တစ်နေ့ထက်တစ်နေ့ ပိုအရေးကြီးလာတဲ့ ငွေကြေးပညာရေး

အကြွေးတင်ရင် ဘုရင်ဆပ်လိမ့်မယ်လို့ ပြောကြတာကြားဖူးကြပါလိမ့်မယ်။ အမှန်တော့ အကြွေးတင်ရင် ဘုရင် ဆပ်မှာ မဟုတ် ပါဘူး။ အကြွေးတင်ရင် တကယ်ဆပ်ရမယ့်သူက သင်ပဲ ဖြစ်ပါတယ်။ ရုပ်ဝတ္ထုတွေ တိုးတက်လာတာနဲ့အမျှ လူတွေရဲ့ စိတ်ပိုင်းဆိုင်ရာလိုအင်တွေလည်း များသထက်များလာပါလိမ့်မယ်။ဒီ့အတွက် လူတစ်ဦးချင်းစီမှာ အကြွေးဆိုး တွေလည်းများလာမှာသေချာပါတယ်။ အရင်တုန်းက ခရက်ဒစ်ကဒ်ဆိုတာကို စာတွေထဲမှာပဲ ဖတ်ဖူး၊တွေ့ဖူးကြပေမယ့် ဒီနေ့ မြန်မာလူငယ်တွေရဲ့ လက်ကိုင်အိတ်တွေထဲမှာ မြင်တွေ့နေကြရပါပြီ။ ကဲ၊ဒီတော့ နောင်မကြာတော့မယ့်ကာလမှာ မြန်မာတွေ အကြွေးဆိုးတွေ ပိလာတော့မယ်ဆိုတာ သေချာနေပါပြီ။
အကြွေးဆိုးတွေမများပါစေနဲ့။အကြွေးကောင်းတွေများပါစေ
ဘာအကြွေးတွေပိလာနိုင်ပါသလဲ။မိတ်ဆွေရဲ့စိတ်ကိုမထိန်းချုပ်နိုင်တဲ့ အတွက် တင်လာတဲ့ အကြွေးဆိုးတွေ ပိလာနိုင်ပါ တယ်။ စီးပွားရေးအရင်းအနှီးအတွက် လိုအပ်တဲ့ ချေးငွေ၊တနည်းပြောရရင် ချေးယူသူကို ဝင်ငွေဖြစ်လာအောင်ဖန်တီး ပေးနိုင်တဲ့ အကြွေးကောင်းဖြစ်ဖို့ အလာအလာကတော့ အင်မတန်နည်း ပါလိမ့်မယ်။ ခုနေခါ အိမ်ကြွေး၊ကားကြွေး ဆိုတာ တွေတောင်မက တော့ဘဲ နိုင်ငံခြားခရီးစဉ်တွေအထိအကြွေးနဲ့ ခရီးသွားဖို့ ဆွဲဆောင်နေကြပါပြီ။မိတ်ဆွေရဲ့ စိတ်ခံစားမှု နောက် ကို လိုက်ပါရင်းနဲ့ အကြွေးဆိုးတွင်းထဲကို ရောက်မှန်းမသိရောက်သွာနိုင်ပါတယ်။ဒီလိုဆိုရင်တော့ မိတ်ဆွေရဲ့ အနာဂတ်ကို ကြွေးရှင်တွေလက်ထဲကို ထိုးအပ်သလိုဖြစ်သွား ပါလိမ့်မယ်။
လူအများစု အကြွေးဆိုးသံသရာထဲက ဘာကြောင့်မထွက်နိုင်ကြတာလဲ
အကြောင်းကတော့ ကမ္ဘာပေါ်က စာသင်ကျောင်းတွေအများစုဟာ ငွေကြေးပညာရေးကို သင်မပေးနိုင်ကြလို့ပဲလို့ အမေ ရိကန် လုပ်ငန်းရှင်၊စာရေးဆရာ ရောဘတ်တီကီယိုဆာကီက ပြောခဲ့ဖူးပါတယ်။Rich Dad Poor Dad နဲ့ ကမ္ဘာ ကျော်ခဲ့သူ ဖြစ်ပါတယ်။ သူ့အဆိုကို ပိုထင်ရှားအောင်ဥပမာပေးရရင် စီးပွားရေးဘွဲ့မရခဲ့တဲ့အပြင် တက္ကသိုလ်ဝင်တန်း တောင်မအောင်ခဲ့တဲ့ လုပ်ငန်းရှင်တစ်ယောက်က သူ့လုပ်ငန်းအတွက် စီးပွားရေးပညာ တတ်စာရင်းကိုင်ကို အလုပ် ခန့်ကြရတာ အပြင်လောကမှာ တွေ့ဖူးကြပါလိမ့်မယ်။ တကယ်သာ ဒီစာသင်ကျောင်းတွေကပေးတဲ့ Academic Education တွေဟာ ငွေကြေးဆိုင်ရာ အသိဉာဏ် Financial Intelligence နဲ့ ငွေကြေးပညာရေး Financial Education ကို ပေးခဲ့နိုင်မယ်ဆိုရင်အထက်က အခြေအနေဟာ ပြောင်းပြန်ဖြစ်သွားနိုင်ပါတယ်။ ဒီလိုပြောတဲ့အချိန်မှာ ကံ အကြောင်း ကောင်းကောင်းမသိတဲ့ ဗုဒ္ဓဘာသာအများစုက ကံချင်းမတူဘူးလေဆိုပြီး အတိတ်ကံကို လက်ညှိုးထိုးပြီး ပုံချကြမှာမလွဲပါဘူး။ အတိတ်ကံတစ်ခုတည်းကိုသာ လုံးလုံးပုံချသူတွေဟာ ဗုဒ္ဓဘာသာဝင်စစ်စစ် တွေမဟုတ်ကြပါဘူး။ ယခုလက်ရှိအချိန်တိုင်းကို အကောင်းဆုံးဖြစ်အောင် တနည်းအားဖြင့် ကံကောင်းအောင် မလုပ်နိုင်သမျှ သင် ဘယ် တော့မှ တိုးတက်ကောင်းမွန်လာမှာ မဟုတ်ပါဘူး မိတ်ဆွေ။ လူအများစု အကြွေးဆိုးရဲ့သံသရာထဲက မထွက်နိုင်တာ ငွေကြေးအသိဉာဏ် အားနည်း လို့ပဲဖြစ် ပါတယ်။ အတန်းပညာအားနည်းလို့မဟုတ်ကြပါဘူး။
အတိုးရဲ့ သတ္တိကို သိနားလည်တာဟာ ငွေကြေးပညာ
ငယ်ငယ်တုန်းက အလယ်တန်းသင်္ချာမှာ အတိုးရိုးရိုးတို့ နှစ်ထပ်တိုးတို့ ဆိုတာကို သင်ခဲ့ဖူးကြမယ်ထင်ပါတယ်။ ဒါပေမယ့် အတိုးရဲ့ ပွားနှုန်းသတ္တိကို လူအများစု တကယ်နားမလည်ခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဆရာရော တပည့်ပါ အဖြေမှန်ဖို့ ကိုပဲအာရုံရောက်နေတဲ့ ပညာရေးစနစ်ကြောင့်ပဲဖြစ်ပါတယ်။ တကယ်ဆိုရင် အတိုးနှုန် ၈ ကျပ်တိုးနဲ့ တစ်လငွေ ၁၀၀ကျပ် ပုံမှန်စုမယ်ဆိုရင် အနှစ် ၃၀မှာ ၁၅၀၀၃၀ ကျပ်တောင်ရနိုင်ပါတယ်။ တကယ်တန်း ကျနော်တို့ သိနားလည်ခဲ့ကြရမှာက နှစ်ထပ်တိုးရဲ့ ပွားနှုန်းပါဝါပဲ ဖြစ်တယ်။ ၁၀ရာနှုန်းအတိုးနဲ့ သင့်အသက် ၁၄ နှစ်ကစပြီး အသက် ၁၈နှစ်အထိ တစ်နှစ် ၂၀၀၀ စီနဲ့ ၅နှစ်ဆက်တိုက် ကျပ် ၁၀၀၀၀ စုခဲ့မယ်ဆိုရင်၊သင့်အသက် ၆၅ နှစ်မှာ ၁၁၈၄၆၀၀ ကျပ်တိတိရနိုင်ပါတယ်။ဒီနေရာမှာ အတိုးနှုန်းလို့ပြောတာနဲ့ တစ်နှစ်အတွက်နှုန်းလို့ သိနား လည်ဖို့လိုပါတယ်။ အခုလိုတင်ပြနေတာဟာ အရင်းအနှီးရဖို့ စုဆောင်းခြင်းနှင့် အတိုးရဲ့ သတ္တိကို သတိပြုမိ စေချင်လို့ ပါ။ ဒါတွေဟာ ငွေကြေးပညာရေးရဲ့ အခြေခံတွေဖြစ်ပါတယ်။
လိုအပ်တာနဲ့ လိုချင်တာခွဲခြားသိတာလည်း ငွေကြေးပညာပါ
ကဲ၊မိတ်ဆွေ၊သင်သုံးလိုက်တဲ့ ငွေကျပ်တိုင်းမှာ သူနဲ့အတူ နောက်ထပ် အပေါင်းအဖေါ်တွေကို သင့်ထံရောက်လာ အောင် ဆွဲခေါ်နိုင်တဲ့ ဂုဏ်သတ္တိတွေရှိတယ်ဆိုတာကို သတိပြုမိပါစေ။ထပ်မံပြီးသတိပေးရရင် မိတ်ဆွေရဲ့ ငွေကြေး ဆိုင်ရာ အသိဉာဏ်တွေ တိုးတက်လာဖို့ ကြိုးစားရမယ့် အချိန်ကို ရောက်လာပါပြီ။ သင့်ပတ်လည်မှာ သင့်ကိုမက်လုံး ပေးမြှူဆွ ယ်ပြီး သင့်အိတ်ကတ်ထဲကငွေတွေကို နှိုက်ယူဖို့ချောင်းနေတဲ့ လက်တွေက များသထက်များ လာနေပါပြီ။ တစ် နေ့ထက် တစ်နေ့ ငွေကြေးပညာရေးက အရေးကြီးလာပါပြီ။လိုချင်တိုင်းမသုံးပါနဲ့မိတ်ဆွေ။လိုအပ်မှသုံးပါ။ လိုချင်တာနဲ့ လို အပ်တာ ကို ခွဲခြားသုံးစွဲနိုင်ပြီဆိုရင်တော့ မိတ်ဆွေရဲ့ ငွေကြေးပညာရေး မူလတန်းအောင်ပါပြီ။မိတ်ဆွေတို့ရဲ့ ဘဝတွေတိုးတက် အောင်မြင် ကြပါစေဗျာ။

Photo Credits:

Leave a comment

Your email address will not be published. Required fields are marked *