ပြည်သူ့လွှတ်တော်ထဲမှာ ဆန္ဒမဲမပေးတတ်သေးတဲ့ ကိုယ်စားလှယ်တွေရှိနေသလား

ဒီနေ့မတ်လ ၂၃ရက်နေ့နေ့လည်ပိုင်းမှာ ကျင်းပတဲ့ ပြည်သူ့လွှတ်တော်မှာ နိုင်ငံတော်သမ္မတ ရွေးကောက်တင် မြှောက်ဖို့အတွက် ဒုတိယသမ္မတလောင်း ၂ ဦးအနက် တစ်ဦးကို ကိုယ်စားလှယ်များက ဆန္ဒမဲလက်မှတ်နဲ့ ရွေး ချယ်ခဲ့ကြရပါတယ်။ တက်ရောက်လာသူ လွှတ်တော်ကိုယ်စားလှယ် ပေါင်း ၃၀၄ ဦးက ရန်ကုန်တိုင်း တာမွေ မဲဆန္ဒနယ်မှ ဦးဝင်းမြင့်နဲ့ မန္တလေးတိုင်း ပျော်ဘွယ်မဲဆန္ဒနယ်မှ ဦးသောင်းအေးတို့ကို မဲပေးကြရပါတယ်။ မဲပေးသူ စုစုပေါင်း ၃၀၄ ဦးမှာ ဦးဝင်းမြင့်က ၂၇၃ ဦး ထာက်ခံမဲရပြီး ဦးသောင်းအေးက ၂၇ မဲ ရကာ ပယ်မဲ ၄ မဲ တွေ့ရပါတယ်။
ဒီပယ်မဲ ၄ မဲ ကြောင့် တွေးစရာ၊ရေးစရာဖြစ်လာခဲ့ရပါတယ်။ လွှတ်တော်ထဲမှာ ဒီလိုအရေးကြီးတဲ့ ဆုံးဖြတ် ချက်မျိုးချမှတ်ဖို့ မဲပေးကြရမှာ ပယ်မဲဖြစ်သွားတဲ့ ၄ မဲက အင်မတန်စိတ်ဝင်စားစရာ ကောင်း လှပါတယ်။ ဒီလိုပါတီ ကြီးတစ်ခုက အမတ်နေရာအများစုကို ရယူထားချိန်မှာ ဒီပယ်မဲတွေ အကြောင်း ကို ဘယ်သူမှ အလေးအနက်ထား ကြမယ်လို့ မထင်ပါဘူး။ တကယ်လို့ ပါတီကြီးနှစ်ခုကသာ လွှတ်တော်ထဲမှာ သူမသာကိုယ်မသာ အချိုးမျိုးရှိနေမယ် ဆိုရင်တော့ ဒီလိုပယ်မဲတွေက နိုင်ငံတော် သမ္မတရာထူးအတွက် အဆုံးအဖြတ်ပေးသွားမယ့် မဲတွေဖြစ်ပါတယ်။ ခုတော့ လွှတ်တော်ထဲက အင်အားကြီး ပါတီ NLD ကပဲ ဒုတိယသမ္မတအဖြစ် ဦးဝင်းမြင့်ကို ရွေးချယ်ပေးနိုင်ခဲ့ပါပြီ။
ဒီတော့ အများအလေးအနက်မထားတဲ့ ပယ်မဲနဲ့ ပတ်သက်ပြီး စဉ်းစားစရာရှိပါတယ်။ မဲမပေးခင်ကတည်းက အသစ် စက်စက် လွှတ်တော်ဥက္ကဋ္ဌကြီးက မဲပေးနည်းကို အသေးစိတ် ရှင်းပြတာတွေ့ရပါတယ်။ဒီလိုရှင်းပြတာကို သေချာနားမထောင်တာလား၊ နားမလည်တာလား၊ နားလည်အောင်မကြိုးစားတာလားဆိုတာက ပယ်မဲဖြစ်သွားတဲ့ ကိုယ်စားလှယ်တော်ကြီး ၄ဦးပဲ သိပါလိမ့်မယ်။သေချာတဲ့ အဖြေတစ်ခုကတော့ ကိုယ်စားလှယ် ၄ ဦးဟာ ဆန္ဒမဲကို မှန်ကန်အောင် မပေးနိုင်ခဲ့ကြဘူး ဆိုတာပါပဲ။ တကယ်လို့ ဒီကိုယ်စားလှယ် ၄ ဦးကိုသာ ပြည်သူတွေအတိအကျ သိခဲ့မယ်ဆိုရင်တော့ သူတို့ရွေးလိုက်တဲ့ ကိုယ်စားလှယ်ရဲ့ အရည်အချင်းကိုသိပြီး အရှက်ရကြမှာ အမှန်ပါပဲ။
ဒီနေရာမှာ အမှားအတွက် အပြစ်စကားဆိုတာမဟုတ်ကြောင်း ပြောပါရစေ။ ပြည်သူတွေ လွှတ်တော်ထဲကို တကယ်အရည်အသွေးပြည့်မီတဲ့ ကိုယ်စားလှယ်တွေကို ရွေးချယ်တတ်ဖို့လိုတယ် ဆိုတဲ့ သင်ခန်းစာကို ရစေချင်လို့ပါ။ အရည်အချင်းရှိတဲ့ ကိုယ်စားလှယ်တွေ လွှတ်တော်ထဲရောက်ပြီး မြန်မာပြည်ကြီး အမြန်ဆုံးတိုးတက်ပါစေ။

Leave a comment

Your email address will not be published.