မြန်မာတွေ အဝေးကွင်းကန်တတ်ဖို့ လိုနေပြီ

မြန်မာတွေ ဘော်လုံးဝါသနာကြီးတာ၊ ဘော်လုံးမှာထူးချွန်ခဲ့တာတွေကို အာရှနိုင်ငံအတော်များများက သိကြပါတယ်။ ဘော်လုံးနဲ့ ပတ်သက်လာရင် ဝါသနာကြီးလှပြီး လက်ရွေးစင်အသင်းအပေါ်မှာ အားပေးနေကြတဲ့ မြန်မာပရိတ်သတ်တွေ တလောက ကျင်းပခဲ့တဲ့ ဆူဇူကီးဖလား ၂၀၁၈ ဘော်လုံးပွဲတွေကို ကြည့်ပြီး အတော်လေး စိတ်မသက်မသာဖြစ်ခဲ့ကြရမယ် ထင်ပါတယ်။ အိမ်ကွင်းမှာ ဗီယက်နမ်လိုအသင်းကို သရေကန်ခဲ့တဲ့ မြန်မာအသင်းဟာ အိမ်ရှင်မလေးရှားနဲ့ အဝေး ကွင်းကန်တဲ့ အချိန်မှာတော့ ပရိုခြေတွေပျောက်လို့ စင်ပေါ်က ပရိတ်သတ်ကို ကြောက်တဲ့အတွက် နဂိုခြေကိုတောင် မတွေ့ရတော့ပါဘူး။ ဒီပွဲကိုကြည့်ရင်း မြန်မာတွေဟာ စီးပွားရေးမှာသာမက ဘော်လုံးမှာလည်း အဝေးကွင်းကန်ရမှာ ကြောက်နေတုန်းပဲလားလို့အတွေးဝင်လာမိပါတယ်။
သူများတွေ အဝေးကွင်းကန်တာကျင့်သားရနေပြီ
ဒီနေ့ နောက်တက်လာတဲ့ ဗီယက်နမ်ကတောင် အိမ်ကွင်းစီးပွားရေးကစားပွဲကနေ အဝေးကွင်းဆီကို အရှိန်အဟုန်နဲ့ ပြေး လွှားကစားနေပါပြီ။ ကုန်အမှတ်တံဆိပ်သစ်တွေ ကမ္ဘာ့ဈေးကွက်ထဲကို စတင်ခြေချနေပါပြီ။ ဗီယက်နမ် ဘော်လုံး အသင်း အဝေးကွင်းကန်တာလည်း ကြည့်ပါဦး။ ဒီဇင်္ဘာ ၁၁ ရက်နေ့ မလေးရှားနိုင်ငံမှာ ဖိုင်နယ် ပထမအကျော့ အဝေးကွင်းကန်ခဲ့တဲ့ ဗီယက်နမ်အသင်းဟာ အိမ်ရှင်အသင်းကို ဗွေဆော်ဦးဂိုးတွေနဲ့အတူ ဦးဆောင် ကစားနိုင်ခဲ့ပြီး ပွဲကြည့်စင်ပေါ်က မလေးပရိတ်ပရိတ်သတ် ၈၀၀၀၀ လောက်ရဲ့ အိမ်ရှင်အသင်းပေါ် အားပေးသံဟာ သူတို့ရဲ့ အောင် လိုစိတ်ပြင်းပြမှုကို မကျော်လွှားနိုင်ခဲ့ပါဘူး။
စနစ်ရဲ့သားကောင်များ
တကယ်တော့ ဘော်လုံး တစ်ခုတည်းမဟုတ်ပါဘူး။ မြန်မာတွေရဲ့ ပြည်တွင်းမှာ ကြီးမားကျယ်ပြန့်ပြီး အောင်မြင်လှ ပါတယ်ဆိုတဲ့ စီးပွားရေးလုပ်ငန်းတွေတောင် အိမ်ကွင်းမှာသာ ကျယ်နေကြပြီး ပြည်ပနိုင်ငံတွေအထိ တိုးချဲ့လုပ် ကိုင်ဖို့ ဆိုတာ အချိန်ကာလတစ်ခုအထိ ကြိုးစားကြရပါဦးမယ်။ ဘာ့ကြောင့်အိမ်ကွင်းစီးပွားရေးကိုပဲ အားထားနေကြပါသလဲ။ အချိန်ကာလအတော်ကြာပြင်ပကမ္ဘာကြီးနဲ့ ခပ်ကင်းကင်းနေခဲ့ရတယ်။ ဈေးကျရင်ဝယ် လောင်၊မြတ်ရင်ပြန်ရောင်းတဲ့ ဝယ်ရောင်းတွေက ငွေရလွယ်တဲ့ လုပ်ငန်းတွေဖြစ်ခဲ့တယ်။ ကားဝယ်မယ်၊ ရွှေဝယ်မယ်၊မြေဝယ်ဝယ်၊ ဒေါ်လာဝယ်မယ်။ ဒါတွေဟာ တစ်ချိန်သောအခါက မြန်မာပြည်ကြီးရဲ့ အကောင်းစား စီးပွားရေးတွေပါလို့ ပြောနိုင်ပါတယ်။ ဒီနေ့ဝယ် မနက်ဖန် ၂၅%အထက်မြတ်တဲ့ အလုပ်မျိုး ကမ္ဘာပေါ်မှာ ခပ်ရှာရှားလို့ ပြောရမှာပါ။ဒါတွေကြောင့် စနစ်တကျ စီးပွားလုပ်ငန်း ထူထောင်လုပ်ကိုင်မှု အလေ့အကျင့်ကောင်းတွေ အားနည်းခဲ့ကြတယ်။ တကယ်တန်းကြိုးစားလုပ်ချင်သူတွေအတွက် လိုအပ်တဲ့ ငွေကြေးနဲ့ နည်းပညာ အထောက်အကူတွေ မရှိခဲ့ဘူး။ ဘဏ်တွေရဲ့ အတိုးနှုန်းကလည်း ခုချိန်ထိ လုပ်ငန်း ရှင်တွေမြတ်မယ့် အမြတ်ထက် ပိုနေသေးတယ်။ ခုချိန်ထိနိုင်ငံအတွက် ပြည်ပဝင်ငွေရှာပေးနိုင်တဲ့ ကုန်အမှတ် တံဆိပ် တွေ မရှိသေးတာဟာ အတိတ်က စနစ်ဆိုးတွေကြောင့်ပါပဲ။ ဒါတွေအားလုံးကို ချုပ်လိုက်ရင်တော့ အစဉ်အဆက် အုပ် ချုပ်ခဲ့ကြသူတွေ ချမှတ်ခဲ့တဲ့ မူဝါဒတွေ အားနည်းမှားယွင်းနေလို့ဖြစ်လာရတဲ့ အကြောင်းရင်းတွေ ဖြစ်ပါတယ်။
အိမ်ကွင်းမှာ အခြေခိုင်ဖို့ ငွေကြေးအထောက်အကူလို
ခေတ်ပြောင်းစနစ်ပြောင်းလို့ ကမ္ဘာကြီးပြားလာတဲ့ အချိန်ရောက်မှ အတင်းတွန်းလုပ်နေရတဲ့ လုပ်ငန်းရှင်တွေ အနေနဲ့ အဝေးကွင်းကန်ဖို့ဆိုတာ ဘယ်လိုမှ မလွယ်လှပါဘူး။ အခုအချိန်မှာ နိုင်ငံ့စီးပွားရေးတိုးတက်ချင်လွန်းလို့ FDI တွေကို ဖိတ်ခေါ်နေပါတယ်။ တစ်ဖက်က ခေါ်သလို ပြည်တွင်းက လုပ်ငန်းရှင်တွေကိုလည်း အဝေးကွင်းကန်တတ်အောင်၊ ကန်ချင်လာအောင် ဒီထက်မက အားပေး ပံ့ပိုးဖို့ လိုနေပါပြီ။ အခုမျိုးဆက်သစ်လူငယ်တွေ တစ်ချို့ တော်ကြပါတယ်။ အရည် အချင်းရှိကြပါတယ်။ ဒီလူငယ်တွေ ရှေ့ဆက်နိုင်ဖို့ အဓိက ပြသနာဟာ Funding လို့မြင်ပါတယ်။ ပြည်တွင်း ဘဏ်တွေက ၁၃% နဲ့ အပေါင်ပစ္စည်းတွေပါ ပေးရဦးမယ်ဆိုတော့ ဒီလူငယ်တွေ၊ ဘယ်လိုခရီးဆက်ကြမလဲ။ မကြာခင် အဝေးကွင်း လာကန်တဲ့ ဘဏ်တွေကများ အတိုးနည်းနည်းနဲ့ ရနိုင်မလားဆိုတာ စောင့်ကြည့်ရပါဦးမယ်။ ဘဏ် အပ်ငွေ တွေ ကို ၈% ပေးနေရလို့ ချေးငွေတွေ ကို ၁၃% ယူရတယ်ဆိုတာ အဖြေမဟုတ်ပါဘူး။ တကယ်တော့ ပြည်သူအများစုရဲ့ ငွေပိုငွေလျှံတွေဟာ အများပိုင်စီးပွားရေးလုပ်ငန်းတွေဆီစီးဝင်ပြီး ငွေကြေးဈေးကွက်တွေ လည်ပတ်မှု အားကောင်း လာမှ အရင်းနည်းတဲ့ပြည်သူတွေ ရှောင်လည်ကြမှာဖြစ်ပါတယ်။
ကိုယ်ခံအားမကောင်းရင် အိမ်ကွင်းမှာလည်း ဂိုးပေးရမှာပဲ
ကမ္ဘာကြီးက နည်းပညာအရှိန်နဲ့ ပြားသွားတာ ကြာခဲ့ပါပြီ။သူများတွေက အိမ်ကွင်းမှာ ကောင်းကောင်းအလေ့ အကျင့် ရခဲ့ကြပြီ။ ကိုယ်တွေက အိမ်ကွင်းတောင် လူတွေ သိပ်စိတ်ဝင်စား အောင်မလုပ်နိုင်သေးပါဘူး။ စိတ်ဝင်စား အောင်လုပ်နိုင် တဲ့ လူတွေလည်း အဝေးကွင်းကန်ဖို့ ပြင်ဆင်ချိန်လိုသေးတယ်။ ဒီတော့ ကိုယ်က အိမ်ရှင်ဖြစ်ပေမယ့် အဝေးကွင်းကန်နေ ကျ သူတွေက လာကန်နေကြပြီ။ကိုယ်ခံအားမကောင်းတော့ ဂိုးတွေက ဆက်တိုက်ပေးနေရတော့မယ်ဆိုရင် သူများက အသားတွေချည်းရပြီး ကိုယ်က အရိုးပဲရမှာ။
ကဲ၊ ဘာလုပ်ကြမလဲ။အားလုံးက စနစ်ရဲ့ သားကောင်တွေပါ။ဒါပေမဲ့ အောင်မြင်ချင်ရင် အတိတ်မှာနေလို့တော့ မရဘူး။ ပြင်ပကမ္ဘာနဲ့ ကင်းကွာနေလို့မရပါဘူး။အတိတ်ကို သင်ခန်းစာယူပြီး အနာဂတ်ကောင်းဖို့ အခုထလုပ်မှဖြစ်ပါမယ်။ ကိုယ်ဘာလုပ်နိုင်သလဲ စဉ်းစားပါ။ ကိုယ်တွေက ပင်လုံအကြောင်းပြောပြီး တိုင်းပြည်ညီညွတ်ငြိမ်းချမ်းဖို့ပြင်နေချိန်မှာ အ ဝေးကွင်းကန်မယ့် ကိုယ်ရွှေဧည့်သည် နည်းပညာရှင်တွေက မြန်မာပြည်ကို လာရောင်းမယ့် အမှတ်တံဆိပ်တွေ ထုတ်လုပ်ပြင်ဆင် နေကြပါပြီ။ ကိုယ်တွေက အချင်းချင်းအငြင်းပွား၊အချင်းများနေလို့ အချိန်တွေ ကုန်ခဲ့ပေါင်းများပါပြီ။
ဉာဏ်ကောင်းတဲ့သူတွေက ရောင်းနိုင်ဖို့ကြိုးကြတယ်
