နည်းပညာ တိုးတက်လာခြင်းရဲ့ အဓိပ္ပါယ်။

ဒီနေ့နည်းပညာ company တော်တော်များများမှာ အလုပ်လုပ်နေကြတဲ့ engineers တိုင်းက ကွန်ပျူတာကျောင်းဆင်းတွေ အင်ဂျင်နီယာကျောင်းဆင်းတွေ မဟုတ်ပါဘူး။ ရာခိုင်နှုန်းတစ်ဝက်ကျော်လောက်က အခြားဘာသာနဲ့ ဘွဲ့ရထားတဲ့လူတွေ ဖြစ်ပါတယ်။ IBM Company ရဲ့ အခွဲ Bluewolf company ရဲ့ co-founder က software company ကြီးတွေမှာတောင် လုပ်နေတဲ့ အင်ဂျင်နီယာတော်တော်များများက engineer ကျောင်းဆင်းတွေမဟုတ်ကြပါဘူးလို့ founder ဖြစ်သူ Eric Berridge ကိုယ်တိုင်  ပြောကြားခဲ့ပါတယ်။ ဒါဆို နည်းပညာရဲ့ အဓိကရည်ရွယ်ချက်နဲ့ ဒီနေ့လူတွေပြောနေကြတဲ့ ခေတ်နောက်ကျကျန်တယ်ဆိုတဲ့လူတွေကြား ကွာဟချက်တွေ က ဘာတွေဖြစ်မလဲ၊ ဘယ်အရာတွေက လူတွေကို ခေတ်နောက်ကျ ကျန်စေခဲ့လဲဆိုတာ လေ့လာကြည့်ရအောင်။

လူတွေအားလုံး အသုံးပြုနေကြတဲ့ smartphone တွေက သာလွန်ကောင်းမွန်နေပြီး အချို့ဆို ကွန်ပျူတာတစ်လုံးထက်  စျေးအဆမတန်ကြီးနေတာကိုလည်း တွေ့ဖူးကြမှာပါ။ သို့ပေမယ့် လူတွေအသုံးပြုတာ ဓါတ်ပုံရိုက်တာနဲ့ Fb ပွတ်တာထက်ကို မပိုကြပါဘူး။ ဖုန်း company ကြီးတော်တော်များများကလည်း လူတွေအသုံးတစ်ကယ်ပြုတာထက် ပိုလွန်ပြီး ထုတ်ကြပါတယ်။ ဥပမာ ဖုန်းအကွေးပုံစံမျိုး၊ ကင်မရာ performace အကောင်းစားနဲ့ လာတာမျိုးတွေ နောက်ပြီး  အခြားပုံစံမျိုးစုံနဲ့ ထုတ်လုပ်ပါတယ်။ တစ်ကယ်တမ်းမှာ ဒီအရာတွေကို အသုံးပြုတဲ့လူက နည်းပါးပြီး တစ်ကယ့်လိုအပ်ချက်တွေဖြစ်တဲ့ ဖုန်းခေါ်ခြင်း အင်တာနက်သုံးခြင်းထက် မပိုပါဘူး။ ပစ္စည်းအသစ်အဆန်းတွေက နေ့စဉ်နဲ့အမျှတိုးတက်လာတဲ့အချိန်မှာ လူတိုင်းက အဆင်သင့်မဖြစ်ပါဘူး။ လူငယ်တွေအတွက်ကတော့ အသစ်အဆန်းတွေကို လေ့လာနိုင်ပေမယ့် လူကြီးပိုင်းအသက်ရွယ်တွေက စိတ်ဝင်စားမှုနည်းပါးလာပြီး gadgets တွေကိုလည်း အသုံးပြုလိုစိတ်နည်းပါးလာကြပါတယ်။

တစ်ကယ်တမ်းနည်းပညာရဲ့ ရည်ရွယ်ချက်က လူတွေရဲ့နေထိုင်မှုပုံစံကို အလွယ်တကူဖြစ်အောင် ပြောင်းလဲပေးဖို့ အဓိကပါပဲ။ ဒီရည်ရွယ်ချက်ကို မပြည့်ပဲ အခြားအသစ်အဆန်းအရာတွေသာ တိုးလာတဲ့ company တွေက ပိုက်ဆံရှာတဲ့ company တစ်ခုထက်မပိုပါဘူး။ ဥပမာပြောရမယ်ဆိုရင် အရင်ခေတ်က မြင်းနဲ့သွားနေတဲ့ခေတ်ကနေ ကားစီးလာတဲ့ခေတ်ရောက်လာတာ နည်းပညာတိုးတက်လာတယ်လို့ ပြောလို့ရသလို မျက်မှန်ကို အဝိုင်းတစ်ဝိုင်းတည်းနဲ့ အင်္ကျီမှာ ကြိုးချိတ်ပြီး သုံးတဲ့ခေတ်ကနေ အခုဂိုင်းတွေနဲ့ ဖြစ်လာတဲ့ခေတ်ကို ရောက်လာတာလည်း နည်းပညာတိုးတက်လာခြင်းကြောင့်ပဲ ဖြစ်ပါတယ်။ လိုအပ်ချက်ကို တမင်တကာဖန်တီးလုပ်ယူပြီး ပိုက်ဆံရှာတာက နည်းပညာတိုးတက်တာမဟုတ်ပါဘူး။ ရှိပြီးသားအရာကိုပဲ ပိုမိုကောင်းမွန်အောင် လုပ်တာမှ နည်းပညာအမှန်တစ်ကယ် တိုးတက်ခြင်းလို့ခေါ်ပါတယ်။

ဒီအကြောင်းအရာနဲ့ ပတ်သတ်ပြီး နာမည်ကျော်​ designer/scientist/inventor ဖြစ်တဲ့ Ivan Poupyrev က ဒီလိုပြောကြားပြသခဲ့ပါတယ်။ လူတွေရဲ့ ထိတွေ့စမ်းသပ်မှုကို အာရုံခံနိုင်တဲ့ sensor chipset တစ်ခုလေးရှိတယ်ဆိုပါစို့။ ဒီ chipset က​ လူတွေရဲ့ဖိနပ်မှာ ထည့်ထားရင် လှုပ်ရှားမှုပုံရိပ်တွေနဲ့ ခြေလှမ်းအရေအတွက်တွေကို တွက်ချက်ပေးနိုင်ပါတယ်။ အပင်မှာ တပ်ဆင်ထားမယ်ဆို အပင်က တစ်နေ့ရေဘယ်လောက် ရကြောင်းနဲ့ အပင်ရဲ့ကျန်းမာရေးကောင်းမကောင်း သိနိုင်ရပါမယ်။ Designer တစ်ယောက်သုံးမယ်ဆို designer လူတွေရဲ့ ဘယ်ခန္ဓာကိုယ်က ဘယ်လိုပုံစံနဲ့ အဆင်ပြေမလဲဆိုတာ သိနိုင်ရပါမယ်။ ဘာလို့လဲဆိုတော့ လုပ်ဆောင်ချက်သဘောတရားက တူတူဖြစ်ပြီး အရာတိုင်းမှာ ဒီ chipset က သုံးလို့ရရပါမယ်။ တစ်ကယ်တမ်းဒီနေ့လက်တွေ့မှာတော့ ဖိနပ်ထုတ်တဲ့လူတွေက တစ်မျိုးတစ်ဖုံလာပြီး နည်းပညာတိုးတက်လာတာကို အကြောင်းပြပါတယ်။ ဖိနပ်မှာ chipset တစ်ခုထည့်လာတာကိုအကြောင်းပြပြီး စျေးတွေမြှင့်တင်လာပါတယ်။ ဒီသဘောတရားအတိုင်း အခြားနယ်ပယ်အသီးသီးကလည်း လုပ်ဆောင်လာကြပါတယ်။ လူတွေက လိုအပ်ချက်တစ်ခုလို့ ဒီအရာကို ထင်လာကြပြီး ပိုက်ဆံတွေကို ပိုပေးဝယ်ကြပါတယ်။ ဒါ့အပြင် ပစ္စည်းအသစ်အဆန်းသုံးမှ ခေတ်မှီတယ်လို့ ကိုယ့်ကိုယ်ကို ယူဆသွားကြပါတယ်။ ဒီပစ္စည်းတွေကို မသုံးတဲ့လူတွေက ခေတ်နောက်ကျ ကျန်တယ်လို့လည်း သတ်မှတ်လာကြပါတယ်။

အချုပ်ပြောရမယ်ဆိုရင်တော့ ပစ္စည်းအသစ်အဆန်းသုံးတိုင်း နည်းပညာခေတ်မှီတယ်လို့ပြောလို့မရပါဘူး။ လူတွေရဲ့ဘ၀နေထိုင်မှုပုံစံ ပိုအဆင်ပြေလွယ်ကူအောင် လုပ်ပေးနိုင်တဲ့အရာမှ နည်းပညာတိုးတက်တယ်လို့ ခေါ်ပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *