ပြစ်မှုကျူးလွန်သူတွေကို အလွယ်တကူသိရှိနိုင်မယ့် မျက်မှန်ကို တရုတ်ရဲတွေ စတင်အသုံးပြု

တရုတ်နိုင်ငံရှိ ရဲတွေဟာ သံသယရှိတဲ့ တရားခံတွေကို အလွယ်တကူသိရှိစေနိုင်တဲ့ နေကာမျက်မှန်ကို စတင်အသုံးပြုနေပြီးဖြစ်ပါတယ်။ ဒီမျက်မှန်ဟာ အင်တာနက်နဲ့တိုက်ရိုက်ချိတ်ဆက်ထားပြီး တရားခံတွေရဲ့ ပုံနဲ့ သတင်းအချက်အလက်တွေကို တိုက်ရိုက်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ လူတစ်ယောက်ကို မျက်မှန်ကနေ ကြည့်လိုက်ရုံနဲ့ ပြစ်မှုကျူးလွန်သူ ဟုတ်မဟုတ်ကို ဖုန်းမျက်နှာပြင်ပေါ်မှာ မြင်နေရာမှာဖြစ်ပါတယ်။ ဒါကြောင့် လူအုပ်စုကြားထဲမှာပင် တရားခံကို ခွဲခြားတွေ့မြင်နေရမှာဖြစ်ပါတယ်။

လက်ရှိမှာတော့ ရဲတွေဟာ ဒီနည်းပညာသစ်နဲ့အတူ ကျန်ကျိုးမြို့လည်ခေါင် လူသူရှုပ်ထွေးတဲ့ မီးရထားဘူတာရုံမှာလည်း အသုံးပြုနေပြီး တရားခံ ၇ဦးကိုလည်း ဖမ်းဆီးနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရှိရပါတယ်။ ဖမ်းမိခဲ့တဲ့ တရားခံတွေထဲမှာ ယာဉ်တိုက်မှုဖြစ်ပြီး ထွက်ပြေးတဲ့ တရားခံမှအစ လူကုန်ကူးမှုကျူးလွန်တဲ့ တရားခံတွေလည်း ပါဝင်ပါတယ်။

တစ်ဖက်မှာလည်း ဒီနည်းပညာကို အသုံးပြုကာ အစိုးရက သူတို့နဲ့ နိုင်ငံရေးအရ သဘောထားကွဲလွဲသူတွေ၊ ဒါမှမဟုတ် လူနည်းစုနေထိုင်သူတွေကို ခြေရာခံလိုက်နိုင်တယ်ဆိုတဲ့ ဝေဖန်မှုတွေလည်း ထွက်ပေါ်နေပါတယ်။ လက်ရှိမှာတော့ တရုတ်နိုင်ငံတဝှမ်း စီစီတီဗွီ ရုပ်သံကင်မရာ အလုံးရေ သန်း ၁၇၀ လောက် တပ်ဆင်ထားပြီးဖြစ်တယ်လို့ ခန့်မှန်းထားကာ လာမယ့် ၃ နှစ်အတွင်းမှာတော့ သန်း ၄၀၀ လောက်ထိ တပ်ဆင်နိုင်မယ်လို့ သိရှိရပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *