ထိုင်းနိုင်ငံရေးကို လှပအောင်ချယ်သလိုတဲ့ ကုဋေကြွယ် Thanathorn

ဒီတစ်ခါတော့ အိမ်နီးချင်းထိုင်းနိုင်ငံက မတည်ငြိမ်တဲ့ နိုင်ငံရေး အခြေအနေတွေအပေါ် လှပအောင်ချယ်သလိုတဲ့အတွက် နိုင်ငံရေးလောကကို ဝင်ရောက်ဖို့ ဆုံးဖြတ်လိုက်တဲ့ ထိုင်းဘီလီယံနာ တစ်ဦးအကြောင်းကို တင်ပြပါရစေ။
ထိုင်းနိုင်ငံဟာ စီးပွားရေးအရ ကုန်သွယ်မှုပိုငွေပြတဲ့ နိုင်ငံတစ်ခုဖြစ်သလို အာဆီယံဒေသတွင်းမှာလည်း စင်္ကာပူပြီး ရင်တော့ စီးပွားအတောင့်တင်းဆုံးလို့ ဆိုရမှာပါ။ ယခင့်ယခင်က မြန်မာဘုရင်တွေ လက်နက်နဲ့သိမ်းပိုက် အနိုင်ယူခဲ့တဲ့ ထိုင်းနိုင်ငံဟာ ခုချိန်မှာတော့ မြန်မာကို ကျည်တစ်ချက်မှဖေါက်စရာမလိုပဲ ကုန်သွယ်မှုအသာစီးနဲ့ အနိုင်ယူခဲ့တာ ကြာခဲ့ပြီဖြစ်ပါတယ်။
စီးပွားရေးအရ နှစ်ကာလကြာ တည်ငြိမ်ပြီး တိုးတက်နေတဲ့ ထိုင်းနိုင်ငံဟာ နိုင်ငံရေးမှာတော့ ခုအချိန်ထိ တည်တည် ငြိမ်ငြိမ်ကို မရှိခဲ့ပါဘူး။ နိုင်ငံရေးပြိုင်ဖက်အချင်းချင်း အင်အားပြိုင်ဆိုင်မှုတွေ၊ အုပ်ချုပ်တဲ့နိုင်ငံရေးသမားတွေရဲ့ အကျင့် ပျက်ခြစားမှုတွေကြောင့်ထိုင်းနိုင်ငံရေးလောကဟာဂုဏ်ကျက်သရေနိမ့်ပါးခဲ့ရပါတယ်။ အချင်းချင်းအားပြိုင်မှုကနေ အကြမ်းဖက်မှုတွေအထိ ဖြစ်ပေါ်လာခဲ့တာကြောင့် ဘုရင်စနစ်ကို အခြေပြုတဲ့ ပါလီမန် ဒီမိုက ရေစီနိုင်ငံဖြစ်တဲ့ ထိုင်းဟာ ၂၀၁၄ခုနှစ်မှာ စစ်အုပ်ချုပ်ရေးအောက်ကိုကျရောက်ခဲ့ပြန်ပါတယ်။
ဒီလိုယိုယွင်းနေတဲ့ နိုင်ငံရေးအခြေအနေကို အခြေခံတကျ ပြောင်းလဲရမယ်လို့ ကြွေးကြော်ပြီး လွန်ခဲ့တဲ့မတ်လကမှ Future Forward Party ကိုထူထောင်ကာ နိုင်ငံရေးလောကထဲကို ဝင်ရောက်လာခဲ့သူက အသက် ၃၉ နှစ်အရွယ် ဘီလီယံနာ Thanathorn Juangroongruangkit ပဲဖြစ်ပါတယ်။ Thanathorn ဟာ ထိုင်းနိုင်ငံလူဦးရေ သန်း ၆၀ကျော်ထဲမှာ ထိုင်းရဲ့ဓနဥစ္စာ အများစုကိုပိုင်ဆိုင်ထားတဲ့ လူဦးရေ ၁% ထဲက တစ်ဦးဖြစ်ပြီး ယခင်က နိုင်ငံရေးနဲ့ ပတ်သက်တဲ့ မှတ်တမ်းလုံးဝမရှိခဲ့သူလည်း ဖြစ်ပါတယ်။ သူဟာ ထိုင်းနိုင်ငံမှာ ဘီလီယံပေါင်းများစွာတန်ဖိုးရှိတဲ့ ကားပစ္စည်းထုတ်လုပ်သူThaiSummitGroup ရဲ့ ဒုတိယ ဥက္ကဋ္ဌတစ်ဦးဖြစ်ပါတယ်။
ကျွန်တော့်ဘဝက ပျော်စရာပါ။ ကျွန်တော့်မှာ အောင်မြင်ကြီးကျယ်တဲ့ စီးပွားလုပ်ငန်းရှိတယ်။ အင်မတန်လှပတဲ့ မိသားစုလည်းရှိတယ်။ ဒါပေမဲ့ ကျွန်တော်မပျော်ဘူးပါဘူး။ ဒီနိုင်ငံကို ထက်ခြမ်းကွဲစေတဲ့ နက်ရှိုင်းတဲ့ စိတ်ဝမ်း ကွဲမှု တွေကို ကျွန်တော်မြင်ရတယ်။ ကျွန်တော်က ဒါကိုဖြေရှင်းရာမှာ ပါဝင်တဲ့သူ တစ်ယောက် ဖြစ်ချင်တယ် လို့ ပြောခဲ့ ပါ တယ်။
သူမိခင်က ပြည့်စုံတဲ့ဘဝမှာ အေးအေးချမ်းချမ်းနေစေလိုတဲ့အတွက် သဘောမတူခဲ့ပါဘူး။ သူ့အမေက မိသားစု စီးပွားရေးနဲ့ ထိုင်းနိုင်ငံ၊ဒီနှစ်ခုမှာ ဘာကိုရွေးမလဲလို့ မေးတဲ့အခါ သူက ထိုင်းနိုင်ငံကိုပဲ ရွေးမယ်လို့ သူ့အမေကိုပြော ခဲ့ပါ တယ်။ သူဟာ တက်ကြွလှုပ်ရှားသူတွေ၊ မျိုးဆက်သစ်ပညာတတ်တွေ၊စွန့်ဦးထွင်လုပ်ငန်းရှင်တွေနဲ့အတူ Future Foward Party ကိုထူထောင်ခဲ့တာဖြစ်ပါတယ်။ သူ့အမေရဲ့မျှော်လင့်ချက်တွေတော့ ပျက်သုန်းခဲ့ရတာပေါ့။ ဒါပေမဲ့ လူအများစုကတော့ သူ့ကို နိုင်ငံရေးအတွေးအမြင်တွေနဲ့ စုတ်ပြတ်သတ်နေတဲ့ ထိုင်းနိုင်ငံကို ကယ်တင်မယ့် ကယ်တင် ရှင်တစ်ဦးအဖြစ် မြင်ကြပါတယ်။ သူ့ရဲ့ ထက်မြက်တဲ့ပါတီဝင်တွေကတော့ အစိုးရစနစ်အဆင့်ဆင့်မှာ ပွင့်လင်း မြင်သာ မှုကို အာမခံချက်ပေးနိုင်ပြီး ပြည်သူတွေပိုင်စိုးတဲ့ ထိုင်းနိုင်ငံရဲ့ နိုင်ငံရေးပုံးစံသစ်တစ်ခုကို တည်ထောင်ဖို့ ရည်မှန်း ထားကြပါတယ်။ သူ့ပါတီသာ အနိုင်ရခဲ့ရင် လက်ရှိစစ်တပ်က မူကြမ်းရေးဆွဲထားတဲ့ အခြေခံဥပဒေကို ဖျက်သိမ်းပြီး ပါလီမန်ထဲမှာ စစ်တပ်အာဏာဆုပ်ကိုင်မှုကို လျှော့ချမယ်၊ ရွေးကောက်ခံကိုယ်စားလှယ်တွေ ပါလီမန်ကို လွှမ်းဖို့ ကြိုးစားမယ် စတဲ့ ရည်မှန်းချက်တွေ ပါဝင်ပါတယ်။ပြည်သူနဲ့ နိုင်ငံတော်ကြားက ဆက်ဆံရေးကို ပြောင်းလဲချင်တယ်လို့ သူကဆိုပါတယ်။
