ထိုင်းတွင် စိတ်ကြွဆေး ပေါင်း ၈သိန်းကို ဖမ်းဆီးရမိ

ဇန်နဝါရီလ ၁၀ရက်နေ့ ဒေသစံတော်ချိန် ၁၀နာရီခန့်တွင် ထိုင်းနိုင်ငံ ဖယောဝ်းခရိုင်တွင် သူနာပြုအမျိုးသမီး နှင့် သူ့အပေါင်းအပါ အမျိုးသား ၂ဦးတို့ ထံမှ စိတ်ကြွဆေး အားလုံးပေါင်း ၈သိန်းကို ဖမ်းဆီးရမိတယ်လို့ အမှတ်၅ တိုင်းဒေသ ရဲဌာနချုပ်၏ ထုတ်ပြန်ချက်အရသိရပါတယ်။

တာဝန်ရှိရဲ တပ်ဖွဲ့ဝင်တွေက ဇန်နဝါရီလ မနက် ၁၀နာရီတွင် ဖယောဝ်း – ဖရဲ့ခရိုင်သွားတဲ့ လမ်းမကြီးရှိ မယ့်ဒမ် စစ်ဆေးရေးဂိတ်တွင် ယာဉ်သွားယာဉ်လာများကို စစ်ဆေးနေချိန်တွင် အမျိုးသမီး တစ်ဦးမောင်းလာတဲ့ ဆလွန်းကားအတွင်းရှိ မြွေရေခွံအိတ် ၃အိတ်ထဲမှ စိတ်ကြွဆေး ၃သိန်း ၈သောင်းကို ဦးစွာရှာဖွေတွေ့ရှိခဲ့ပါတယ်။

ဒီအမျိုးသမီးဟာ ဆေးရုံတစ်ရုံမှာ သူနာပြုအကူလုပ်ကိုင်နေပြီး ဒါဟာ ပထမဆုံးအကြိမ်ဖြစ်ကြောင်း၊ ဒီဆေးတွေကို ချင်းရိုင်းခရိုင် ဝိန်းကင်မြို့မှ သယ်ဆောင်လာတာဖြစ်ကြောင်း သူမ၏ပြောပြမှုအရသိခဲ့ရပါတယ်။ သူမဟာ ဒီခရီးကို မထွက်ခွာမီ ချင်းရိုင်းခရိုင်ရှိ ဟိုတယ်တစ်ခုမှာ သူ့အပေါင်းအသင်းတွေနဲ့ အတူရှိခဲ့ကြောင်းပြောပြသဖြင့် နောက်ထပ်စိတ်ကြွဆေး သယ်ဆောင်လာတဲ့ ကား၂စီးကို ထိုနေ့တွင်ပဲ ထပ်မံဖမ်းဆီးရမိခဲ့ပါတယ်။

ပထမကားကို လမ်းပန်းခရိုင် ငေါဝ်းမြို့နယ်ထဲတွင် ဖမ်းမိခဲ့ပြီး နောက်တစ်စီးကိုတော့ ဖရဲ့ခရိုင် ဆောင်မြို့နယ် နန်းဖ စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးရမိခဲ့ပါတယ်။ ထိုကား၂စီး တွင် စိတ်ကြွဆေးပေါင်း ၄သိန်း ၂သောင်းကို ထပ်မံရရှိသဖြင့် စုစုပေါင်း စိတ်ကြွဆေးပေါင်း ၈သိန်းကို တစ်ရက်ထဲမှာ ဖမ်းမိခဲ့ပါတယ်။

လက်ရှိတွင် စိတ်ကြွဆေးသယ်ဆောင်လာသူ အမျိုးသမီးနှင့် အမျိုးသား ၂ဦးကို ချင်းရိုင်းခရိုင် ဝိန်းကင်နယ်မြေ ရဲစခန်းမှာ ထိန်းသိမ်းထားပြီး နောက်ထပ်ကွင်းစက်တွေကို ရရှိရန် စစ်ကြောရေးလုပ်နေတယ်လို့ သိရှိရပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *