ဂျပန်သိပ္ပံပညာရှင်တွေ သစ်သားက အရက်ထုတ်လုပ်နိုင်ပြီ

ဂျပန်သိပ္ပံပညာရှင်တွေက သစ်သားကနေ အရက်ထုတ်လုပ်နိုင်တဲ့ နည်းလမ်းတစ်ခုကို တွေ့ပြီလို့ပြောလိုက်တဲ့ သတင်းက သောက်တတ်တဲ့လူတွေအတွက် ဝမ်းသာစရာသတင်းတစ်ပုဒ်ဖြစ်ပါလိမ့်မယ်။ ဂျပန်နိုင်ငံ သစ်တောနဲ့ သစ် တောထွက်ပစ္စည်း သုတေသနတက္ကသိုလ်က သုတေသနပညာရှင်တွေဟာ သောက်လို့ရတဲ့ အီသနော အရက် ထုတ်လုပ်တဲ့နည်းကို၂၀၀၉ခုနှစ်ဇွန်လကတည်းကစူးစမ်းလေ့လာခဲ့ကြပါတယ်။
အခုအခါမှာတော့ သစ်ခေါက်တွေကနေ သူတို့ထုတ်လုပ်လိုက်တဲ့ အရက်ဟာ သစ်သားစည်ထဲမှာ သိုလောင်ထားတဲ့ နှစ်ချို့အရက်နဲ့ ထပ်တူဖြစ်ပြီး ၂၀၂၁ ခုနှစ်မှာ ဖေါက်သည်တွေကို ရောင်းချပေးနိုင်မယ်လို့ ဆိုပါတယ်။
သောက်လို့ရတဲ့အရက်ဖြစ်လာဖို့အတွက် သိပ္ပံပညာရှင်တွေက သစ်ခေါက်တွေကို အမှုန့်ကြိတ်ပြီး ကော်ဖြစ်အောင် ဦးစွာလုပ်ဆောင်ပါတယ်။ အဲဒီသစ်သားကော်ကနေ သကြားရလာဖို့အတွက် စီးပွားဖြစ် Cellulase အင်ဇိုင်းကိုသုံးပြီး ရေသုံးဓါတ်တုဖြစ်စဉ် Hydrolysed နည်းကို သုံးပါတယ်။ ရလာတဲ့ သကြားကို တဆေးသုံးပြီး ကစော်ဖေါက်ပါတယ်။ ထုတ်လုပ်တဲ့အခါ အပူကိုလုံးဝမသုံးပါဘူး။ဒါကြောင့် ထွက်လာတဲ့ အရက်ရဲ့ အရသာဟာ မူလထုတ်လုပ်တဲ့ သစ်သားနံ့ မပျောက်ပျက်ဘဲ ရှိနေစေတယ်လို့ဆိုပါတယ်။
ထုတ်လုပ်ရာမှာ အသုံးပြုတဲ့သစ်သားတွေက သစ်ကတိုး၊ဘုစပတ်နဲ့ ချယ်ရီတွေပဲလို့ဆိုပါတယ်။သစ်ကတိုး ၄ ကီလိုဂရမ် ကနေ ၁၅%အယ်လကိုဟော ပါဝင်တဲ့ အရက် ၃.၈ လီတာအထိရနိုင်တယ်လို့ဆိုပါတယ်။ ၁၅% အယ်လကို ဟော ပါဝင်တဲ့အတွက်ဆန်ကထုတ်လုပ်တဲ့ဂျပန်ဆာကေးဝိုင်နဲ့ထပ်တူကျပါတယ်။
သိပ္ပံပညာရှင်အဖွဲ့ထဲက တစ်ဦးဖြစ်တဲ့ Kengo Magara ကတော့ ပိုကောင်းတဲ့ သောက်စရာ အရက်တစ်မျိုး ပေါ်လာတာပါလို့ AFP သတင်းအဖွဲ့ကို ပြောကြားခဲ့ပါတယ်။ သိပ္ပံပညာရှင်တွေဟာ သစ်သားကို ကစော်ဖေါက်ပြီး ဇီဝဓါတ်ငွေ့ရည်ကို ထုတ်လုပ်နိုင်ခဲ့ကြပါပြီ။ ဒါပေမဲ့ အဆိပ်အတောက်တွေနဲ့ အနံ့အရသာမရှိတဲ့အတွက် လူတွေအရက် အဖြစ် သောက်လို့မရခဲ့ပါဘူးလို့ Magara ကဆိုပါတယ်။
Magara က ကျွန်တော်တို့နည်းက သောက်လို့ရပြီး သစ်သားနံ့ရနေတာဟာ သစ်သားကို ပြိုကွဲဖို့အတွက် အပူများများ မသုံးတာ၊ဒါမှမဟုတ် ဆာလဖျူရစ်အက်စစ်မသုံးတာကြောင့်ပါ လို့ ဆိုပါတယ်။ဒါ့အပြင် ဒီထုတ်လုပ်မှုဟာ သမရိုး ကျမဟုတ်တဲ့ တီထွင်မှု ဖြစ်ပြီး သူတို့တက္ကသိုလ်ကလည်း နောက်ထပ်သစ်တောတွေနဲ့ သစ်ပင်တွေကို ဆက်လက် လေ့လာဖို့ ခွင့်ပြုထားတယ်လို့ ဆိုပါတယ်။

Ref:Sky News

Leave a comment

Your email address will not be published. Required fields are marked *