ဘာပဲဖြစ်ဖြစ် တစ်ချိန်က ဝန်ကြီးချုပ်ဖြစ်ခဲ့တဲ့ သက်ဆင်ဟာလည်း ချမ်းသာကြွယ်ဝသူတစ်ဦးဖြစ်သလို ထိုင်းပြည်သူတွေ အတွက် စိတ်ဝမ်းကွဲစရာ နိုင်ငံရေးအရှုပ်အထွေးတွေကို ဖန်တီးခဲ့သူတစ်ဦး ဖြစ်ခဲ့တဲ့အတွက် ထိုင်းပြည်သူတွေ အပါ အဝင် နိုင်ငံတကာတော့ သူနဲ့သူ့ပါတီရဲ့ စွမ်းဆောင်ရည်တွေကိုလည်း ဆက်လက်စောင့်ကြည့်ကြရဦးမှာ ဖြစ်ပါတယ်။
အချုပ်ဆိုရရင်တော့ မြန်မာနိုင်ငံမှာလည်း နိုင်ငံတိုးတက်ဖို့အတွက် စီးပွားလုပ်ငန်းတစ်ခုကို အောင်မြင် အောင်စွမ်းဆောင် နိုင်ခဲ့သူတွေ၊ငွေကြေးရော၊ခေတ်ပညာပါ ပြည့်စုံ ကြွယ်ဝသူတွေ၊ဆင်းရဲတွင်းနက်နေတဲ့နိုင်ငံကို ဝိုင်းဝန်းထူထောင် ချင်စိတ် ရှိတဲ့ လူငယ်တွေ နိုင်ငံရေးထဲဝင်လာဖို့ အထူးလိုအပ်တယ်လို့ မြင်ပါတယ်။ ဒါ့အပြင် နိုင်ငံရေးမှာ အစဉ်အလာ မှတ် တမ်းတွေရှိမှ၊ထောင်ထဲဝင်ဖူးမှ၊ စစ်ဗိုလ်ချုပ်ကြီးဖြစ်ဖူးမှ၊ နိုင်ငံရေးလုပ်သင့်တယ်ဆိုတဲ့ အယူအဆဟောင်းတွေ လည်း ခေတ်မမီတော့ပါဘူး။ သူများခိုင်းသလောက်သာ လုပ်တတ်တဲ့သူတွေကိုလည်း အနာဂတ်နိုင်ငံရေးအတွက် ဖယ် ထားခဲ့ရမယ့်လူတွေလို့ မြင်ပါတယ်။ အရေးကြီးတာက မိမိရဲ့ပင်ကိုယ်အရည်အချင်းနဲ့ လုပ်ငန်းထူထောင် အောင် မြင်ပြီး သူတွေ များများလိုအပ်ပါတယ်။နောက်ထပ်အရေးကြီးတာတစ်ခုက နိုင်ငံတော်ကထောက်ပံ့တဲ့ ငွေကြေး အထောက်အပံ့ တွေလောက်ကိုသာမက်မောပြီး နိုင်ငံရေးလောကထဲကို ရောက်လာကြမယ့် နိုင်ငံရေးလုပ်စားတွေကိုလည်း ပြည်သူ တွေ အနေနဲ့ အတတ်နိုင်ဆုံး ရွေးထုတ်ဖယ်ရှားနိုင်ကြဖို့ လိုအပ်တယ်လို့မြင်ပါတယ်။
Thanathorn ကဲ့သို့သော နိုင်ငံချစ်စိတ်လည်းရှိ၊စွမ်းရည်လည်းပြည့်ဝတဲ့ စီးပွားရေးလုပ်ငန်းရှင် များ မြန်မာ့နိုင်ငံရေး တွင် ပါဝင်လာနိုင်ကြပါစေဟု ရည်မှန်းပြီး ရေးသားတင်ပြလိုက်ရပါတယ်။
ကိုးကား။ CNA

Leave a comment

Your email address will not be published. Required fields are marked *