ဒီမိုကရေစီအရွေ့အပြောင်းနဲ့ အရပ်သားအစိုးရ တက်လာပြီးနောက် အကျင့်ပျက်ခြစားမှု ညွှန်းကိန်း လျော့နည်းကျဆင်း

အကျင့်ပျက် ခြစားမှုလို့ ပြောလိုက်ရင် ဆင်းရဲမွဲတေမှုအကြောင်းက မပြောမဖြစ်ပြောရမယ့် အကြောင်းအရာတစ်ခု ဖြစ်နေပါတယ်။ ဘာကြောင့်လဲဆိုတော့ အကျင့်ပျက်ခြစားမှုဟာ တိုင်းပြည်ဆင်းရဲမွဲတေရခြင်းရဲ့ ပင်မအကြောင်းရင်း တစ်ခု အဖြစ် ပါဝင်နေတဲ့အတွက်ပါ။ ဒါ့အပြင် အကျင့်ပျက်ခြစားမှုဟာ ဆင်းရဲမွဲတေမှု အကြောင်းရင်းတွေထဲမှာ လူတွေရဲ့ စိတ်ပိုင်းဆိုင်ရာဖြစ်တဲ့ ကိုယ်ကျင့်သီလ ပျက်ယွင်းမှုနဲ့ သက်ဆိုင်တဲ့ အကြောင်းတရားတစ်ခုလည်း ဖြစ်ပါတယ်။
နိုင်ငံတစ်နိုင်ငံ မတိုးတက် မကြီးပွားတာဟာ ပထဝီဝင်အနေအထားအရလည်း ဖြစ်နိုင်ပါတယ်။ အရင်းအမြစ်တွေ မရှိတာ လည်း ဖြစ်နိုင်ပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေး မရှိတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ စီမံခန့်ခွဲမှု အလွဲတွေကြောင့် လည်း ဖြစ်နိုင်ပါတယ်။ ပြည်သူတွေ ကိုယ်ကျင့်သီလ ပျက်ယွင်းတာကြောင့်လည်း ဖြစ်နိုင်တယ်။ တစ်ခြားအကြောင်း တွေလည်းရှိနိုင်ပါသေးတယ်။ဒါပေမဲ့ဒါတွေအားလုံးရဲ့အချုပ်ကပညာရေးပဲဖြစ်ပါတယ်။ ပြည်သူပြည်သားတွေ ကောင်းမွန်တဲ့ အသိ၊အတတ်တွေနဲ့ စာရိတ္တမဏ္ဍိုင်အတွက် ပညာရေးက တာဝန်ယူရပါတယ်။ နိုင်ငံတစ်နိုင်ငံရဲ့ကောင်းမွန်တဲ့ ပညာရေးက ပြည်သူတွေကို ကောင်းမွန်မှန်ကန်တဲ့ ရွေးချယ်မှုနဲ့ ပြောင်းလဲမှုတွေကို စွမ်းဆောင်နိုင်တယ်ဆိုတာ ယုံမှားသံသယရှိစရာမလိုပါဘူး။ ဒါကြောင့် အကျင့်ပျက်ခြစားမှုဆိုတဲ့ ဆိုးကျိုးတရား ကိုပြောရင် အကြောင်းရင်းဖြစ်တဲ့ ပညာရေးကိုလည်း ထည့်သွင်းတင်ပြရခြင်းဖြစ်ပါတယ်။ ခေတ်အဆက်ဆက် အမြစ်တွယ် လာခဲ့တဲ့ အကျင့်ပျက်ခြစားမှု ညွှန်းကိန်းတွေကို သုံးသပ်လိုက်မယ်ဆိုရင် မြန်မာ့ပညာရေးစနစ်ဟာ ပြည်သူအများစုကို တိုင်းပြည်နဲ့လူမျိုးတိုးတက်ရေး အသိအမြင်တွေ အပြည့်အဝမပေးစွမ်းနိုင်ခဲ့ဘူးဆိုတာ အထင်အရှားတွေ့ကြရမှာပါ။
ဒါပေမဲ့ တိုင်းပြည်ဆင်းရဲမွေတေမှု ဒုက္ခတွင်းကြီးကို ဖန်ဆင်းခဲ့တဲ့ ဒီအကျင့်ပျက်ခြစားမှု နာမည်ဆိုးကြီးဟာ ၂၀၁၅ ခုနှစ် အရပ်သားအစိုးရ တက်လာပြီးနောက်မှာတော့ တဖြည်းဖြည်း လျော့နည်းကျဆင်းလာတာကို ကမ္ဘာပေါ်က အကျင့်ပျက်ခြစားမှုတွေကိုစောင့်ကြည့်လေ့လာတဲ့ အဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်တဲ့စာရင်းတွေအရ တွေ့ရှိရပါတယ်။ ၂၀၁၁ မှာ အဆင့်၁၈၀ ရှိခဲ့ရာကနေ ၂၀၁၆မှာ အဆင့် ၁၃၆ နဲ့ ၂၀၁၇ ဒီဇင်ဘာလမှာတော့ နိုင်ငံပေါင်း ၁၈၀ အနက် အဆင့်၁၃၀ကိုတိုးတက်ရောက်ရှိလာတာကိုတွေ့ရပါတယ်။ ဒါဟာ တိုင်းပြည်တိုးတက်ရေးအတွက် ကျေနပ်အားရစရာမဟုတ်သေးပေမယ့် ကြိုဆိုရပါလိမ့်မယ်။ နိုင်ငံတာဝန်ရှိသူတွေ ပြောတာ ကြားခဲ့ရဖူးပါတယ်။ စင်ကာပူကို နှစ်ဘယ်လောက်မှာ မီအောင်လုပ်မယ် ဘာညာပေါ့။ စင်ကာပူ နိုင်ငံသား တွေရဲ့ ကိုယ်ကျင့်သိက္ခာ အဆင့်ဟာ အမေရိကန်ထက်ကျော်လွန်ပြီး နံပါတ် ၆ အဆင့်မှာရှိပါတယ်။ အဆင့် ၁၃၀ ကနေ အဆင့် ၆ ကို မီဖို့ဆိုတာ တော်ရုံကြိုးစားလို့တော့မလွယ်ပါဘူး။ ကိုယ့်ရဲ့ အရွေ့နှုန်းက သူများအရွေ့နှုန်းထက် အဆပေါင်းများစွာမြန်နေဖို့လိုပါသေးတယ်။
မြန်မာနိုင်ငံသားတွေ အတော်များများကြားလည်းကြားဖူးကြသလို ပြောလည်းပြောဖူးကြမှာပါ။ မူကောင်းပေမဲ့ လူမကောင်း ဘူးဆိုတဲ့ စကားပါ။ အမှန်ပါပဲ လူတွေရဲ့ ခံယူချက်သဘောထားတွေက ညံ့ဖျင်းနေမယ်ဆိုရင် ဒီအဂတိ လိုက်စားမှု ဆိုတဲ့ အကျင့်ပျက်ခြစားမှုက အမြစ်တွယ်နေဦးမှာပါပဲ။ ပြည်သူတွေအနေနဲ့လည်း တိုင်းပြည် ဘဏ္ဍာ ဆုံးရှုံး ပျောက် ပျက်မှုတွေဟာ မိမိအိကပ်ထဲက ပိုက်ဆံကို လာနှိုက်တာပါလားဆိုတဲ့ အသိမျိုးနဲ့ ထိထိရောက် ရောက် ဝိုင်းဝန်းပူး ပေါင်းကြဖို့လိုအပ်နေပါပြီ။ ဒီအတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်လည်း ရှိနေပါပြီ။ မီဒီယာတွေက လည်း မဏ္ဍိုင်ကြီးတစ်ရပ်အနေနဲ့ မှန်မှန်ကန်ကန်ရပ်တည်ပေးကြ မယ်ဆိုရင် ကောင်းမွန်တဲ့ ရလဒ် တွေကို ရလာမှာ မလွဲပါဘူး။ ဘာပဲဖြစ်ဖြစ် ဒီမိုကရေစီ အရွေ့အပြောင်းနဲ့ အရပ်သားအစိုးရ တက်လာပြီး နောက်မှာတော့ အကျင့်ပျက် ခြစားမှု ညွှန်းကိန်းအဆင့် တိုးတက်လာတာ အမှန်ဖြစ်ကြောင်းနဲ့ ဒါကို ကြိုဆိုပါကြောင်း တင်ပြ လိုက်ရပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *