စီးပွားရေးလုပ်ငန်းရှင်လား၊စွန့်ဦးထွင်လား

မြန်မာနိုင်ငံမှာ ဈေးကွက်စီးပွားရေး စနစ်ကို စတင်ကျင့်သုံးလာတဲ့ အချိန်ကစပြီး စီးပွားရေးလုပ်ငန်းရှင်( Business Owner) နဲ့ စွန့်ဦးထွင်လုပ်ငန်းရှင် (Entrepreneur) ဆိုတဲ့ အသံတွေကို ကျယ်ကျယ်လောင်လောင်ကြားလာခဲ့ရတာ အများပြည်သူတွေလည်း ကြားသိပြီးဖြစ်ပါလိမ့်မယ်။ စီးပွားရေးပညာရှင်ဆိုသူတွေကလည်း ဆယ်စုနှစ်ချီပြီး ဟော ပြောပို့ချမှုတွေကို လုပ်လာခဲ့ကြတာ အတော်များများက တက်ရောက်နားထောင်ဖူးကြပါလိမ့်မယ်။ ဒီဝေါဟာရ နှစ်ခုမှာ အခုနောက်ပိုင်း မြန်မာနိုင်ငံမှာ ပိုပိုပြီးအပြောများလာတာက စွန့်ဦးထွင်ဆိုတဲ့ အသုံးအနှုန်းပဲ ဖြစ်ပါတယ်။ ဘာကြောင့် လဲဆိုတော့ ဒီနိုင်ငံအတွက် အရေးတကြီးလိုအပ်နေတာက သာမန်စီးပွားရေးလုပ်ငန်းရှင်ထက် စွန့်ဦးထွင် လုပ်ငန်းရှင် တွေဖြစ်နေလို့ပါပဲ။ အင်္ဂလိပ်ဝေါဟာရဖြစ်တဲ့ Entrepreneur ဆိုတဲ့ ဝေါဟာရဟာ မူရင်း ပြင်သစ် ဘာသာစကား Entreprendre (တာဝန်ယူမှု) မှ ဆင်းသက်လာတာဖြစ်ပါတယ်။ ဒီဝေါဟာရကို စွန့်ဦးတီထွင် လုပ်ငန်းရှင် လို့ မြန်မာမှုပြုလိုက်တဲ့ လူပုဂ္ဂိုလ်ကိုလည်း တကယ်ချီးကျူးထိုက်ပါပေတယ်။

ဒီနှစ်ဦးရဲ့ အဓိက တူညီတဲ့အချက်ကဘာလဲ
စီးပွားရေးလုပ်ငန်းရှင် နဲ့ စွန့်ဦးထွင်လုပ်ငန်းရှင် နှစ်ဦးစလုံးမှာ တူညီတဲ့ အဓိက အချက်ကတော့ စွန့်စားမှု အန္တရာယ်ဆိုတဲ့ Risk ပါပဲ။ စီးပွားရေးလုပ်ငန်းတိုင်းက အမြတ်ရဖို့ ဦးတည်ကြပေမယ့် အရှုံးဆိုတဲ့ အန္တရာယ်က အမြဲအနားမှာရှိနေတတ်တာကြောင့် သာမန်လူတွေက ဒါကို စိုးရိမ်ကြောက်ရွံ့တတ်ကြပါတယ်။လူသာမန်တွေက ကျောင်းသွားမယ်။ဘွဲ့ယူမယ်။အလုပ်ဝင်မယ်။ လကုန်ရင်လစာရမယ်။ အချိန်တန်ရင် ပင်စင်ရမယ်။ ဒီလူတွေရဲ့ နေ့စဉ် ဘဝမှာ စွန့်စားမှုအင်မတန်နည်းပါတယ်။ လုပ်ငန်းရှင်တွေနဲ့ စွန့်ဦးထွင်သူတွေမှာကတော့ စွန့်စားမှု ဆိုတာ ရှိကိုရှိတဲ့အရာပါ။ လူသာမန်တွေနဲ့ ဒီနှစ်ဦးကို အဓိကပိုင်းခြားလိုက်တာကလည်း ဒီ စွန့်စားမှုဆိုတဲ့ တံတိုင်းပဲ ဖြစ်ပါတယ်။ လူအများစုကဒီတံတိုင်းကိုမကျော်ဖြတ်နိုင်တဲ့အတွက် လုပ်ငန်းရှင်တွေရဲ့ လုပ်ငန်းစနစ်အတွက်ပဲ အလုပ် လုပ်ကြရတဲ့ အလုပ်သမား။ဝန်ထမ်းတွေဖြစ်လာကြရပါတယ်။
စွန့်ဦးထွင်တွေက သာမန်စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ဘာကွာသလဲ
စွန့်ဦးတီထွင်လုပ်ငန်းရှင်ဆိုတဲ့ မြန်မာစကားအတိုင်း စွန့်ဦးထွင်တစ်ယောက်ဟာ စွန့်စားရုံနဲ့တင်မပြီးပါဘူး။ သူ့ရဲ့ အဓိက လုပ်ဆောင်ချက်က ဦးဦးဖျားဖျားတီထွင်ဆန်းသစ်နိုင်မှု Innovation ပဲဖြစ်ပါတယ်။ သူတို့တွေဟာ လုပ်ငန်း အသစ်၊ထုတ်ကုန်အသစ်၊ဝန်ဆောင်မှုအသစ်အဆန်းနဲ့ ဈေးကွက်အသစ်အဆန်းကိုဖန်တီးပြီး တိုင်းပြည်ရဲ့ ဝင်ငွေ ကို တိုးတက်အောင်ဖန်တီးပေးတဲ့သူတွေ ဖြစ်ကြတယ်။ သူတို့ရဲ့ထုတ်ကုန်နဲ့ ဝန်ဆောင်မှု အသစ်ကြောင့် လူမှုဘဝ တွေကို အပြောင်းအလဲတွေဖြစ်စေတယ်။ ပြည်သူတွေရဲ့ဝင်ငွေတွေကို တိုးတက်မျှတအောင် လုပ်ဆောင်ပေးနိုင်တယ်။ ဒါကြောင့် လည်း ဒီနိုင်ငံအတွက် စွန့်ဦးထွင်နိုင်သူတွေ အရေးတကြီးလိုအပ်နေတယ်လို့ အထက်မှာ တင်ပြခဲ့တာဖြစ် ပါတယ်။ ဒီလိုဖန်တီးနိုင်ဖို့ သူတို့နဲ့ လက်ပွန်းတတီးရှိတဲ့စကားလုံးကတော့ Adventure ပါ။ ဒါကြောင့်လည်း Virgin လုပ်ငန်းရှင် သူဋ္ဌေး ရစ်ချတ်ဘရန်ဆန်က “Entrepreneurs and Adventures go together.” လို့ ဆိုပါတယ်။ ကဲ၊စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေရဲ့ အဓိကတူညီတဲ့ အချက်နဲ့ ကွဲပြားခြားနားချက်ကို အကျဉ်းမျှတင်ပြခဲ့ပြီးပါပြီ။ နောက်ဆုံတင်ပြလိုတာက စွန့်ဦးထွင်လုပ်ငန်းရှင်တိုင်းဟာ စီးပွားရေးတစ်ခုကို ထူထောင် လုပ်ကိုင်ကြတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေဖြစ်ကြပေမယ့် စီးပွားရေးလုပ်ငန်းတစ်ခုကို ထူထောင်လုပ်ကိုင်ကြသူတိုင်း ကတော့ စွန့်ဦးထွင်လုပ်ငန်းရှင်တွေမဟုတ်ကြပါဘူးဆိုတာပါပဲ။ စွန့်ဦးထွင်တွေများများပေါ်ထွက်လာပြီး ပြည်သူတွေရဲ့ လူမှုဘဝတွေ အမြန်ဆုံးတိုးတက်ကြပါစေ။

Leave a comment

Your email address will not be published. Required fields are marked *