ဘဏ်စာရင်းထဲမှ ငွေများ အွန်လိုင်းမှလိမ်လည်ထုတ်ယူတာတွေ များလာနေ

တစ်နေ့ထက်တစ်နေ့ လူမှုကွန်ရက်တွေ၊အင်တာနက်အသုံးပြုတဲ့ ငွေပေးငွေယူစနစ်တွေ တိုးတက်များပြား လာတာနဲ့ အမျှ ဘေးထွက်ဆိုးကျိုးအနေနဲ့ ငွေကြေးလိမ်လည်မှုတွေလည်း ကပ်လျက်လိုက်ပါလာတာကို တွေ့မြင်နေရပါတယ်။ လူမှုကွန်ရက်တွေပေါ်မှာ မိတ်ဖွဲ့ရင်း တစ်ဘက်လူရဲ့ အားနည်းချက်တွေ၊လောဘတွေကို အသုံးချကာလိမ်လည်ကြသလို အင်တာနက်မှတဆင့် တစ်ဘက်လူရဲ့ ငွေကြေးအချက်အလက်ဆိုင်ရာ လျှို့ဝှက်ချက်တွေကို လိမ်လည်ရယူပြီး ထိုသူရဲ့ ဘဏ်စာရင်းထဲက ငွေတွေကို လိမ်လည်ထုတ်ယူတာမျိုးတွေလည်း များလာနေပါတယ်။ တလောကပဲ ဗီယက်နမ်မှာ ငွေပေးချေကဒ်အတုတွေနဲ့ လာလိမ်ကြတဲ့ တရုတ်နိုင်ငံသားတွေ ဖမ်းဆီးခံရတာ ဖတ်လိုက်ရပါတယ်။
အခုတလောတော့ ထိုင်းနိုင်ငံဘဏ်လုပ်ငန်းရှင်များအဖွဲ့ကနေ သူတို့ရဲ့ ဖေါက်သည်တွေကို ဘဏ်အကောင့်ထဲကနေ ငွေကြေးလိမ်လည်ထုတ်ယူမှုတွေမခံရဖို့အတွက် အထူးသတိပြုကြဖို့ သတိပေးထားတဲ့ အကြောင်း ဘန်ကောက်ပို့စ် ထဲ မှာ ဖတ်ရပါတယ်။ မြန်မာနိုင်ငံမှာလည်း အွန်လိုင်းဘဏ်စနစ်အသုံးပြုသူတစ်ချို့ ငွေကြေးလိမ်လည်ခံရတာတွေကို သ တင်း ကြားလိုက်မိပါသေးတယ်။
ဒီလိုလိမ်လည်ခြင်းကို အင်္ဂလိပ်လိုတော့ Phishing လို့ခေါ်ပါတယ်။ အိမ်နီးချင်းထိုင်းနိုင်ငံမှာတော့ လွန်ခဲ့တဲ့ သောကြာ နေ့ကစပြီး Phishing နဲ့ အပွကြံသူတွေ နိုင်ငံအနှံပျံ့နှံ့နေတယ်လို့ သိရပြီး ဆုံးရှုံးနစ်နာမှုကြီးတွေတော့ မဖြစ်ပေါ်သေး ဘူးလို့ ဆိုပါတယ်။ထိုင်းနိုင်ငံမှာ ဘဏ်လုပ်ငန်းရှင်တွေအသင်းရဲ့အောက်မှာ ထိုင်းဘဏ်လုပ်ငန်းကဏ္ဍ ကွန်ပျူတာ အရေးပေါ်တုန့်ပြန်ဆောင်ရွက်ရေး အဖွဲ့ Thailand Banking Sector Computer Emergency Response Team (TB-CERT) ဆိုတာရှိပါတယ်။ ဒီမှာတော့ ရှိမရှိမသိပါဘူး။ ဒီအဖွဲ့က ၂၀၁၇ ကတည်းက ထိုင်းနိုင်ငံထဲမှာ Phishing တွေ ရှိနေတယ်ဆိုတာ သတင်းရခဲ့ ပြီး သူတို့ရဲ့ ဖေါက်သည်တွေဆီ Phishing လုပ်ဖို့ ကြိုးစားကြသူတွေရဲ့ အီး မေးလ်တွေကို ချက်ချင်းသတင်းပေးပို့ပြီး ကာကွယ်နိုင်ခဲ့ပါတယ်။
တကမ္ဘာလုံးကို Phishing လုပ်နေတဲ့ ဝက်ဆိုက်ပေါင်းဟာ လွန်ခဲ့တဲ့ ၂၀၁၈ ဒုတိယ လေးလအတွင်းက ၂၅၀၀၀၀ ရှိ ခဲ့ရာကနေ နှစ်ကုန်ခါနီး တတိယ လေးလပတ်မှာ ၉၀၀၀၀၀ အထိတိုးလာကြောင်းသိရပါတယ်။ လိမ်လည်သူတွေဟာ ယုံကြည်စိတ်ချရသူအယောင်ဆောင်ပြီး အွန်လိုင်းပေါ်ကနေ ထိုးဖေါက်ဝင်ရောက်ကာ သားကောင်တွေရဲ့ အီးမေးလ် တွေ၊Username တွေ၊လျှို့ဝှက်နံပါတ် Password တွေနဲ့ ဘဏ်အကောင့်ဆိုင်ရာအချက်အလက်တွေကို ရယူကြပါ တယ်။ သူတို့ရဲ့ အလိမ်အညာ ဝက်ဆိုက်အတုတွေနဲ့ သားကောင်တွေဆီ ချဉ်းကပ်ခါ သားကောင်တွေရဲ့ ကိုယ်ရေး အချက် အလက်တွေကို ရယူတတ်ကြပါတယ်။
ဒါတွေကို ကာကွယ်ဖို့ ဆိုရင်တော့ အယုံမလွယ်ဖို့၊စိတ်မချရတဲ့ လင့်တွေ၊အီးမေးလ်တွေကို ကလစ်မလုပ်မိဖို့နဲ့ ကိုယ့်ရဲ့ ကိုယ်ရေးလှို့ဝှက်ချက်တွေကို အလွယ်တကူ မပေးမိဖို့ လိုပါတယ်။ လူမှုကွန်ရက်တွေကတစ်ဆင့် အများသတိပြုမိ အောင် မျှဝေပေးဖို့လိုပါတယ်။ တကယ်လို့ Phishing လုပ်ခံရတယ်လို့ သံသယရှိရင်တော့ မိမိကိုဝန်ဆောင်မှု ပေးနေတဲ့ ဘဏ်ဆီကို ချက်ချင်းဆက်သွယ် သတင်းပေးပို့ဖို့လည်းလိုတယ်လို့ သိရပါတယ်။ဘဏ်တွေက အချိန်မီတယ် ဆိုရင်တော့ password ကို ချက်ချင်းပြောင်းပြီး ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။
ဒီမှာတော့ ဒီလိုလိမ်လည်မှုအတွက် ဘဏ်တွေဘက်ကရော၊အစိုးရဘက်ကရော ဘယ်အတိုင်းအတာထိ ပြင်ဆင်ပြီး ပြီ လဲဆိုတာ အတိအကျ မသိရသေးပါဘူး။ ထိုင်းနိုင်ငံမှာတော့ လက်ရှိအချိန်ထိ လိမ်လည်ဝင်ရောာက်လာတဲ့ အီးမေးလ် လက်ခံရရှိသူတွေထဲက ၂% လောက်ဟာ သားကောင်အဖြစ်ကျရောက်ခံ့ပြီလို့ သိရသလို ထိုင်းဘဏ်လုပ်ငန်းရှင်တွေ က ပြည်သူတွေကို သတိပေးရင်း လိမ်လည်တဲ့ ဝက်ဆိုက် ၂၀ကျော်ကိုလည်း မှတ်တမ်းပြုစုပြီးဖြစ်တယ်လို့ သိရပါ တယ်။
လျင်မြန်လှတဲ့ နည်းပညာခေတ်ကြီးမှာ မြန်မာတွေဟာ ခုမှ နိုးထစအချိန်ပဲရှိပါသေးတယ်။ နောင်မှာ ငွေကြေး ဆိုင် ရာ အပေးအယူတွေမှာ ဒီထက်မက နည်းပညာနဲ့ လူမှုကွန်ရက်တွေကို အသုံးပြုလာကြရမှာ မလွဲပါဘူး။ ဒီအချိန် အ တွက် နည်းပညာဆိုင်ရာလိုအပ်ချက်တွေကို ဖြည့်ဆည်းကြရမှာ ဖြစ်သလို လူမှုကွန်ရက်နဲ့ နည်းပညာကို ထိထိ ရောက် ရောက်အသုံးပြုတတ်အောင်ကြိုးစားကြဖို့ လိုပါကြောင်း တင်ပြလိုက်ရပါတယ်။

Ref: Bangkok Post

Photos Credits: malwarebyteslab/rackspace blog

Leave a comment

Your email address will not be published. Required fields are marked *