ဘီယာဝယ်ခွင့်မရခင် သေနတ် ဝယ်ခွင့်ရတဲ့အမေရိကန်နိုင်ငံ

အမေရိကန်လို့ပြောလိုက်ရင် လူတိုင်းနီးပါးလောက်က အထင်ကြီးတတ်ကြပါတယ်။ ဒါလည်းမဆန်းပါဘူး။ သူက ဆူပါပါဝါရှိတဲ့ ဒီမိုကရေစီနိုင်ငံကြီးဖြစ်သလို ဒီပါဝါကြီးကို အသုံးချပြီး တစ်ကမ္ဘာလုံးကို လွှမ်းခြုံကစားတဲ့ နိုင်ငံခြားရေးပေါ်လစီတွေကလည်း ရှိနေပါတယ်။ လူတစ်ဦးချင်းစီရဲ့ လူ့အခွင့်အရေးစံတွေအပြည့်အဝရတဲ့ နိုင်ငံကြီးတစ်ခုအဖြစ် ဂုဏ်သတင်းကြီးတဲ့ နိုင်ငံလည်းဖြစ်ပါတယ်။ ဒီလိုအဖက်ဖက်က ပြည့်စုံနေတဲ့ နိုင်ငံကြီးတစ်ခုဖြစ်ပါလျှက်နဲ့ အားနည်းချက်ပေါင်းများစွာကလည်းရှိနေပြန်ပါတယ်။

မကြာခင်ရက်ပိုင်းကပဲ အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ်က အထက်တန်းကျောင်းတစ်ကျောင်းမှာ အသက်၁၉ နှစ်ပဲရှိသေးတဲ့ ကျောင်းသားဟောင်းတစ်ဦးရဲ့ ပြစ်ခတ်မှုကြောင့် လူ၁၇ ဦးသေဆုံးခဲ့ရတဲ့အဖြစ်ဟာ အမေရိကန်ရဲ့ အားနည်းချက်ပေါင်းများစွာထဲက တစ်ခုပဲဖြစ်ပါတယ်။ အဲဒါကတော့ အမေရိကန်လူငယ်တွေဟာ ဥပဒေအရ ဘီယာတစ်ပုလင်းတောင်ဝယ်ခွင့် မရှိတဲ့ အရွယ်မှာ AR-15 လို ရိုင်ဖယ်သေနပ်ကို ဝယ်ယူခွင့်ရတာပဲဖြစ်ပါတယ်။

ကျောင်းသားဟောင်း လူသတ်သမားဟာ အသက် ၁၉နှစ် အရွယ်သာရှိသေးတဲ့ Nikolas Cruz ဆိုသူ ဖြစ်ပါတယ်။ အမေရိကန်မှာ အရက်ဘီယာတစ်ပုလင်းဝယ်ဖို့ ဥပဒေအရသတ်မှတ်ထားတဲ့ အသက်ကန့် သတ်ချက်က ၂၁ နှစ်ဖြစ်ပေမဲ့ ပြည်နယ်အများစုမှာ AR-15 လိုရိုင်ဖယ်မျိုးဝယ်ယူဖို့ အသက်လိုအပ်ချက်က ၁၈ နှစ်သာဖြစ်ပါတယ်။ ကဲ၊ အံ့သြစရာမကောင်းပေဘူးလား။ ဒါဆိုရင်သေချာပါပြီ။ လူသတ်သမား Cruz ဟာ အရင်နှစ်ကတည်းက AR-15 ကို ဝယ်ယူခွင့်ရခဲ့ပါပြီ။ ဒါကြောင့်လည်း သူ့ရဲ့ Social Media စာမျက်နှာတွေမှာ သေနက်ကိုင်ပြီး လူသိရှင်ကြားအသိပေးခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ်။ ဒါတောင် ဒီအသက်ကန့် သတ်ချက်ဟာ ဖလော်ရီဒါပြည်နယ် အစိုးရရဲ့ ကန့်သတ်ချက်ပါ။

ပြည်နယ်ပေါင်း၂၈ ခုမှာ ဒီလိုရိုင်ဖယ်မျိုး ကိုင်ဆောင်ဖို့ အသက်ကန့်သတ်ချက်တောင်မရှိပါဘူး။ ပြည်နယ် ၄ ခုမှာဆိုရင် အသက် ၁၄နှစ်ကနေ ၁၆ နှစ်ကြားဆိုရင် ဒီလိုလက်နက်မျိုးကိုင်ဆောင်ခွင့်ရှိပါတယ်။ ခုတော့ သူတို့ရဲ့ လက်နက်ကိုင်ဆောင်ခွင့် ဥပဒေဟာ ဟောင်းနွမ်းပြီး ခေတ်မမီတော့တာကြောင့် ပြင်ဆင်ရမယ်လို့ တာဝန်ရှိသူတွေက ဆိုလာပြန်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လူတွေအရမ်းအထင်ကြီးတဲ့ အမေရိကန်ရဲ့ လက်နက်ကိုင်ဆောင်ခွင့် ဥပဒေအားနည်းချက် တွေကြောင့် အပြစ်မဲ့ပြည်သူတွေရဲ့ အသက်တွေဆုံးရှုံးခဲ့ရတာကတော့ များသထက်များလာနေပါတယ်။ လောကသဘောအရ အဆိုးနဲ့အကောင်းကတော့ ယှဉ်တွဲရှိနေမှာပဲဆိုတဲ့ သင်ခန်းစာကိုတော့ ရလိုက်ပါတယ်။ လူသားအားလုံး ဘေးကင်းကြပါစေ။

Leave a comment

Your email address will not be published. Required fields are marked *