ငွေကို ရေလိုသုံးခဲ့တဲ့ ကုဋေကြွယ်သူဋ္ဌေးတစ်ချို့ရဲ့ မယုံနိုင်စရာ အဖြစ်များ

ချမ်းသာကြွယ်ဝမှုဆိုတာ လူသားတွေအလိုချင်ဆုံးအရာဖြစ်သလို လူအနည်းစုသာ လိုအင်ဆန္ဒပြည့် ဝကြတာဖြစ် ပါ တယ်။ ဒီလူနည်းစုမှာမှ တစ်ချို့တွေက မိမိနေထိုင်ရာလောကကမ္ဘာမြေအတွက် ကောင်းကျိုးသုခတွေကို ပြန်လည် မျှဝေပေးတတ်ကြသလို သူတို့ရှာဖွေစုဆောင်းထားတဲ့ ငွေကြေးတွေကို သုံးစွဲရာမှာလည်း စနစ်တကျသုံး စွဲတတ်ကြ ပါတယ်။ ဒီအထဲမှာတော့ ဘီလ်ဂိတ်ဟာ သက်သေပြစရာ အကောင်းဆုံး လူတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမဲ့ တစ်ချို့ ချမ်းသာကြွယ်ဝသူတွေကတော့ ငွေကြေးကို မိမိရဲ့ လိုအင်ဆန္ဒတစ်ခုအတွက် ရေလိုသုံးစွဲခဲ့ကြတာကတော့ မယုံနိုင်စရာ ဖြစ်သလို တစ်ချို့ဖြစ်ရပ်တွေက ရယ်မောစရာ ဟာသအသွင်တောင် ဆောင်ခဲ့ပါတယ်။ကဲ၊ဘာတွေလဲဆိုတာ လေ့လာကြည့် ကြရအောင်ဗျာ။
(၁) ဘရူနိုင်းဘုရင် Hassanal Bolkiah က သူ့ဆံပင်ညှပ်ဖို့ အရေး ဒေါ်လာ ၁၉၀၀၀ သုံးခဲ့တယ်ဆိုပါလား။ ဟုတ် ပါတယ် ဘရူနိုင်းကနေ မိုင်ပေါင်း၇၀၀၀လောက်ဝေးတဲ့ လန်ဒန်မြို့တော် က နာမည်ကြီး ဆံသဆရာ Ken Modestou ကို စင်ကာပူစင်းလုံးငှားလေယာဉ်နဲ့ တင်ခေါ်ပြီး ဆံပင်ညှပ်တာ အမေရိကန်ဒေါ်လာ ၁၉၀၀၀လောက်ကုန်တယ်လို့ ဆိုပါ တယ်။ တစ်ချို့သတင်းတွေမှာတော့ ၂၄၀၀၀ လို့ တောင်ရေးကြတယ်ဗျ။ ဆံပင်ညှပ်ဆရာ မှာရောဂါတွေပါ လာမှာ စိုးလို့ လေယာဉ်ပေါ်မှာ သူတစ်ယောက်တည်းပဲ တင်တယ်လို့ ဆိုပါတယ်။ ဆံပင်ညှပ်ဆရာဟာ လန်ဒန်မှာ ဆိုရင် တော့ တစ်ခါညှပ်ရင် ပေါင် ၃၀ ပဲရပါတယ်။ လန်ဒန်မှာတော့ ဈေးအကြီးဆုံးနဲ့ အတော်ဆုံးဖြစ်ပြီး Dorchester hotel မှာ သူ့အလုပ်ခန်းရှိပါတယ်။ ဘရူနိုင်းဆူလတန်ဟာ Modestou နဲ့ ဆံပင်ညှပ်တာ နှစ် ၂၀ ကျော်ခဲ့ပြီလို့ သိရ ပါတယ်။
(၂) ဆူလတန်ကြီးရဲ့နောက်ထပ် ငွေကိုရေလိုသုံးတဲ့ နေရာကတော့ ကားစီးတဲ့ ကိစ္စပါ။ သူစီးတဲ့ ကားဖိုးချည်းပဲ ဒေါ်လာ သန်း ၃၀၀ ပတ်ချာလည်လောက်ရှိပြီလို့ ကြွားတတ်သလို သူစီးတဲ့ Rolls Royce ကားတစ်စီးဟာ ဒေါ်လာ ၁၄ သန်း ကျပါတယ်။
(၃) ဘရူနိုင်းဆူလတန်ကြီးကို အားကျမခံ ဆော်ဒီမင်းသား Alwaleed Bin Talal ကလည်း သူစီးမယ့် စိန်စီတဲ့ မာစီဒီး ဘင့်ဇ် ကို ဒေါ်လာ ၄၈ သန်းပေးစီးပါတယ်။ သူစီးတဲ့ ကားပေါင်း ၃၈စီးရှိပြီလို့ ဆိုပါတယ်။
(၄) ဒီတစ်ယောက်ကတော့ နည်းနည်းထူးတယ်လို့ ဆိုရပါမယ်။ သူက ဒူဘိုင်း တော်ဝင်မိသားစုဝင် တစ်ယောက်ဖြစ်တဲ့ Sheikh Hamad Bin Hamdan Al Nahyan ပဲ ဖြစ်ပါတယ်။သူက တော့ UAE(ဒူဘိုင်း) မှာ Al Futaisi လို့ အမည်ရတဲ့ ကျွန်းတစ်ကျွန်းကိုဝယ်ပြီး သူ့နာမည် HAMAD ဆိုတဲ့ စာလုံးကို လပေါ်ကကြည့်ရင်မြင်ရအောင် သဲထဲမှာ နက်နက်တူးပြီး စာလုံးဖေါ်ပါတယ်။ စာလုံးတစ်လုံးစီရဲ့ အရှည်ဟာ ၁ကီလိုမီတာလောက်ရှည်ပြီး အခုတော့ သူ့နာမည် ထွင်းတာတွေဟာ ရေကြောင်းတောင် ဖြစ်နေတယ်လို့ ဆိုပါတယ်။
(၅) နောက်တစ်ယောက်ကတော့ အိန္ဒိယစီးပွားရေးလုပ်ငန်းရှင် ရေနံနဲ့ သဘာဝဓါတ်ငွေ့ ကျားကြီးဖြစ်တဲ့ Mukesh Ambani ပဲ ဖြစ်ပါတယ် ။ သူကတော့ ပုံမှာပြထားတဲ့ အထပ် ၂၇ ထပ်ရှိတဲ့ အိမ်တစ်လုံးကို ဒေါ်လာသန်း၂၀ နဲ့ ဝယ် ယူခဲ့တာပါ။ သူဟာ ယီမင်မှာ မွေးဖွားခဲ့ပြီး သူ့ရဲ့ လက်ရှိအချိန်ချမ်းသာကြွယ်ဝမှုက Forbes အရ ဒေါ်လာ ၄၈.၈ ဘီလီယံရှိတယ်လို့ သိရပါတယ်။
(၆) လူတွေဟာ အရူးတွေလို့ ဆိုစကားရှိသလို လူတစ်မျိုးစီမှာ ရူးသွပ်မှု တစ်မျိုးစီရှိကြပါတယ်။ ဒိအထဲမှာ အမေ ရိကန်က ရင်းနှီးမြှပ်နှံသူ၊အလှူဒါနရက်ရောသူ၊Hedge Fund လို့ ခေါ်တဲ့ ငွေကြေးရန်ပုံငွေ လုပ်ငန်းရဲ့ မန်နေ ဂျာလည်းဖြစ်သူ Steven Cohen လည်းပါတယ်လို့ ဆိုရပါမယ်။ သူကတော့ ပန်ချီအနုပညာရူးလို့ပဲ ဆိုရလေမလား။ Pablo Picasso ရဲ့ ပန်းချီတစ်ချပ်ကို ဒေါ်လာသန်း၁၅၀ ပေးဝယ်ခဲ့ပြီး Willem De Kooning ရဲ့ ပန်းချီကားကိုတော့ ဒေါ် လာ ၁၃၇ သန်းအထိပေးဝယ်ခဲ့ပါတယ်။
(၇) နောက်ထပ် တစ်ယောက်ကတော့အမေရိကန်လူကုံထံအသိုင်းအဝိုင်းက မျက်နှာပလတ်စတ် ဆာဂျရီခွဲစိပ် ပြုပြင် မှု ကြောင့် နာမည်ကျော်တဲ့ Jocelyn Wildenstein ပဲဖြစ်ပါတယ်။ဆွစ်ဇာလန်မှာမွေးခဲ့ပြီး လုပ်ငန်းရှင်သူဋ္ဌေး သူမ အမျိုးသားAlec Wildenstein နဲ့ ၁၉၉၉ ခုနှစ်မှာ ကွာရှင်းခဲ့ရာမှာ ဒေါ်လာ ၂.၅ ဘီလီယံ ရခဲ့သူဖြစ်ပါတယ်။ သူမရဲ့ တစ်နှစ်ဖုန်းဘီလ်ဟာ ဒေါ်လာ ၆၀၀၀၀ နဲ့ အစာစားတာနဲ့ ဝိုင်ဖိုးက ဒေါ်လာ ၅၄၇၀၀၀ ရှိတယ်လို့ သိရပါ တယ်။ သူမရဲ့မျက်နှာခွဲစိပ်မှုအတွက်တော့ဒေါ်လာ၄သန်းလောက်သုံးခဲ့တယ်တဲ့ဗျာ။
(၈) ကမ္ဘာကျော် Chelsea ဘော်လုံးအသင်း ကိုတော့ လူတိုင်းနီးပါးလောက်ကြားဖူးကြမယ်ထင်ပါတယ်။ ဒီအသင်း ပိုင်ရှင် Roman Abramovich ကတော့ ဒေါ်လာ သန်း၄၅၀ တန်တဲ့ ဧရာမအပျော်စီးလှေကြီးကို ဝယ်စီးပါ တယ်။ သူဟာ ရုရှားမွေး ဂျူးလူမျိုးတစ်ဦးဖြစ်ပါတယ်။ ဒီလှေကြီးဈေးကြီးတာလည်း မပြောနဲ့တော့၊ ဒုံးကျည်ကိုတောင် ထောက် လှမ်းနိုင်တဲ့ စနစ်တွေပါတယ်လေ။
(၉) အထက်မှာရေးခဲ့သလို ဘီလ်ဂိတ်သူဋ္ဌေးကြီးကတော့ အလှူဒါနရက်ရောသူပီပီ Codex Leicester လို့ အမည် ရတဲ့ Leonardo Da Vinci ရဲ့လက်ရေးမူ မှတ်တမ်းကို ၁၉၉၄ခုနှစ်မှာ ဒေါ်လာသန်း ၃၀ကျော် ပေးပြီး ဝယ်ယူခဲ့ကာ ပြတိုက်ကိုလှူဒါန်းခဲ့ပါတယ်။ အဲဒီတုန်းက တန်ဖိုးအတိအကျဆိုရင် ဒေါ်လာ ၃၀၈၀၂၅၀၀ ဖြစ်ပါတယ်။ ခုဆိုရင် ဘယ်လောက်တန်လေမလဲ စဉ်းစားကြည့်ပေါ့။
(၁၀) အချိန်လေးသိရုံလောက်နဲ့ အင်မတန်ဈေးကြီးပြီး ရှုတ်ထွေးတဲ့ အိတ်ဆောင်နာရီတစ်လုံးကို ဝယ်ယူဖို့ ဆိုတာ တွေးကြည့်ရင် မဖြစ်နိုင်လောက်ဘူးလို့ ထင်စရာပါ။ ဒါပေမဲ့ ဒေါ်လာ ၂၈ သန်းတန်တဲ့ ဖေါ်ပြပါနာရီကြီးတစ်လုံးကိုတော့ အမည်မဖေါ်လိုသူတစ်ဦးကဝယ်ယူသွားခဲ့ပါတယ်။ နာရီက ရွှေနဲ့ လုပ်ထားပြီး အထူ ၇ စင်တီမီတာရှိကာ အလေးချိန် တစ်ပေါင်နီးပါးလေးတယ်လို့ သိရပါတယ်။အချိန်တစ်ခုအတွက်မဟုတ်တာတော့ သေချာပါတယ်။
(၁၁) နောက်ဆုံး ဖေါ်ပြချင်တဲ့ ငွေကို ရေလိုသုံးတဲ့ ကိစ္စတစ်ခုကတော့ အထက်မှာဖေါ်ပြခဲ့တဲ့ ဘရူနိုင်းဆူလတန်ကြီး စီးတဲ့ ကိုယ်ပိုင်ဂျက်လေယာဉ်ပါပဲ။ အေးလေ၊သူက ဆံပင်ကိုတောင် ဒေါ်လာ ၂၀၀၀၀ လောက်အကုန်ခံပြီး ညှပ်တယ် ဆို တော့ သူစီးတဲ့ ကိုယ်ပိုင်ဂျက်ကလည်း ရွှေအတိပေါ့ဗျာ။ Airbus 380 အမျိုးအစားဖြစ်ပြီး ဒေါ်လာ သန်း ၅၀၀ တဲ့ဗျာ။
နိဂုံးချုပ်အနေနဲ့ တင်ပြချင်တာကတော့ ဒီလူတွေဒီလောက်ချမ်းသာကြပြီး ရေလိုသုံးနိုင်ကြတဲ့ အချိန်မှာ ကမ္ဘာ့တစ် နေရာမှာတော့ စားရမဲ့၊သောက်ရမဲ့ အိုးအိမ်မရှိတဲ့ ခြေသလုံးအိမ်တိုင်တွေ၊ဒုက္ခသည်တွေ မရေတွက်နိုင် လောက် အောင် ရှိနေသေးတယ်ဆိုတာ သတိရကြစေချင်ပါတယ်။ လူသားအချင်းချင်း ကူညီရိုင်းပင်းနိုင်ကြပါစေဗျာ။

ကိုးကား။Viralxfiles

Leave a comment

Your email address will not be published. Required fields are marked *