နေပြည်တော်တွင်ကျင့်ပခဲ့သော (၁၃)ကြိမ်မြောက် အေဆမ်နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် ဒေါ်အောင်ဆန်းစုကြည် အဖွင့်အမှာစကားပြောကြား

(၁၃) ကြိမ်မြောက် အေဆမ်နိုင်ငံခြားရေးဝန်ကြီးများ အစည်းဝေကို နေပြည်တော်ရှိ MICC – 1 တွင် နိုဝင်ဘာ ၂၀ နှင့် ၂၁ ရက်တို့တွင် ကျင်းပခဲ့ပြီး ယခုနှစ်အတွက် အာရှ-ဥရောပ အစည်းဝေးအကြောင်းအရာမှာ “ငြိမ်းချမ်းရေးနှင့် စဉ်ဆက်မပျက် ဖွံ့ဖြိုးတိုးတက်မှုများအတွက် မိတ်ဖက်ဆောင်ရွက်မှုကို ပိုမိုအားကောင်းစေရန် ဆောင်ရွက်ခြင်း”ဖြစ်သည်။

အေဆမ်တွင် အဖွဲ့ဝင်အဖြစ် အာရှမှ ၂၁နိုင်ငံနှင့် အာဆီယံ အတွင်းရေးမှူးချုပ်ရုံး၊ ဥရောပဒေသမှ EU အဖွဲ့ဝင် ၃၀နိုင်ငံနှင့် ဥရောပကော်မရှင်တို့ပါဝင်ပြီး နိုင်ငံစုစုပေါင်း ၅၁ နိုင်ငံနှင့် ဒေသဆိုင်ရာအဖွဲ့ကြီး နှစ်ခုတို့ပါဝင်ကြောင်း သိရပါသည်။

မြန်မာနိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နှင့် နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် (၁၃) ကြိမ်မြောက် အေဆမ်နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး အဖွင့်အမှာစကားပြောကြားမှုတွင် ခြိမ်းခြောက်မှုနှင့် အရေးပေါ် အခြေအနေသစ်များကြောင့် ကမ္ဘာတစ်ဝန်းတွင် ပဋိပက္ခဖြစ်ပွားမှုများမြင့်တက်လာနေကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

အဖွင့်အမှာစကားတွင် ဒေါ်အောင်ဆန်းစုကြည်က “ကမ္ဘာပေါ်မှာ အကြောင်းအရာအမျိုးမျိုးကြောင့် ပြဿနာဖြစ်ပွားမှုတွေ မြင့်တက်လာတာဟာ လျော့နည်းသွားခြင်းမရှိတာ အားလုံးသတိထားမိမှာပါ။ ကမ္ဘာတစ်ဝန်းရှိ ပြဿနာတွေမြင့်တက်လာခြင်းဟာ ခြိမ်းခြောက်မှုနဲ့ အရေးပေါ်အခြေနေတွေကြောင့်ဖြစ်တယ်။ တရားမဝင်ရွေ့ပြောင်းခြင်း၊ အကြမ်းဖက်မှုနှင့် အစွန်းရောက်ဝါဒပြန့်ပွားလာခြင်း၊ လူတန်းစားကွာဟခြင်းနှင့် နျူးကလီးယား စစ်ပွဲဖြစ်ပွားလာနိုင်ခြင်းဆိုတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ထိုပြဿနာများသည် လူတို့၏ ငြိမ်းချမ်းတည်ငြိမ်မှုကို ဆွဲထုတ်သွားပြီး ဖွံ့ဖြိုးတိုးတက်မှုမရှိခြင်းနှင့် ဆင်းရဲဒုက္ခတွေကို ချန်သွားခဲ့ပါတယ်။ လူတစ်ဦးနှင့်တစ်ဦး နိုင်ငံတစ်နိုင်ငံနှင့်တစ်နိုင်ငံကို ဝေးကွာစေပါတယ်”လို့ ဒေါ်အောင်ဆန်းစုကြည်ကပြောကြားခဲ့ပါတယ်။

ထို့နောက်ဒေါ်အောင်ဆန်းစုကြည်က တစ်ကမ္ဘာလုံးဆိုင်ရာ ပြဿနာတွေကို ဖြေရှင်းရာတွင် ပိုမိုလွယ်ကူ အကျိုးရှိစေရန် နိုင်ငံခေါင်းဆောင်များအနေဖြင့် နိုင်ငံတစ်နိုင်ငံချင်းစီ၏ ကန့်သတ်မှုနှင့် ဖြစ်ပေါ်နေတဲ့ အခက်အခဲများကို စစ်မှန်သည့် နားလည်မှုရှိရန်လိုအပ်ကြောင်း၊ နိုင်ငံအချင်းချင်း မိတ်ဖက်ဆောင်ရွက်မှုတွေအားကောင်းခြင်းဖြင့် ငြိမ်းချမ်းမှုနှင့် အဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို ထိန်းသမ်းမြှင့်တင်နိုင်ရန် ယခု အေဆမ်အစည်းအဝေး၏ ဆောင်ပုဒ်ကို “ငြိမ်းချမ်းရေးနှင့် စဉ်ဆက်မပျက် ဖွံ့ဖြိုးတိုးတက်မှုများအတွက် မိတ်ဖက်ဆောင်ရွက်မှုကို ပိုမိုအားကောင်းစေရန် ဆောင်ရွက်ခြင်း”ဟု အဆိုတင်သွင်းခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

Source : Eleven Media Group

Leave a comment

Your email address will not be published.