မျက်ကပ်မှန်တပ်သူတွေ သတိထားရမည့်အရာများ

မျက်ကပ်မှန်အသုံးပြုသူတွေအနေနဲ့ တိကျတဲ့နည်းလမ်းတွေကို မှန်မှန်ကန်ကန်လိုက်နာပြီး အသုံးပြုမယ်ဆိုရင် အမြင်အာရုံကို အထောက်အကူပြုဖို့အတွက် အသုံးပြုနိုင်ပါတယ်။ နည်းလမ်းမှန်ကန်စွာအသုံးမပြုဘူးဆိုတော့ မျက်စိကို ထိခိုက်စေနိုင်ပါလိမ့်မယ်။ မျက်မှန်ကန်ကို ဘယ်လိုမှားယွင်းစွာ အသုံးပြုနေကြလဲဆိုတာကို လေ့လာကြည့်ရအောင်။

မျက်ကပ်မှန်တပ်ပြီး အိပ်ခြင်း

မျက်စိအပေါ်ယံလွှာကို ကာကွယ်ပေးနေတဲ့ အင်ဇိုင်းတွေက ပိုးမွှားတွေကို ဖယ်ရှားနိုင်ဖို့အတွက် အောက်ဆီဂျင်ကို လိုအပ်ပါတယ်။ ညဘက်အိပ်တဲ့အခါမှာ မျက်စိကမှိတ်ထားရတာကြောင့် အောက်ဆီဂျင်ရရှိမှု လျော့နည်းစေပါတယ်။ ဒါ့အပြင် မျက်ကပ်မှန်တပ်အိပ်လိုက်မယ်ဆိုရင် အောက်ဆီဂျင်ပြတ်လပ်သွားနိုင်ပါတယ်။

မသန့်ရှင်းတဲ့လက်တွေနဲ့ မျက်ကပ်မှန်ကို ကိုင်တွယ်ခြင်း

မျက်စိထဲကို မသန့်ရှင်းတဲ့အရာဝတ္ထုတွေမဝင်အောင် မျက်ကပ်မှန်ကို မကိုင်ခင် လက်ကိုသန့်ရှင်းအောင် ဆေးကြောသင့်ပါတယ်။ မသန့်ရှင်းတဲ့လက်နဲ့ မျက်ကပ်မှန်တပ်လိုက်မိရင် လက်ကတစ်ဆင့် ပိုးမွှားတွေ မျက်စိကို ကူးစက်သွားနိုင်ပါတယ်။

မျက်ကပ်မှန်ကို မဆေးကြောခြင်း

မျက်ကပ်မှန်မှာလည်း ပိုးမွှားတွေကပ်နေတတ်တာကြောင့် မျက်ကပ်မှန်ဆေးရည်နဲ့ ဆေးကြောသန့်စင်ပြီး သန့်ရှင်းအောင် ထားပေးသင့်ပါတယ်။

မျက်ကပ်မှန်ဆေးရည်ကို တစ်နေ့တစ်ကြိမ်မလဲခြင်း

မျက်ကပ်မှန်ကို အသုံးမပြုခင်မှာ သန့်ရှင်းနေစေဖို့အတွက် ဆေးရည်နဲ့ စိမ်ထားသင့်ပါတယ်။ အဲ့ဒီလိုဆေးရည်စိမ်ထားတဲ့အခါမှာလည်း ဆေးရည်ကို နေ့စဉ်လဲလှယ်ပေးဖို့ လိုအပ်ပါတယ်။

မျက်ကပ်မှန်တပ်ထားရင်း ရေချိုးခြင်း၊ ရေကူးခြင်း

မျက်ကပ်မှန်ကို ရေနဲ့ထိတွေ့စေတာက မကောင်းတဲ့အချက်ပါ။ ရောဂါပိုးမွှားတွေ ဝင်စေရုံသာမက အမြင်အာရုံကို ထိခိုက်စေနိုင်ပါတယ်။ ရေမှာပါဝင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေက မျက်ကပ်မှန်မှာ တွယ်ငြိနေတတ်တာကြောင့် မျက်စိကို ထိခိုက်စေနိုင်ပါတယ်။

မျက်ကပ်မှန်ကို အကြာကြီးတပ်ထားခြင်း

အိမ်မှာနေတဲ့အခါမှာတော့ မျက်စိကို အနားပေးထားသင့်ပါတယ်။ မျက်ကပ်မှန်ကို တစ်နေ့မှာ ၁၂ နာရီကနေ ၁၄ နာရီအထိပဲ တပ်ထားသင့်ပါတယ်။

သက်တမ်းကုန်ဆုံးသွားတဲ့ မျက်ကပ်မှန်ကိုအသုံးပြုမိခြင်း

မျက်စိအတွက် အန္တရာယ်ကင်းလိုတယ်ဆိုရင်တော့ မျက်ကပ်မှန်ရဲ့ သက်တမ်းကုန်ဆုံးမယ့်ရက်ကို သေချာသတိထားကြည့်ဖို့ လိုပါတယ်။ သက်တမ်းကုန်ဆုံးပြီးသား မျက်ကပ်မှန်တွေကိုအသုံးပြုမိရင် မျက်စိနာခြင်းကို ခံစားရစေနိုင်တဲ့အပြင် မျက်စိကို ထိခိုက်စေနိုင်ပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *