ခေတ်မီသူတိုင်း လိုက်နာသင့်တဲ့ ၂၀-၂၀-၂၀ စည်းမျဉ်း

ဒီနေ့ခေတ်မှာ ဘယ်သူတွေကို ခေတ်မီတယ်လို့ ပြောရင် သင့်တော်မလဲ။ သင့်ရဲ့ မျက်လုံးတွေဟာ အချိန်နဲ့အမျှ ကွန် ပျူတာ၊မိုဘိုင်းဖုန်း ဒါမှမဟုတ် တက်ဘလက် မျက်နှာပြင်တစ်ခုခုပေါ်မှာ အာရုံစိုက်နေမယ် ဆိုရင်တော့ သင့်ကို ခေတ် မီသူလို့ပြောရင် မှားမယ်မထင်ပါဘူး။ ဒါဆိုရင်တော့ ဒီနိုင်ငံမှာ ခေတ်မီသူတွေ အတော်များနေပြီလို့ ပြောရ ပါလိမ့်မယ်။ ကဲ၊ခေတ်မီသူတွေထဲမှာ ဒီစာကိုဖတ်နေတဲ့ သင်လည်းပါနေပြီဆိုတော့ သင့်ရဲ့ တန်ဖိုးရှိလှတဲ့ အလင်းတံခါးပိုင်ရှင် မဟူရာမျက်လုံးတွေ ညောင်းညာတာကို ကာကွယ်ဖို့အတွက် စည်းမျဉ်းတစ်ခုကို လိုက်နာ သင့်တယ်လို့ အကြံပြုပါရစေ။ အဲဒီစည်းမျဉ်းကတော့၂၀-၂၀-၂၀စဉ်းမျဉ်းပဲဖြစ်ပါတယ်။
ဒီစည်းမျဉ်းက လိုက်နာဖို့မခက်ပါဘူး။ အထက်ကပြောခဲ့တဲ့ အသုံးအဆောင်ကိရိယာတစ်ခုခုကို မိနစ် ၂၀ ကြာသုံးပြီးတိုင်း ပေ ၂၀ အကွာအဝေးကို စက္ကန့်၂၀ ကြာကြည့်ဖို့ပဲဖြစ်ပါတယ်။ ဒီစည်းမျဉ်းကို စတင်ချမှတ်ခဲ့သူကတော့ ကာလီဖိုးနီး ယားက မျက်လုံးနဲ့အလင်းဆိုင်ရာ ကျွမ်းကျင်သူ ဒေါက်တာ Jeffrey Anshel ပဲ ဖြစ်ပါတယ်။
ဒီစည်းမျဉ်းနဲ့ပတ်သက်ပြီး သိပ္ပံနည်းကျ စူးစမ်းလေ့လာမှုတွေ နည်းပေမယ့် အမေရိကန် မျက်လုံးနဲ့ အမြင်ဆိုင်ရာ ဆေးပညာရှင်အဖွဲ့တွေကတော့ မျက်စိညောင်းတာကို သက်သာစေဖို့ ဒီစည်းမျဉ်းကို ညွှန်းဆိုကြပါတယ်။

၂၀၁၃ ခုနှစ်မှာ တက္ကသိုလ်ကျောင်းသား ၇၉၅ ဦးကို လေ့လာတွေ့ရှိချက်အရ ကွန်ပျူတာ မျက်နှာပြင်ကနေ အဝေးကိုကြည့်တာမျိုးကို အချိန်မှန်လုပ်တဲ့သူတွေဟာ ကွန်ပျူတာကြောင့်ဖြစ်တတ်တဲ့ မျက်လုံးပြသနာတွေကို လျော့ ကျစေနိုင်တယ်လို့ ဆိုပါတယ်။ ကွန်ပျူတာ၊မိုဘိုင်းဖုန်း ဒါမှမဟုတ် တက်ဘလက်လိုပစ္စည်းမျိုးကို အချိန်နဲ့အမျှ သုံးစွဲ နေရသူတွေမှာ မျက်လုံးနဲ့ပတ်သက်ပြီး အောက်ပါဝေဒနာတွေကို ခံစားရတတ်ပါတယ်။
-မျက်ရည်ယိုမယ်။
-မျက်လုံးဝါးမယ်။
-မျက်လုံးကျိန်းစပ်မယ်။
-ခေါင်းကိုက်မယ်။
-မျက်လုံးနီမယ်။
ဒီစည်းမျဉ်းအပြင်နောက်ထပ် မျက်လုံးကို သက်သာစေတဲ့နည်းတစ်ချို့ကိုလည်း မျှဝေပါရစေ။အဲဒါတွေကတော့၊
-ဘေးထွက်ဆိုးကျိုးမရှိတဲ့ မျက်စဉ်းခပ်ဆေးကို သုံးနိုင်ပါတယ်။
-ကွန်ပျူတာ မျက်နှာပြင်ရဲ့ နောက်ခံအရောင်ကို အဖြူကနေ အနက်ကိုပြောင်းသုံးပြီး စာလုံးအရွယ်အစားကို ကြီးအောင် Setting ကိုပြောင်းသုံးပါ။
-မျက်နှာပြင်တောက်ပမှုကို လျှော့ချပါ။
-အလင်းရောင်ပေါ်မူတည်ပြီး မျက်နှာပြင်ရဲ့ ရှင်းလင်းမြင်သာမှုကို ချိန်ညှိပါ။
-မျက်လုံးကိုပုံမှန်စစ်ဆေးပါ။
ကဲ၊စာဖတ်သူမိတ်ဆွေတွေ မျက်လုံးမညောင်းဘဲ အမြင်အာရုံကောင်းကောင်းကောင်းနဲ့ ခေတ်သစ်ကြီးမှာ စီးဝင် ပျော်မွေ့ နိုင်ကြပါစေ။
Source: Medical news today

Leave a comment

Your email address will not be published.