ အလင်းရောင်တွေက သင့်ကို အလန်းစား Selfie ရိုက်ဖို့ အထောက် အကူဖြစ်စေမှာပါ။ သဘာဝ အလင်းရောင်နဲ့ လန်းချင်တယ်ဆိုရင်တော့ မနက်စောစော နဲ့ ညနေစောင်းက ပိုကောင်းပါ တယ်။

၃။ နေရာကောင်းရွေးပါလေ။

နေရာကလဲ သင့်ရဲ့ selfie ပုံကို အထောက်အကူပြုပါတယ်။ ပစ္စည်းတွေ ရှုပ်ပွနေတဲ့နေရာတွေ၊ အလင်းအရမ်းစူးရှတဲ့နေရာတွေ မှာ မရိုက်ပါနဲ့။ အဲ့ဒါတွေက သင့်ရဲ့ထင်ပေါ်နိုင်စွမ်းကို နှောင့်ယှက်နေပါတယ်။ သန့်စင်ခန်းထဲ မှန်ရှေ့မှာရိုက်တဲ့ Mirror Selfie ကလဲ မိုက် ပါတယ်။ သင့်ရဲ့ရုပ်ရည်က ပိုမိုရှင်းလင်းသွားသလို ခံစားရစေပါတယ်။ အပြင်မှာတော့ တစ်မျိုးပေါ့နော်။ ဘာလဲဖြစ်ဖြစ်လေ ပုံထဲမှာ လှဖို့ လိုတယ် မဟုတ်လား။ သဘာဝ အလှတရားတွေကလည်း သင့်ပုံကို ပိုလန်းသွားအောင် ထောက်ပံ့ပေးနိုင်ပါတယ်။

၄။ မျက်နှာအမူအရာ ပေးတတ်ဖို့လိုပါတယ်။

မျက်နှာအမူအရာပေးတတ်ဖို့ လိုတယ်ဆိုတိုင်း သင့်ကို ပြုံးဖီးဖီး စပ်ဖြဲဖြဲ နေခိုင်းတာမဟုတ်ပါဘူး။ ဟုတ်တယ်လေ. သင်ဟာ လုံးဝကို စမတ်ကျတဲ့ အဝတ်အစားနဲ့ ဒါပေမယ့် စပ်ဖြီးဖြီး Selfie က သင်နဲ့ မလိုက်ဖက်ပါဘူး။ အဝတ်အစားကို အားနာပါ။ Selfie တစ်ပုံရိုက် တယ် ဆိုတာ လွယ်တဲ့ကိစ္စမဟုတ်ပါဘူး။ ကိုယ် ဝတ်ထားတဲ့ အဝတ်အစားအပေါ်မူတည်ပြီး ပုံကောင်းတစ်ပုံထွက်အောင် ဘယ်လိုရိုက်ရ မလဲဆိုတာ အချိန်ပေးစဉ်းစားရသေးတယ် မဟုတ်လား။ တစ်ခါတစ်လေ ပြုံးရုံဘဲ လိုပြီး၊ တစ်ခါတစ်လေ အပျော်သဘော စပ်ဖြီးဖြီးပေါ့၊ တစ်ခါတစ်လေ ခပ်တည်တည်နဲ့ ဆွဲငင်အားကောင်းတဲ့ သူတစ်ယောက်အနေနဲ့ ပုံရိပ်ဖော်နိုင်ရင်တော့ သင့်ရဲ့ပုံကိုမြင်လိုက်ရသူတောင် ရင်ထဲ စွဲသွားမှာပါ။ မယုံရင် စမ်းကြည့်ပါလေ။ နောက်မှ ဆန်းသစ်မြန်မာက အီဖေကို ကို ကျေးဇူးတွေ ကြိတ်တင်နေရမှာပါ။

၅။ Selfie ရိုက်တဲ့အခါ အနေအထား ထောင့်စုံအောင် ကြည့်ပြီးမှ ရိုက်ပါ။

Selfie ခပ်လန်းလန်းရိုက်ဖို့က ကင်မရာကို အနေအထား ပုံစံအမျိုးမျိုးနဲ့ ချိန်ပြီးမှ ရိုက်ပါ။ သိထားရမှာက ကင်မရာကို ဘယ်ဘက်၊ ညာဘက် ပြောင်းရိုက်ရင်တောင် ပုံတွေက အတော့်ကို ကွာခြားတာကိုတွေ့ရမှာပါ။ သင့်မျက်နှာကို V Shape ပုံစံထွက်ချင်ရင် ကင်မရာ ကို ခပ်မြင့်မြင့်လေး ရိုက်စမ်းကြည့်ပါ။ ဒါပေမယ့် ကင်မရာကို မျက်နှာနဲ့တိုက်ရိုက်ကြီး ငုံ့ကြည့်ပြီး မရိုက်ပါနဲ့။ သင့်ကို အသက်ကြီးသွား သလို ခံစားစေရပါတယ်။ ဒါကြောင့် မျက်နှာကို မော့ရိုက်တာက ရုပ်ထွက်က ပိုလန်းပါတယ်။

၆။ ရိုက်ပြီးသားပုံတွေကို Effect နဲ့ အလန်းဇယားဖြစ်အောင် ပြန်ပြင်ပါ။

သိတယ်မဟုတ်လား။ Facebook မှာ ကိုယ့်ရဲ့ Selfie ပုံတင်မယ်ဆိုရင် လန်းဖို့လိုတယ်လေ။ ဒါမှ Like များများရပြီး add me please , accept me စတဲ့ ကွန့်မန့်လေးတွေနဲ့ ကွီးတွေ၊ မွီးတွေ၊ ညေးတွေ က သင့်ကို ခင်မင်မို့ကြိုးစားပါမှာ။ အတော်များများကတော့ Camera 360 , B612 စတဲ့ App များနဲ့ လှအောင်ပြန်ပြင်ပြီးမှ တင်ကြတာပါ။ အီဖေကို ကတော့ Retrica ဆိုတဲ့ App ကို ပိုကြိုက်ပါတယ်။ Instagram Filter လေးတွေလဲ ကောင်းပါတယ်။ တစ်ခုအကြံပေးချင်တာက Effect ထည့်တာအခါ မျက်နှာကို Smooth Level အရမ်း ကြီး မတင်ပါနဲ့။ Smooth level များလွန်းရင် အခု ခေတ်စားနေတဲ့ စီလီကွန် အရုပ်ဆိုလား ဘာဆိုလား အဲ့ဒီအရုပ်ကြီးနဲ့ သွားတူနေပါ အုံးမယ်။ တူချင်ရင်တော့ စာဖတ်သူတို့ စိတ်ရှိသလိုသာ ပြင်ကြပါလေ။

ကဲ ဒီလောက်ဘဲရေးတော့မယ်ဗျာ။ ဒီ ၆ချက်လောက်နဲ့ ပြည့်စုံအောင် ရိုက်နိုင်တယ်ဆိုရင် သင့် Selfie က တော်တော်လေး လန်းနေပါပြီ။ ဒီပိုစ့်လေး ဖတ်ပြီးရင် Selfie တစ်ပုံလောက်ရိုက်ပြီး Facebook မှာ တင်ကြည့်လိုက်။ Like တွေမတက်လာရင် အီဖေကို ကို ကြိုက်သလို ပြော။ ဒီလောက် သူများတွေ ခေတ်မှီနေတဲ့အချိန်မှာ သင်ဟာ Selfie တစ်ပုံမှ မရိုက်ဖူးဘဲ Facebook ပေါ်မတင်ဖူးသေးရင် အတော်လေး ခေတ်နောက်ကျနေပြီလို့ပြောလို့ရတယ်။ ဖတ်ပြီးရင် ဒီပိုစ့်ကို Facebook မှာ ပြန် Share ပေးဖို့မမေ့နဲ့နော်။

Leave a comment

Your email address will not be published. Required fields are marked *