နောက်ဆုံးသတင်းလေး တစ်ခုပဲ တင်ပြပါရစေ။ ကမ္ဘာ့အကြီးကျယ်ဆုံးဒီမိုကရေစီနိုင်ငံဖြစ်တဲ့ အမေရိကန်ဟာ ကမ္ဘာ ပေါ်မှာ လက်နက်အများဆုံး ထုတ်လုပ်ရောင်းချတဲ့နိုင်ငံပါခင်ဗျာ။အနိုင်လိုချင်လို့ တိုက်တဲ့သူတွေက ပိုပိုပြီးမွဲပြာ ကျသွား ပေမယ့် အမြတ်ရဖို့ ထုတ်ရောင်းတဲ့ သူကတော့ ငွေတွေဒလဟောဝေင်နေဆဲပါ။တိုင်းရင်းသားအချင်းချင်း ခင်းနေတဲ့ ပြည် တွင်းစစ်ပွဲတွေကို စာရင်းရှင်းဖျက်သိမ်းပြီး ကမ္ဘာ့ကုန်သွယ်မှု အဝေးကွင်းစစ်မြေပြင်ဆီကို ခြေလှမ်းဖို့ အချိန် ရောက် ပါပြီ။ ကုန်သွယ်မှုမမျှတတဲ့အတွက် ထာဝရလိုငွေပြနေတဲ့ ဒေါ်လာလေပွေကြမ်းကို ဖမ်းဆုပ်နိုင်ဖို့ဆိုတာ များများ ထုတ်၊ များများရောင်းနိုင်ဖို့နဲ့ ကိုယ့်နိုင်ငံသားအမှတ်တံဆိပ်တွေ ကမ္ဘာ့ဈေး ကွက်ဆီ ရောက်နိုင်ဖို့ လိုပါတယ်။ ဒါမှ သာမန် ပြည်သူတွေအလုပ်အကိုင်ဝင်ငွေတွေတိုးလာမယ်။ပြည်ပငွေကြေးတွေစီးဝင်လာမယ်။ကမ္ဘာ့ဉာဏ်ကြီးရှင်တွေကတော့ ဘာရောင်းမလဲဆိုတာအမြဲစဉ်းစားနေကြတယ်။
ငွေသုံးဖို့ထက် ငွေရှာတတ်တဲ့ နိုင်ငံရေးသမားတွေများများလို
လွှတ်တော်ထဲရောက်နေတဲ့ ဥပဒေပြုအမတ်မင်းတွေကလည်း သူများဆီကချေးငှားပြီး ချပေးမယ့် ဘတ်ဂျက်လေး မစို့ မပို့ကို မိမိဒေသအတွက် လမ်း၊တံတားအဆောက်အဦးတွေတောင်းတတ်ရုံနဲ့ ကျေနပ်မနေကြဘဲ တိုင်းပြည် ပို့ကုန် မြင့်မား ရေး၊ နိုင်ငံခြားငွေပိုမိုရရှိလာနိုင်တဲ့ နည်းလမ်းကောင်းတွေအတွက် ဆွေးနွေးအကြံပြုကြဖို့နဲ့ အသစ်ဖြစ်ပေါ် လာတဲ့ နည်း ပညာတွေကို နိုင်ငံသားတွေ ထိထိရောက်ရောက် အသုံးချနိုင်ရေးအတွက် ကိုက်ညီတဲ့ ဥပဒေပြဋ္ဌာန်း ချက်တွေကို လေ့ လာပြဋ္ဌာန်းပေးကြဖို့ လိုပါတယ်။ မြန်မာနိုင်ငံသားတိုင်းငယ်စဉ်ကရွတ်ဖတ်လာခဲ့ကြတဲ့ “ဇွန်ပန်းရုံ အနီးနွံထဲ၌ လှည်းဘီး ကျွံနေသည်” ဆိုတဲ့ ဖတ်စာလေးကို သတိရကြမယ်ထင်ပါတယ်။ ခုချိန်ခါ လှည်းဘီး တကယ် ကျွံနေတာပါ။ ဒီ အတွက် အားလုံးပြိုင်တူတွန်းဖို့ လိုပါတယ်။ ဒီအထဲမှာ အဓိကတွန်းရမယ့် အလုပ်က မြန်မာနိုင်ငံ သား လုပ်ငန်း ရှင်တွေ အဝေး ကွင်း ကန်နိုင်အောင်ကြိုးစားကြဖို့ပါပဲ။ မြန်မာတွေ အဝေးကွင်းကန်တတ်ဖို့ တကယ့်ကို လိုအပ် နေပါပြီ။

Photos:BBC/BSR/Brand Finance

Leave a comment

Your email address will not be published. Required fields are marked *