ဗီယက်နမ်တွေ ချံပီယံဖြစ်ပြီ

မနေ့က ဗီယက်နမ်နိုင်ငံမှာ ဒုတိယအကျော့ ဆူဇူကီးဖလား ၂၀၁၈ ဘော်လုံးဗိုလ်လုပွဲအဖြစ် ဗီယက်နမ်နဲ့ မလေးရှားတို့ ကစားကြရာမှာ ဗီယက်နမ်က တစ်ဂိုး၊ဂိုးမရှိနဲ့ အနိုင်ရသွားပြီး ဗိုလ်စွဲခဲ့ပါတယ်။ ဒါဟာ ဗီယက်နမ်အတွက် ပထမဆုံး အကြိမ်ဗိုလ်စွဲခြင်းဖြစ်တဲ့ အတွက် မနေ့ ညကတော့ ဗီယက်နမ်တွေအတွက် ပျော်မဆုံးတဲ့ ညတစ်ညပါပဲ။ဒီနေ့မှာတော့ ဗီယက်နမ်တွေ ချံပီယံဖြစ်ပြီ Vietnam are Champion! ဆိုတဲ့ စာလုံးကြီးကြီး ခေါင်းကြီးပိုင်းသတင်းတွေဟာ ဗီယက် နမ်သတင်းစာမျက်နှာတွေပေါ်မှာနေရာယူနေတာတွေ့ရပါတယ်။
ဘယ်နိုင်ငံဘယ်လူမျိုးပဲဖြစ်ဖြစ်တိုးတက်အောင်မြင်မှုကိုတော့ လူသားတစ်ယောက်အနေနဲ့ ကြိုဆိုရမှာဖြစ်ပါတယ်။ လွန်ခဲ့ တဲ့ ၁၉၈၈ ကာလတွေဆီက ကိုယ်တို့လိုပဲ ဘာမှမဟုတ်သေးတဲ့ ဗီယက်နမ်တွေဟာ ဒီနေ့တော့ အာဆီယံဒေသအတွင်း စီးပွားရေးအပါအဝင် အစစအရာရှေ့ရောက်လို့ လာခဲ့ပါပြီ။ ကိုယ်တွေကတော့ ခုချိန်ထိ တိုးတက်ဖြစ်ထွန်းမှုရယ်လို့ မယ်မယ်ရရလက်ညှိုးထိုးပြစရာမရှိလောက်အောင်ဖြစ်နေရုံသာမက တိုင်းရင်းသားစည်းလုံးညီညွတ်ရေး လမ်းကြောင်း ပေါ်ခုထိမလျှောက်နိုင်သေးတာရယ်၊အမြင်မတူတဲ့ လူအုပ်စုတွေကြားမလိုမုန်းထားမှုတွေ များလာနေသလို နိုင်ငံရေး ပါတီစွဲ၊ဝါဒစွဲတွေကလည်း တိုင်းပြည်တိုးတက်ရေးကို အနှောင့်အယှက်သဖွယ်ဖြစ်နေတာမျိုးကိုတွေ့မြင် နေရပါတယ်။ အစဉ်အဆက် အမြစ်တွယ်လာခဲ့တဲ့ အကျင်းစရိုက်ဆိုးတွေကြောင့် တိုင်းပြည်ဆင်းရဲတွင်းနက်ခဲ့တာတောင်မှ ယခုအချိန် ထိဒီအကျင့်ဆိုးတွေကိုမဖျောက်ချင်တဲ့ပြည်သူတစ်ချို့ကိုလည်းတွေ့မြင်နေရပါသေးတယ်။
အခုဒီပိုစ့်ရေးနေစဉ်မှာပဲ ဗီယက်နမ်စီးပွားရေးလုပ်ငန်းရှင်တွေဟာ ရန်ကုန်မြို့ တပ်မတော်ခန်းမမှာ Vietnamexpo 2018 ကို ၄ ရက်တိုင်ပြသနေပါတယ်။ ဒီနေ့ဟာ နောက်ဆုံးနေ့ပါပဲ။ဗီယက်နမ်ဟာ ဒီနေ့သူများထုတ်လုပ်နိုင်တဲ့ အရာ တွေကို လိုက်လုပ်နိုင်တဲ့ အတွက် ဒီပြပွဲမှာ ကုန်စုံ၊ အမျိုးအစားစုံနီးပါးတွေ့မြင်နေရပါတယ်။ ရန်ကုန်သူ ရန်ကုန် သားတွေ ကတော့ ထုံးစံအတိုင်း တိုးဝှေ့ဝယ်နေကြလေရဲ့။

အင်္ဂလိပ်စကားကို လုံးစေ့ပတ်စေ့ မပြောတတ်တဲ့ ဗီယက်နမ် တွေ သူတို့ရဲ့ ကုန်အမှတ် တံဆိပ်တွေ နိုင်ငံတကာ ဈေး ကွက်ဆီရောက်ဖို့ ကြိုးစားနေကြဟာဖြင့် တကယ့်ကို အားတက်စရာ ဖြစ်သလို လာရောက်ပြသကြတဲ့ လုပ်ငန်းရှင် တွေ အများစုကလည်း ရန်ကုန်က ရပ်ကွက် လဘက်ရည်ဆိုင်တွေမှာ လ ဘက်ရည်တစ်ခွက်နဲ့ အချိန်ဖြုန်းနေတဲ့ အရွယ်တွေ ဖြစ်ပါတယ်။ ခေတ်အဆက်ဆက်အုပ်ချုပ်ခဲ့ကြသူတွေဟာ တိုင်းပြည် တိုးတက်ရေးအတွက် များများရောင်းနိုင် အောင် လုပ်ရမယ်ဆိုတဲ့ အင်မတန်ရိုးရှင်းတဲ့ အတွေးလောက်ကို တောင်မသိခဲ့ ကြလေသလား၊သိရဲ့နဲ့ တိုင်းပြည်အကျိုးကို မလုပ်ခဲ့ကြလေသလားစဉ်းစားမိတိုင်းစိတ်မကောင်းဖြစ်ရပါတယ်။

ခုတလောတော့ နိုင်ငံတော်အတိုင်ပင်ခံကိုယ်တိုင် လူငယ်စွန့်ဦးထွင်အသင်းမှာ တက်ရောက်အမှာစကား ပြောခဲ့တာ လည်း သတိပြုမိပါတယ်။ စကားထဲမှာ မြန်မာတွေ Teamwork မဖြစ်တာကို ထည့်သွင်းပြောသွားတာ ကြားလိုက်ရသလို လူငယ်တွေကို သူများမလုပ်နိုင်တာကို တီထွင်လုပ်ကြဖို့လည်းမှာကြားသွားတာ ကြားလိုက်မိပါတယ်။ မိမိအမြင်အရပြော ရမယ်ဆိုရင် သူများမလုပ်သေးတာကို လုပ်နိုင်ဖို့ ဆိုတာ အရင်ဆုံးသူများလုပ်တာလောက်ကို လုပ်တတ်ဖို့လိုတယ်လို့ မြင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဗီယက်နမ်ကတော့ သူများလုပ်တာတွေကို လိုက်လုပ်နေတာ ဘော်လုံးမှာတောင် ချံပီ ယံဖြစ် လာခဲ့ပါပြီ။ တင်ပြချင်တာက သူများမလုပ်နိုင်တာကို လုပ်နိုင်ခဲ့ကြရင် ဒီတိုင်းပြည်ဒီတိုင်းဆင်းရဲမနေပါဘူး။ ဒီလိုလုပ်နိုင် ကြရင်တော့ အကောင်းဆုံးပေါ့ဗျာ။ခုလေလောဆယ်မှာ များများ မတောင်းဆိုပါဘူး။ဗီယက်နမ်လို သူများလုပ်တာတွေကို ဖြစ်အောင်လုပ်ပြကြစမ်းပါ။သူများလုပ်သလောက်ကိုသာ ဖြစ်အောင်ကြိုးစားကြစမ်းပါလို့ ရေးသားလိုက်ရပါတယ်။ မြန်မာ ပြည်ကြီး ဆင်းရဲခြင်းဒုက္ခက အမြန်ဆုံး လွတ်ကင်းနိုင်ပါစေ။

Leave a comment

Your email address will not be published. Required fields are marked *