တစ်ကမ္ဘာလုံးဆိုင်ရာ ဆရာများဆုကို ရရှိခဲ့တဲ့ ကင်ညာက ကျောင်းဆရာ

အာရပ်စော်ဘွားနိုင်ငံ UAE မှနာမည်ကျော်ဒူဘိုင်းမြို့တော်မှာ မတ်လ ၂၄ရက်နေ့ တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ တစ် ကမ္ဘာလုံးဆိုင်ရာ ဆရာများဆုပေးပွဲကြီးမှာ ကင်ညာနိုင်ငံက နှလုံးလှတဲ့ သိပ္ပံကျောင်းဆရာ Peter Tabichi ဟာ တစ်ကမ္ဘာလုံးဆိုင်ရာ ဆရာများဆုနဲ့အတူ ဆုကြေးငွေ ဒေါ်လာတစ်သန်းကို ဆွတ်ခူးသွားခဲ့တာဖြစ်ပါတယ်။

PeterTabichi ဟာ ကင်ညာနိုင်ငံမှဝေးလံခေါင်ဖျားပြီး ဆင်းရဲနွမ်းပါးတဲ့Pwaniရွာရှိကလေးများပညာတတ်မြောက် ရေးအတွက် မိမိကိုယ်ကျိုးကိုမငဲ့ပဲ စေတနာအပြည့်ဖြင့် သင်ကြားပေးနေတဲ့ သိပ္ပံကျောင်းဆရာတစ်ဦး ဖြစ်ပါတယ်။ Pwani ရွာဟာ မိုးခေါင်ပြီး မကြာခဏ အစာငတ်မွတ်တဲ့ ဘေးကိုရင်ဆိုင်နေရတဲ့ ရွာလေးဖြစ်သလို ၎င်းရွာရှိ ကလေး တွေရဲ့ ၃ပုံ ၁ပုံဟာ မိဘမဲ့များဖြစ်ကြပါတယ်။

အသက် ၁၁နှစ်နဲ့ ၁၆နှစ်ကြားရှိတဲ့ Pwani ရွာမှ ကျောင်းသားတွေဟာ ဟောင်းနွမ်းနေတဲ့ ကျောင်းလေးမှာ ကွန် ပြူတာတစ်လုံးတည်းသုံးကာ ပြတ်တောင်းပြတ်တောင်းဖြစ်နေတဲ့ အင်တာနတ်လိုင်းနဲ့ ပညာသင်ယူနေရတာ  ဖြစ်တယ်လို့ သိရပါတယ်။ Mr.Tabichi ဟာ အသက် ၁၁နှစ်အရွယ်မှာ မိခင်သေဆုံးခဲ့ပြီး ဖခင်နဲ့ပဲနေခဲ့ရတာ ဖြစ်ပါတယ်။ Mr.Tabichi ဟာ ဆုပေးတဲ့အချိန်မှာ သူ၏ဖခင်ကို ဆင်မြင့်ပေါ်သို့ ဖိတ်ခဲ့ပြီး သူကိုယ်တိုင်ဆုကိုမယူဘဲ ဖခင်ကို ယူစေခဲ့ တယ်လို့ သိရပါတယ်။

ကင်ညာသမ္မတ Uhuru Kenyatta က Mr.Tabichi ဒီဆုကို ရယူနိုင်ခဲ့တာဟာ အာဖရိကမှာ သမိုင်းတွင်ခဲ့ပြီ ဖြစ် ပါတယ်။ သင်ဟာ ကျွန်ုပ်ကို ယုံကြည်မှုတွေ ပေးနိုင်ခဲ့ပြီး ကျွန်တော်တို့အတွက် အကောင်းဆုံးနေ့ရက်တွေကို ယူ ဆောင် နိုင်ခဲ့တာဖြစ်သလို အနာဂါတ်မျိုးဆက်သစ်တွေ အတွက်လည်း လမ်းပြပေးနိုင်ခဲ့တာဖြစ်တယ်လို့ ချီးမွမ်းစကား ပြောခဲ့ပါ တယ်။

တစ်ကမ္ဘာလုံးဆိုင်ရာ ဆရာများဆုကို Varkey Foundation မှ ပေးတာဖြစ်ပြီး ပညာရေးမှာ ကျွမ်းကျင်တဲ့ ဆရာ များ၊ journalistများ၊ တာဝန်ရှိသူများ၊ လုပ်ငန်းရှင်များ၊ စီးပွားရေးခေါင်းဆောင်များနဲ့ ကမ္ဘာတစ်ဝန်းမှ သိပ္ပံပညာ ရှင်များက စီစစ်ပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Source : The New York Times

Leave a comment

Your email address will not be published. Required fields are marked *