ဇီဝမျိုးစုံမျိုးကွဲများနှင့်သဘာဝနယ်မြေများဆိုင်ရာ ဥပဒေကြမ်းကို အတည်ပြုပြဌာန်း

နိုဝင်ဘာလ ၉ရက်နေ့တွင် ပြန်သူ့လွှတ်တော်မှ ယခင် “တောရိုင်းတိရစ္ဆာန် နှင့် သဘာဝအပင်များ ကာကွယ်ရေးနှင့် သဘာဝနယ်မြေများ ထိန်းသိမ်းရေး ဥပဒေကြမ်း” လို့ခေါ်ခဲ့တဲ့ ဥပဒေကြမ်းကို ယခု “ဇီဝမျိုးကွဲများနှင့် သဘာဝနယ်မြေများဆိုင်ရာ ဥပဒေကြမ်း” ဟု အမည်ပြောင်းလဲပြီး အတည်ပြုပြဌာန်းလိုက်ပါတယ်။

အဓိက ကတော့ ရှားပါးတိရစ္ဆာန်တွေကို နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှု၊ သဘာဝနယ်မြေတွေ သတ်မှတ်စီမံခန့်ခွဲမှုနဲ့ ပတ်သက်တဲ့ နိုင်ငံတကာစဉ်းမျဉ်းနှင့် လိုက်လျောညီထွေဖြစ်အောင် ဒီဥပဒေကြမ်းမှာ ထည့်သွင်းရေးသားထားတယ်လို့ ပြည်သူ့လွှတ်တော် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ကော်မတီ ဥက္ကဌဖြစ်သူ ဦးစိုးသူရထွန်း၏ ပြောကြားခဲ့ချက်အရသိရပါတယ်။

ထို့ပြင် ၎င်းမှ ၂၀၁၇ခုနှစ် ဇန်နဝါရီလတုန်းကမှ မျိုးဆက်ပျက်သုဉ်းလုဆဲ တောရိုင်းတိရစ္ဆာန်နှင့် သစ်ပင်ပန်းမန် နိုင်ငံတကာ ကုန်သွယ်မှုဆိုင်ရာသဘောတူညီချက်ကို မြန်မာနိုင်ငံမှ လက်မှတ်ရေးထိုးထားခဲ့ပြီး ယခုဥပဒေကြမ်းတွင် ဒီအချက်တွေကို ထည့်သွင်းထားတယ်လို့ ဆက်လက်ပြောကြားခဲ့ပါတယ်။

တောရိုင်းတိရစ္ဆာန်တွေဟာ သာမန်အမဲလိုက်ပြီး စားသောက်ကြတဲ့ ရိုးရာအမဲလိုက်သမားတွေ အတွက်ကြောင့် သိသာတဲ့ ထိခိုက်မှုမရှိပေမဲ့ တောရိုင်းတိရစ္ဆာန်တွေကို သတ်ဖြတ်ရောင်းချပြီး ကုန်သွယ်မှုကြောင့် မျိုးသုဉ်းနိုင်သော အန္တာရယ် ကျရောက်နိုင်တယ်လို့ Smitsonian Institute မှ မြန်မာနိုင်ငံဆိုင်ရာ ညှိုနှိုင်းရေးမှူး ဦးအောင်မျိုးချစ်က ပြောကြားပါတယ်။

မြန်မာနိုင်ငံမှာ ကျား၊ဆင် အပါအဝင် တောရိုင်းတိရစ္ဆာန်တွေကို ဖမ်းဆီးသတ်ဖြတ်ပြီး အရေခွံ၊ အစွယ်၊ သွေး အစရှိတာတွေကို တရားမဝင် ကုန်သွယ်မှုပြုလုပ်နေတဲ့ ပြဿနာဟာ အကြီးမားဆုံးဖြစ်ပြီး ယခုအချိန်ထိတိုင်အောင် ထိန်းချုပ်ရခက်ခဲနေပါတယ်။ မြန်မာ့ကျားကောင်ရေဟာ ဆယ်ဂဏန်းသာကျန်ရှိတော့ပြီး အရင်က ပေါများခဲ့သော သင်းခွေချပ်လို့ခေါ်တဲ့ သတ္တဝါဟာ ယခုအချိန်မှာ အကောင်အရေ မရေတွက်နိုင်လောက်အောင်ကို နည်းပါးနေပြီဖြစ်ပါတယ်။

ဒီပြဿနာတွေကို ပြဌာန်းလိုက်တဲ့ “ဇီဝမျိုးကွဲများနှင့် သဘာဝနယ်မြေများဆိုင်ရာ ဥပဒေကြမ်း”မှ ထိထိရောက်ရောက် ကာကွယ်မှုပေးသွားဖို့ လိုအပ်နေပြီဖြစ်ပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *