ပုဂံရှိ ရှေးဟောင်းနံရံဆေးရေးပန်းချီများကို ထိန်းသိမ်းနိုင်ရန်အတွက် GCI အဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်မည်

ပုဂံ စေတီပုထိုးများရှိ ရှေးဟောင်း နံရံဆေးရေး ပန်းချီ အမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်မှုပေးနိုင်ရန်အတွက် ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှ ၁၈ရက်နေ့အထိ ၄ရက်ကြာ ကနဦး လေ့လာ စမ်းစစ်မှုများပြုလုပ်သွားမှာ ဖြစ်ပါတယ်။

အဆိုပါ ကိစ္စကို အမေရိကန်နိုင်ငံ အခြေစိုက် အနုပညာနှင့် ဗိသုကာ ပညာရပ်များ ထိန်းသိမ်း စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်သည့် Getty Conservation Institute (GCI) အဖွဲ့နှင့် ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန(ပုဂံ) မှ တာဝန်ရှိသူများက ပူးပေါင်း ဆောင်ရွက်မှာဖြစ်ပါတယ်။

ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဒေသအဖြစ် ရောက်ရှိရေး ကြိုးပမ်းလျက်ရှိသည့် ပုဂံဒေသကဲ့သို့ ရှေးဟောင်းနယ်မြေကို နိုင်ငံတကာ အဖွဲ့အစည်းများက လာရောက်ပြီး ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများ လုပ်ကိုင်ခြင်းဖြင့် ရှေးဟောင်း အမွေ အနှစ်များ ရေရှည် တည်တံ့ရေးသာမက ထိန်းသိမ်းရေး လုပ်ငန်းအတွက် အတွေ့အကြုံ ကောင်းများလည်း ရရှိမည် ဖြစ်ကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန(ပုဂံ) မှ ညွန်ကြားရေးမှူး ဦးအောင်အောင်ကျော်က ပြောခဲ့ပါတယ်။

ထို့ပြင် ဦးအောင်အောင်ကျော်က “ထိန်းသိမ်းတဲ့ နေရာမှာ သူတို့နိုင်ငံရဲ့နည်းစနစ်တွေ သိခွင့်ရမယ်။ နိုင်ငံကြီးတွေနဲ့ ပူးပေါင်းပြီး လုပ်တဲ့ အတွက် တို့ဌာနက ဝန်ထမ်းတွေလည်း အတွေ့အကြုံရတာပေါ့။ ပိုမိုကောင်းမွန်တဲ့ ပြုပြင်ထိန်းသိမ်းနည်း စနစ်တွေလည်း ရမယ်။ နိုင်ငံခြားမှာသွားပြီး သင်တန်း တက်မယ်ဆိုရင် တို့နိုင်ငံက အရာရှိ တဦးစ နှစ်ဦးစ လောက်ပဲ တတ်မယ်။ သူတို့ ဒီမှာ လာလုပ်ရင် ဒီမှာရှိတဲ့ ဝန်ထမ်းတွေ အကုန်လေ့လာခွင့်ရမယ်” လို့လည်း ပြောကြားခဲ့ပါတယ်။

ပုဂံ စေတီပုထိုးများရှိ နံရံဆေးရေးပန်းချီများ အပါအဝင် အခြားသော ရှေးဟောင်း အမွေအနှစ်များဟာ သဘာဝဘေး အန္တရယ်များ အပြင် လူများ၏ ဘေးကြောင့်လည်း ထိခိုက်ပျက်စီးမှုများဖြစ်ပွားလျက် ရှိနေတာဖြစ်ပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *