ဗီယက်နမ်က ပထမဆုံးစမတ်ဖုန်း Vsmart ကို ဒီဇင်္ဘာ ၁၄ မှာ စတင်မိတ်ဆက်တော့မယ်

ရွှေတွေလို့ ကိုယ့်ကိုယ်ကို တင်စားခေါ်ဝေါ်နေကြတဲ့ ကိုယ်ရွှေမြန်မာတွေ အများစုအတွက် ကိုရီးယားတံဆိပ်ကနေ တရုတ်တံဆိပ် စမတ်ဖုန်းတွေအပြင် မကြာခင်ကာလမှာ နောက်ထပ် လက်ဆော့စရာ၊အချိန်ဖြုန်းစရာတစ်ခုအပြင် ကိုယ်နဲ့ မကွာ တွယ်တာခုံမင်ရမယ့် စမတ်ဖုန်းသစ်တစ်မျိုးကို ဗီယက်နမ်တွေကပါ စတင်မိတ်ဆက်ပါတော့မယ်။
ကိုယ်ရွှေမြန်မာတွေအတွက် မနက်မိုးလင်းကနေမိုးချုပ်ထိ မီးဖိုချောင်ထဲက ငံပြာရည်လေးကအစ ဝယ်လိုက်တဲ့ အသုံး အဆောင်တွေထဲမှာ Made In Myanmar က နည်းလေတော့ သုံးလိုက်တဲ့ ငွေကြေးတွေအများစုဟာလည်း အိမ်နီး ချင်းတွေဆီပဲ ရောက်သွားတော့တာကြာခဲ့ပြီမို့ ကျင့်သားတော့ရနေကြပါပြီ။ ဟော အခုတစ်ခါ စီးပွားရေးတိုးတက်မှု မြန်ဆန်လွန်းလှတဲ့ ဗီယက်နမ်ကလည်း သူ့ရဲ့ စမတ်ဖုန်းသစ် Vsmart နဲ့ ကိုရွှေမြန်မာတွေရဲ့ အိပ်ကပ်ထဲက ရှိစုမဲ့စု ငွေစလေးတွေကိုချွေမျှယူဖို့အစီအစဉ်ကိုစလိုက်ပြန်ပါပြီ။
Vsmart ပိုင်ရှင် Vingroup
Vsmart ဟာ ဗီယက်နမ်ရဲ့ ပထမဆုံးသောစမတ်ဖုန်းဖြစ်ပြီး ဗီယက်နမ်ရဲ့ အကြီးမားဆုံး စီးပွားရေး လုပ်ငန်းစု ကြီးတစ်ခုဖြစ်တဲ့ Vingroup က နိုင်ငံရဲ့မြောက်ပိုင်းမြို့တော် Haiphong မှာထုတ်လုပ်မှာဖြစ်ပြီး ပထမအဆင့်အနေနဲ့ တစ်နှစ်ကို ၅ သန်းထုတ်လုပ်မှာဖြစ်တယ်လို့ သိရပါတယ်။ Vingroup ဟာ နှယ်နှယ်ရရတော့မဟုတ်ပါဘူး။ မျိုးချစ် စိတ်ရှိပြီး ရည်ရွယ်ချက်မြင့်မားတဲ့ ဗီယက်နမ်လူငယ်အုပ်စုတစ်စုက ၁၉၉၃ခုနှစ်မှာ Technocom အမည်နဲ့ ယူကရိန်း မှာ စတင်ထူထောင်ခဲ့ကြတာဖြစ်ပါတယ်။ ယူကရိန်းမှာ Mivina အမှတ်တံဆိပ်နဲ့ အစားအသောက်ထုတ်လုပ်တာ အရမ်းအောင်မြင်ခဲ့ကြပြီး ဆင်းရဲနေတဲ့သူ့နိုင်ငံကို တိုးတက်အောင်ဝိုင်းကူဖို့ ၂၀၀၀ ခုနှစ်မှာ မိခင်နိုင်ငံကို ပြည်တော်ပြန် ခဲ့ကြပါတယ်။ Vingroup-Techocom ဟာ ၂၀၀၀ခုနှစ် သူ့နိုင်ငံစရောက်ချိန်မှာ Vincom နဲ့ Vinpearl ဆိုတဲ့ အဓိက အမှတ်တံဆိပ် ၂ခုကိုပဲ စတင်လုပ်ဆောင်ခဲ့တယ်။ ၂၀၁၂ ဇန္တွဝါရီမှာတော့ Vingroup Joint Stock Company ဆိုပြီးဖြစ်လာတာ အခုအခါမှာတော့ လုပ်ငန်းခွဲပေါင်းများစွာနဲ့ ဗီယက်နမ်ဈေးကွက်မှာ တန်ဖိုးမြင့်မားဆုံး အမှတ်တံဆိပ်တစ်ခု ဖြစ်လာခဲ့ပါပြီ။ Vingroup ရဲ့ စီးပွားရေးခြေလှမ်းတွေကတော့ နည်းပညာ၊ အကြီးစား စက်မှု လပ်ငန်း၊လက်လီရောင်းဝယ်ရေး၊အိမ်ယာအဆောက်အအုံ၊ဧည့်ခံဖျော်ဖြေရေး၊ကျန်းမာရေးစောင့်ရှောက်မှု၊ပညာရေးနဲ့ စိုက်ပျိုးရေးတွေအထိနယ်ပယ်စုံလှတဲ့ ဧရာမ လုပ်ငန်းစုကြီးဖြစ်ပါတယ်။
Vingroup ရဲ့ ဒုတိယဥက္ကဋ္ဌနဲ့ စီအီးအိုလည်းဖြစ်တဲ့ Nguyen Viet Quang တော့ VinFast မော်တော်ကားနဲ့အတူ Vsmart ဖုန်းဟာလည်း ဗီယက်နမ်စက်မှုဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဗီယက်နမ်အမှတ်တံဆိပ်တွေ ကမ္ဘာသို့ ထိုးဖေါက်ရေး အတွက် တိုးမြင့်လုပ်ဆောင်ပေးပါလိမ့်မယ်လို့ ပြောခဲ့ပါတယ်။တကယ့်ကို အားကျစရာပါ။

ကဲ၊ကိုယ်ရွှေမြန်မာတို့ သိတဲ့အတိုင်းပါပဲ။ဗီယက်နမ်ဟာ ကြိုးစားအားထုတ်မှုနဲ့အတူ ဘက်ပေါင်းစုံတိုးတက် လာတဲ့ အတွက် အခုအခါမှာ ထိုင်းနောက်မှာ နင်လားငါလားယှဉ်ပြိုင်လိုက်ပါလာတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်လာပါပြီ။ ဗီယက်နန် ထုတ်ကုန်တွေကလည်း ကမ္ဘာတစ်ဝန်းထိုးဖေါက်ဝင်ရောက်လာနေပါပြီ။ ကိုယ်ရွှေမြန်မာတွေကလည်း တိုင်းပြည် တိုးတက်ရေးအတွက် စည်းစည်းလုံးလုံးနဲ့ ဝိုင်းဝန်းကြိုးပမ်းချိန်ရောက်ပါပြီ။ မြန်မာ့အားကစား ကမ္ဘာကိုမလွှမ်းရင်လည်း ပြသနာမရှိသေးပါဘူး။ဒါပေမဲ့ မြန်မာထုတ်ကုန်တွေတော့ ကမ္ဘာ့နိုင်ငံတွေဆီရောက်အောင်လုပ်ပြီး နိုင်ငံရဲ့ ကုန်သွယ်မှု ပိုငွေရဖို့ ကြိုးစားချိန်တန်ပါပြီ။ဒါ့အပြင် ပြည်ပနိုင်ငံရောက် ထူးချွန်ထက်မြက်ပြီး ရည်ရွယ်ချက်မြင့်မားတဲ့ မြန်မာလူငယ်တွေ Vingroup လိုပဲ တိုင်းပြည်တိုးတက်ရေးအတွက် ပြည်တော်ပြန်နိုင်ကြပါစေလို့ ဗီယက်နမ်ရဲ့ မင်္ဂလာသတင်းနဲ့အတူ စာ ရေးသူရဲ့ စိတ်ရင်းကို ရေးသားတင်ပြလိုက်ရပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *