မော်လမြိုင်-ရန်ကုန်လမ်းတွင် မူးယစ်ဆေးဖမ်းမိခဲ့ပြီး ကွင်းဆက်လိုက်ရာ မြဝတီတွင်ထပ်မံဖမ်းဆီးရမိ

လွန်ခဲ့တဲ့ ဇန်နဝါရီလ ၁၆ရက်နေ့တွင် မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ခမိတ်ကျေးရွာ၊ မော်လမြိုင်မှ ရန်ကုန်သို့သွားရာ အဝေးပြေးလမ်းတွင် ဆိုင်ကယ်ဖြင့် မောင်းနှင်လာသူ ဦးအောင်မြိုင်နှင့် စီးနှင်းလာသူ ဦးအောင်မြိုင်၏ ဇနီး ဒေါ်မင်းမင်းစိုး (ခ) မေစိုးတို့ကို စစ်ဆေးခဲ့ရာ၌ ဒေါ်မင်းမင်းစိုး လွယ်ထားသော လွယ်အိတ်ထဲမှ WY စိတ်ကြွဆေး၂၀၀၀ ကို ဖမ်းဆီးရမိခဲ့ပါတယ်။

ဒေါ်မင်းမင်းစိုးကို စစ်ဆေးမေးမြန်းခဲ့ရာ မြဝတီမြို့နေ အောင်သန်းမြင့် (ခ) အလစ် (ခ) အကောက်ထံမှ ဝယ်ခဲ့ကြောင်းထွက်ဆိုခဲ့ပြီး၊ ဦးအောင်မြိုင်အား မေးမြန်းခဲ့ရာတွင် မျိုးမြင့်အောင် (ခ) ဝတုတ်ထံမှ ဝယ်ယူခဲ့ကြောင်း ထွက်ဆိုခဲ့တယ်လို့သိရှိရပါတယ်။

ထိုသို့ ထွက်ဆိုမှု ကွင်းဆက်အရ ရဲတပ်ဖွဲ့က မျိုးမြင့်အောင် အားဖုန်းဆက်၍ မူးယစ်ဆေး ဝယ်ယူရန် ပြောဆိုခဲ့ရာ အမှတ်(၃) ရပ်ကွက်၊ မိချောင်းကုန်း ဘုန်းကြီးကျောင်း အနောက်ဘက်ရှိ ကုန်းမြင့်သာယာလမ်းသို့ လာရန် ချိန်းဆိုခဲ့သဖြင့် သွားရောက်ခဲ့ကြောင်းသိရှိရပါတယ်။

ဦးမြင့်အောင်နှင့် ဇနီး ဒေါ်မဖြူဖြူ (ခ) မကြည်ပြာတို့ ဟွန်ဒါဖစ် ခဲရောင်ကားဖြင့် စိတ်ကြွဆေးများလာရောက်ပို့ဆောင်စဉ် ရဲများက စောင့်ဖမ်းခဲ့သဖြင့် စိတ်ကြွဆေး ၉၈၀၀ ပြားနှင့် မြန်မာငွေ ၁၄၅၀၀ကျပ် အပြင် ဆင်းကဒ်မျိုးစုံထည့်ထားသော ဖုန်းလေးလုံကို ဦးမြင့်အောင်တို့ နှင့်အတူ ဖမ်းဆီးရမိခဲ့ပါတယ်။

မော်လမြိုင်-ရန်ကုန်လမ်းတွင် ဖမ်းမိသော ဦးအောင်မြိုင်နှင့် ဇနီးဒေါ်မင်းမင်းစိုး၊ မြဝတီတွင်ဖမ်းမိသော ဦးမြင့်အောင်နှင့် ဇနီး ဒေါ်မဖြူဖြူတို့ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေဖြင့် အမှုဖွင့်ပြီး ဖမ်းဆီးထားကြောင်းသိရှိရပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *