စင်္ကာပူနိုင်ငံ တိုးတက်ရခြင်း လျှို့ဝှက်ချက် (သို့မဟုတ်) MPH

ဒီကနေ့ ကမ္ဘာပေါ်မှာ အအောင်မြင်ဆုံးလူ့ အဖွဲ့အစည်းတစ်ခုကိုပြပါလို့ဆိုရင် စင်္ကာပူနိုင်ငံရဲ့ လူ့အဖွဲ့အစည်းကိုပဲ လက်ညှိုးထိုးပြရပါလိမ့်မယ်။ ဘာကြောင့် အောင်မြင်တိုးတက်ရတာလဲ။ နိုင်ငံခေါင်းဆောင်တွေရဲ့ သူမတူတဲ့ ဦးဆောင် မှုကြောင့်ပဲဖြစ်ပါတယ်။၁၉၆၅ ခုနှစ် မလေးရှားဆီကနေလွတ်လပ်ရေးရလာတဲ့ အချိန်မှာ စင်္ကာပူရဲ့ တစ်ဦးချင်း ဝင်ငွေဟာ အာဖရိကက ဂါနာနိုင်ငံလိုပဲ ဒေါ်လာ ၅၀၀ပဲ ရှိခဲ့ပါတယ်။ ဂါနာလို ဖရိုဖရဲနဲ့ အစာရေစာငတ်မွတ်ခေါင်းပါးတဲ့ အဆင့်ကိုမရောက်ခဲ့ရင်တောင် အာဟာရပြည့်ပြည့်၀၀စားသောက်နိုင်တဲ့ အဆင့်အတန်းမရှိခဲ့ပါဘူး။ ဒီနေ့အချိန်ခါမှာ တော့ စင်္ကာပူရဲ့ တစ်ဦးချင်းဝင်ငွေဟာ ၂၀၁၇ ဒီဇင်္ဘာစာရင်းအရ ဒေါ်လာ ၅၅၂၃၅.၅၁ အထိရှိသွားပြီဖြစ်ပြီး ကမ္ဘာ ပေါ်မှာဆွစ်ဇာလန်နဲ့သြစတြေးလျပြီးရင်တတိယအများဆုံးနိုင်ငံတစ်နိုင်ငံဖြစ်လာခဲ့ပါပြီ။
အတိတ်က စာရင်းတွေကို ပြန်လှန်ကြည့်မယ်ဆိုရင် ၁၉၆၀ခုနှစ်ကာလတွေမှာ မြန်မာနိုင်ငံရဲ့ တစ်ဦးချင်းဝင်ငွေဟာ ဒေါ်လာ ၄၁၀ လောက်ကနေ ၆၇၀ လောက်အထိ ရှိခဲ့တာကြောင့် အဲဒီအချိန်မှာ အင်ဒိုနီးရှားရဲ့ ၃ဆရှိခဲ့ပြီး ထိုင်း နိုင်ငံထက် ၂ဆ ပိုခဲ့ပါတယ်။ ဆယ်စုနှစ်ပေါင်း ငါးဆယ်ကျော်ကြာပြီးတဲ့ ၂၀၁၇ ခုနှစ်မှာတော့ စင်ကာပူရဲ့ ဝင်ငွေဟာ မြန်မာထက် ၃၇ ဆ ကျော်ထိ တိုးတက်အောင်မြင်မှုရရှိခဲ့ပါတယ်။မြန်မာရဲ့ တစ်ဦးချင်းဝင်ငွေဟာ ပျှမ်းမျှတစ်နှစ် ကို ဒေါ်လာ ၁၅၀၀အောက်ပဲ ရှိပါသေးတယ်။ စင်ကာပူရဲ့တိုးတက်အောင်မြင်မှုအရ နိုင်ငံကို ဦးဆောင်ခဲ့ကြသူတွေမှာ သူမတူတဲ့ ခေါင်းဆောင်မှု အရည်အချင်းကြောင့်လို့ တင်ပြခဲ့ပြီးဖြစ်ပါတယ်။ ဒါဆိုရင် မြန်မာနိုင်ငံတော်ကြီးကို ဆင်းရဲတွင်း ထဲကို ရောက်သွားအောင်ဦးဆောင်ခဲ့ကြသူတွေဟာလည်း သူမတူအောင်ညံ့ဖျင်းတဲ့ခေါင်းဆောင်မှုလို့ ကောက်ချက်ချရ မှာဖြစ်ပါတယ်။ ဒါပေမဲ့ မြန်မာခေါင်းဆောင်အဆက်ဆက်မှာတော့ တိုင်းပြည်ဆင်းရဲတွင်းနက်သွားရတဲ့ အကြောင်းပြချက် တွေများစွာရှိနေမှာတော့ မလွဲပါဘူး။
ဘယ်လိုပဲဖြစ်ဖြစ် အတိတ်ဟာပြီးဆုံးခဲပြီမို့ သင်ခန်းစာယူစရာပဲကျန်ပါတော့တယ်။ မျိုးဆက်သစ်တွေအနေနဲ့ အတိတ်မှာ အချိန်ကုန်ခံနေလို့မရပါဘူး။ ဒါဆိုရင် စင်ကာပူခေါင်းဆောင်တွေရဲ့ သူမတူတဲ့ ဦးဆောင်မှုဆိုတာကို သင်ခန်းစာယူဖို့ လို ပါတယ်။ စင်ကာပူခေါင်းဆောင်တွေဆီက ယူစရာသင်ခန်းစာကတော့ ဝေါဟာ ၃ လုံးတည်းသာဖြစ်ပြီး အင်မတန် ရိုးရှင်း ပါတယ်။ အတိုကောက်ဆိုရင်တော့ MPH လို့ပဲ မှတ်ယူနိုင်ပါတယ်။
M( Meritocracy)
မြန်မာလိုဆိုရင် အရည်အချင်းရှိတဲ့လူကို ချီးမြှင့်မြောက်စားပြီးနေရာပေးတဲ့ စနစ်ဖြစ်ပါတယ်။ အခုလို ခေါင်းဆောင်မှု အကြောင်းတွေ တွင်တွင်သုံးနှုန်းပြောဆိုနေကြတဲ့ ခေတ်မှာ Meritoracy ဟာ ခေါင်းဆောင်မှုအတွက် အင်မတန် အရေးပါမှန်းလူတိုင်းသိနိုင်ပါတယ်။ ဒါပေမဲ့ တကယ်ကျင့်သုံးနိုင်ကြပါရဲ့လား။ ခေါင်းဆောင်ဆိုတာ နောက်လိုက်မွေးတာ မဟုတ်ဘူး၊ခေါင်းဆေင်တွေဖြစ်လာအောင် မွေးထုတ်တာပါလို့ အပြောလွယ်သလောက် ကိုယ့်ကိုကျော်တက်မယ့်သူ၊ ကိုယ့်ထက်တော်တဲ့ သူတွေကို နေရာပေးဖို့ မြန်မာ့လူ့ဘောင်မှာ အဆင်သင့်ဖြစ်ပါပြီလား။တော်တာမတော်တာထက် ကိုယ့်အပေါ်သစ္စာရှိဖို့ ၊ကိုယ်ခိုင်းတာလောက်ပဲလုပ်တတ်တဲ့သူ၊ကိုယ့်သွေး၊ကိုယ့်သား၊ကိုယ့်ဆွေမျိုးတွေကိုသာ နေရာ ပေးတာမျိုးကြောင့် လူတော်တွေအစွမ်းပြခွင့်မရတာဟာ တိုင်းပြည်အတွက် အင်မတန်နစ်နာပါတယ်။ ဒီလိုM နဲ့ ဝေး လေ လေတိုင်းပြည်ကနောက်ကိုရောက်လေလေဖြစ်နေဦးမှာပါပဲ။
P (Pragmatism)
မြန်မာလို ဆိုရင်တော့ သီအိုရီသဘောတရားထက် လက်တွေ့ကျတဲ့ မူဝါဒ၊လက်တွေ့အကျိုးကို ရှေ့ရှုတဲ့ ဝါဒဖြစ်ပါတယ်။ ဒီမူဝါဒကို ကွင်းကွင်းကွက်ကွက်မြင်အောင်ပြောရမယ်ဆိုရင်တော့ မြို့ရွာတွေရဲ့ လူတကာမြင်နိုင်တဲ့ လမ်းဆုံလမ်းခွတွေမှာ ဆိုင်းဘုတ်အကြီးကြီးထောင်ပြီး ဘာတစ်ခုမှ ဆိုင်းဘုတ်ထဲကအတိုင်းဖြစ်မလာတဲ့ ဝါဒနဲ့တော့ လုံးဝဆန့်ကျင်ပါတယ်။ အစည်းအဝေးပေါင်းမြောက်မြားစွာလုပ်ပြီး အလုပ်ပြီးမြောက်မှုနည်းတဲ့စနစ်မဟုတ်ပါဘူး။ မြန်မာ့အားကစား ကမ္ဘာကို လွှမ်းရမည်လို့ ကြွေးကြော်ပြီး လက်တွေ့မှာ အလှမ်းဝေနေတာမျိုးပေါ့။ စင်ကာပူခေါင်းဆောင်တွေဟာ နိုင်ငံ တိုးတက်ဖို့ အတွက် သဘောတရားထက် လက်တွေ့ အကျိုးရလဒ်ကို ရည်မျှော်ပြီး လက်တွေ့ဆန်စွာ ဦးဆောင်ခဲ့ကြသူတွေ ဖြစ်ပါ တယ်။
H (Honest)
ဒီအကြောင်းတော့ သိပ်ပြီးရေးပြစရာမလိုလောက်ဘူးထင်ပါတယ်။ လူ့အဖွဲ့အစည်းတစ်ခုကိုဦးဆောင်တဲ့ ခေါင်းဆောင် ဆို သူတွေကစပြီး မရိုးသားရင် အကျိုးဆက်အနေနဲ့ ဘာတွေဖြစ်လာမလဲဆိုတာကတော့ မြန်မာတွေအတွက် အထူးအထွေ သာဓကတွေနဲ့ ပမာပြစရာမလိုလောက်အောင်ကို မှတ်မိပြီးသားဖြစ်နေမှာမလွဲပါဘူး။
နောက်ဆုံးအနေနဲ့ တင်ပြချင်တာက အောင်မြင်ရေးလောကမှာ ပြောကြတာရှိပါတယ်။ အောင်မြင်ချင်ရင် လက်တွေ့ အောင်မြင်ပြီးသူတွေ လုပ်သလိုလိုက်လုပ်ဖို့ပါ။ တကယ်တော့ စင်ကာပူခေါင်းဆောင်တွေဟာ ရိုးရိုးရှင်းရှင်းလေးနဲ့ နိုင်ငံ ကိုဦးဆောင်သွားခဲ့ကြတယ်။ ရေတောင်ဝယ်သောက်ရတဲ့ ပြည်သူတွေကို ဘဝအခြေအနေတွေတိုးတက်သာယာပြီး နေ ချင်စဖွယ်လူ့အဖွဲ့အစည်းကို ထူထောင်ခဲ့ကြတယ်။ အဲဒီနည်းလမ်းကတစ်ခြားမဟုတ်ပါဘုး။ MPH ပါပဲဗျာ။မြန်မာပြည်ကြီး အမြန်ဆုံးတိုးတက်ဖွံ့ဖြိုးပါစေ။

ကိုးကား။ ။Huffpost:Why Singapore Is the World’s Most Successful Society by Kishore Mahbubani

Leave a comment

Your email address will not be published. Required fields are marked *