နေတိုး (သို့မဟုတ်) အနောက်ကလာတဲ့ အနုပညာကြယ်ပွင့်

သရုပ်ဆောင်မှု အနုပညာမှာ ထူးခြားပြောင်မြောက်လွန်းလှတဲ့ နေတိုးဟာ၂၀၁၇ခုနှစ်အတွက် ရုပ်ရှင်ထူးချွန်ဆုကြီး ကို ဆွတ်ခူးသွားခဲ့ပြန်ပါပြီ။ သူဟာ ပြည်သူ့အသဲစွဲ ထာဝရနှင်းဆီ အငြိမ့်မှာလည်း ပရိတ်သက်အနှစ်သက်ဆုံး လူရွှင် တော်တစ်ဦး ဖြစ်ပါတယ်။ တကယ်တော့ နေတိုးဟာ ရခိုင်ပြည်နယ် မာန်အောင်ကျွန်းပေါ်မှာ အနုပညာမျိုးရိုး လုံးဝ မရှိတဲ့ ရွှေလုပ်ငန်းရှင် မိဘနှစ်ပါးက မွေးဖွားခဲ့တာကြောင့် ဒီလိုအောင်မြင်မှု စင်မြင့်ပေါ်ကို လျှောက်လှမ်း ခဲ့ရတဲ့ သူ့ရဲ့ခရီးဟာ အတော့်ကို ကြိုးစားပေးဆပ်ခဲ့ရမယ်ဆိုတာ မြေကြီးလက်ခတ်မလွဲပါဘူး။ခုတော့ အတောက်ပဆုံး ကြယ်တစ် ပွင့်ဖြစ်ခဲ့ပါပြီ။ အနောက်ကလာတဲ့ အနုပညာ ကြယ်တစ်ပွင့်ပေါ့။
ဟုတ်ပါတယ်။နေတိုးဖြစ်လာမယ့် နေလင်းအောင်လေးကို ၁၉၈၁ ခုနှစ် စက်တင်္ဘာလ ၉ ရက်နေ့မှာ အဖ ဦးအောင် သန်းနဲ့ အမိ ဒေါ်သန်းမြိုင်တို့က မာန်အောင်မြို့လေးမှာ မွေးဖွားခဲ့ပါတယ်။ မွေးချင်း ၄ ဦးမှာ ဒုတိယမြောက် သားရတနာ လေးဖြစ်ပါတယ်။ သူ့အောက်မှာ ညီလေးနဲ့ ညီမလေးတစ်ယောက်ရှိပြီး သူ့ညီလေး မင်းသွေးကလည်း သရုပ်ဆောင် တစ်ဦးပါပဲ။ရန်ကုန်တက္ကသိုလ်ကသင်္ချာအဓိကနဲ့သိပ္ပံဘွဲ့ရထားသူပါ။
၁၉၉၉ ခုနှစ်မှာ ရန်ကုန်တက်လာပြီး အနုပညာလုပ်ငန်းတွေ စလုပ်ခဲ့ပါတယ်။YIIK မော်ဒယ်အေဂျင်စီနဲ့ ဆက်သွယ်ပြီး ဇင်မင်း နာမည်နဲ့ မော်ဒယ်ပြိုင်ပွဲတွေကို ဝင်ပြိုင်ခဲ့တာ ဆုတစ်ချို့ ရခဲ့ပါသေးတယ်။ မော်ဒယ် ဇင်မင်း နာမည်အပြင် သူ့ကို ညီတိုး၊ကိုလတ်လို့လည်း ခေါ်ကြပါသေးတယ်။ သရုပ်ဆောင်အတွက်သာမက အဆို အတွက်လည်း ဆရာဦးစောနုဆီမှာ အဆိုပညာတွေ သင်ယူခဲ့ပါတယ်။ ဒါကြောင့်လည်း သရုပ်ဆောင်တွေထဲမှာ နေတိုးရဲ့ဆိုဟန်ဆိုပေါက်တွေဟာ တစ်မူ ထူးခြားလို့ နေတာပေါ့။
တကယ်တော့ သူ့ရဲ့ဆယ်ကျော်သက်ဘ၀ စိတ်ကူးမျှော်လင့်ချက်ဟာ တေးရေးဆရာ၊ အဆိုတော် တစ်ယောက် ဖြစ်လာဖို့ ပါပဲ။ ဒါကြောင့်လည်း ၂၀၀၀ ခုနှစ်အစောပိုင်းမှာ တေးစီးရီးတစ်ခု ထုတ်ခဲ့ပါသေးတယ်။ အောင်မြင်မှုတော့ မရခဲ့ ပါဘူး။ ခုတော့ ဘဝဖြတ်သန်းမှုအရ သူဟာ မော်ဒယ်၊ အဆိုတော်၊သရုပ်ဆောင်၊ ဟာသလူရွှင်တော်ဆိုတဲ့ စွယ်စုံရ အနုပညာရှင်တစ်ဦးဖြစ်လာခဲ့ပါပြီ။နောင်မှာ အကယ်ဒမီ ဒါရိုက်တာဆိုတဲ့ ဂုဏ်ပုဒ်များထပ်တိုးလာလေမလား မျှော်လင့် မိပါရဲ့။
၂၀၁၁ ခုနှစ် ဇန္နဝါရီလ ၁ ရက်နေ့မှာ သူကိုယ်တိုင်ရေးသားထုတ်ဝေခဲ့တဲ့ စေ့ထားသောတံခါးများ အတ္ထုပတ္တိ စာအုပ်မှာ သူ့ဘဝ၊သူ့ကြောင်းနဲ့ သူ့ရဲ့ ဘာသာရေးယုံကြည်ချက်၊ခံယူချက်နဲ့ လုပ်ဆောင်ချက်တွေကို တွေ့ကြရမှာပါ။ ယနေ့အချိန်ထိ တောက်ပတဲ့ ကြယ်တစ်ပွင့်ပီပီ နိုင်ငံနဲ့လူမျိုးအတွက် အလှူဒါနပေါင်းများစွာ လှူဒါန်းခဲ့ပြီးဖြစ်ပါတယ်။ အနုပညာခရီးသွားအဖြစ်နဲ့ နိုင်ငံရပ်ခြားဒေသတွေကိုလည်း ရောက်ခဲ့ပါပြီ။
၂၀၀၁ ခုနှစ်ကစပြီးယခုအချိန်ထိ ဗွီဒီယိုကားပေါင်း ၁၇၀ ကျော်ရိုက်ကူးခဲ့ပြီးပါပြီ။ ၂၀၁၅ ကစပြီး ရုပ်ရှင်ကားကြီးပေါင်း ၃၀ ကျော်ကို သရုပ်ဆောင်ခဲ့ပြီးဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ်မှာ မိုးညအိမ်မက်မြူ ဇတ်ကားနဲ့ ပထမဦးဆုံး အကယ်ဒမီဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်မှာတော့ နက္ခတ်မှားတဲ့တိုက်ပွဲ ဇတ်ကားနဲ ဒုတိယမြောက် ရုပ်ရှင်ထူးချွန်ဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။ ၂၀၁၈ ခုနှစ် မတ်လ ၂၃ ရက်နေ့မှာ ကျင်းပခဲ့တဲ့ ၂၀၁၇ ခုနှစ်အကယ်ဒမီ ထူးချွန်ဆု ပေးပွဲမှာတော့ တာတေကြီး ဇတ်ကားနဲ့ တတိယမြောက် ရုပ်ရှင်ထူးချွန်ဆုကြီးကို ဆွတ်ခူးရရှိခဲ့ပါတယ်။ အောင်မြင် မှုတွေ ဆက်တိုက်ရနေတဲ့ ပြည်သူ့အချစ်တော် နေတိုးဟာ သူ့အသက် ၃၇ နှစ်ထဲ ရောက်လာတဲ့တိုင် အိမ်ထောင်ဖက် မရွေးသေးတာကလည်း ချစ်တဲ့ပရိတ်သတ်တွေအတွက် စိတ်ဝင်စားစရာတစ်ခုလို့ ဆိုရမှာပါ။ နေတိုးကိုချစ်တဲ့ ပြည်သူ တွေအတွက်တော့ ရင်ခုန်စရာ နေ့ရက်လေးတစ်ရက် ကျန်နေသေးတယ်လို့ပဲ ဆိုချင်ပါတယ်။
ပြည်သူ့အချစ်တော် ကိုနေတိုးတစ်ယောက် ဒီထက်ထွန်းတောက်တဲ့ ကြယ်တစ်ပွင့်ဖြစ်ပြီး ပြည်သူကို အကျိုးပြုနိုင်ပါစေလို့ ဆန်းသစ်မြန်မာက ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *