ဂန္ထဝင်ဂီတပညာရှင်ဂီတနက်သန် ဦးအုန်းလွင်၏ သူ့ဘဝ၊သူ့ဂီတနှင့် သူ့အနုပညာစာအုပ်မိတ်ဆက်ပွဲ ကျင်းပ

စာရေးဆရာမတစ်ဦးလည်းဖြစ်သလို၊ ဂီတနက်သန်ဦးအုန်းလွင်ရဲ့ ဂီတတပည့်မတစ်ဦးဖြစ်ခဲ့ဖူးတဲ့ တေးသံရှင် မေ (ပြင်ဦး လွင်)ရေးသားတဲ့ ဂန္ထဝင်ဂီတပညာရှင် ဂီတနက်သန်ဦးအုန်းလွင် သူ့ဘဝ၊သူ့ဂီတနှင့်သူ့အနုပညာအမည်ရတဲ့ အတ္ထုပတ္တိစာအုပ်သစ် မိတ်ဆက်ပွဲကို ဒီနေ့နေ့လည် ၁နာရီက ရန်ကုန်မြို့ ဗိုလ်တစ်ထောင်ဘုရားလမ်းနဲ့ အနော်ရထာ လမ်းထောင့်က Orchid ဟိုတည်မှာကျင်းပခဲ့ပါတယ်။ ဒီပွဲကို စာရေးဆရာမလည်းဖြစ်၊မြန်မာသံစဉ်တေး သံရှင် တစ်ဦး လည်းဖြစ်တဲ့မေ(ပြင်ဦးလွင်)ရဲ့ရင်းနှီးတဲ့ စာပေဂီတမိတ်ဆွေအပေါင်းအသင်းများ၊ဖိတ်ကြားထားတဲ့ စာနယ်ဇင်းမီဒီယာ များနဲ့ အသက် ၉၃ ရှိပြီဖြစ်တဲ့ ဂီတနက်သန်ဦးအုန်းလွင်အပါအဝင် ဆရာကြီးရဲ့တပည့်များ လည်း စုံစုံ ညီညီ တက်ရောက် ခဲ့ကြပါတယ်။
အခမ်းအနားမှာ အခမ်းအနားမှူးအဖြစ် အောင်သျှံဝိုင်း(ကျိုက်မရော)ကဆောင်ရွက်ခဲ့ပြီး အခမ်းအနား အစမှာ ဆရာ ကြီးရဲ့တေးများကို တပည့်များကဂုဏ်ပြုသီဆိုခဲ့ကြပါတယ်။ အဲဒီနောက်မှာတော့ ဆရာဦးမြင့်ခိုင်၊ ဆရာကောင်းသန့်၊ ဆရာ မောင်မောင်အေး(အလင်္ကာဝတ်ရည်)နဲ့ စာရေးဆရာ၊တေးသံရှင် မေ(ပြင်ဦးလွင်)တို့က ဆရာကြီးဂီတနက်သန် ဦး အုန်းလွင်နဲ့ပတ်သက်ပြီးအမှတ်ရစရာစကားများနဲ့ ဆရာ့အတ္ထုပတ္တိစာအုပ်အပေါ် မုဒိတာစကားများကို ပြောကြား ချီးမြှင်ခဲ့ကြပါတယ်။
မေ(ပြင်ဦးလွင်)ရဲ့ ဂန္ထဝင်ဂီတပညာရှင် ဂီတနက်သန်ဦးအုန်းလွင် သူ့ဘဝ၊သူ့ဂီတနှင့် သူ့အနုပညာစာအုပ်မှာ စာ မျက်နှာပေါင်း ၁၃၄ မျက်နှာရှိပြီး ၂၀၁၉ခုနှစ်မတ်လမှာ ပထမအကြိမ်အဖြစ် လင်းလွန်းခင်စာပေမှ ဦးသိန်းလွင် က ထုတ်ဝေခဲ့ပြီး အာရုံဦးစာပေက တန်ဖိုး ၂၀၀၀ကျပ်နဲ့ တစ်နိုင်ငံလုံးကို ဖြန့်ချိမှာဖြစ်ပါတယ်။ ဒီစာအုပ်အတွက် အမှာစာ များကိုတော့ ဆရာဦးမြင့်ခိုင်(ဥဂ္ဂါညို)၊ဆရာကောင်းသန့် နဲ့ ဆရာအောင်သျှံဝိုင်း(ကျိုက်မရော)တို့က ရေးသားချီးမြှင့် ထားပါတယ်။
မြန်မာ့ဂီတလောမှာ ကွယ်လွန်သွားခဲ့ပြီဖြစ်တဲ့ ဂီတနက်သန်ကိုစောညိမ်းနဲ့အတူ မြန်မာဂန္ထဝင်တေးပေါင်းများစွာကို ပရိတ်သတ်များရဲ့ရင်ကို ထိချအောင်ရေးဖွဲ့နိုင်ခဲ့တဲ့ ဆရာဂီတနက်သန်ဦးအုန်းလွင်အကြောင်းရေးသားထားတဲ့ ဒီစာအုပ်ဟာ မြန်မာ့ဂီတကိုချစ်မြတ်နိုးကြသူတွေအတွက် ဖတ်ရှုရမယ့်စာအုပ်ကောင်းတစ်အုပ်ဖြစ်သလို မြန်မာ့ဂီတအတွက်လည်း သမိုင်းမှတ်တမ်းတစ်ခုဖြစ်မယ်ထင်ပါတယ်။
လာမယ့်မတ်လ ၁၇ရက်နေ့မှာလည်း ဆရာကြီးဂီတနက်သန်ဦးအုန်းလွင်ပူဇော်ပွဲကို ကျင်းပမှာဖြစ်တယ်လို့ သိရပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *