မြန်မာနိုင်ငံတွင် ရိုဟင်ဂျာလူမျိုးဟူ၍ မရှိကြောင်း ပြည်ထောင်စုဝန်ကြီးမှ ပြောကြား

ဇန်နဝါရီလ ၅ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် မက်မန်းမဲဆန္ဒနယ်မှ ဦးတင်အေးက မြန်မာနိုင်ငံရှိ တိုင်းရင်းသားမျိုးနွယ်စုများတွင် ရိုဟင်ဂျာ လူမျိုးမရှိကြောင်းကို မြန်မာနိုင်ငံရှိ ပြည်သူလူထု သာမက ကမ္ဘာ့နိုင်ငံအသီးသီးကပါ သိရှိစေရန် မည်ကဲ့သို့ စီစဉ်ဆောင်ရွက်ထားသည်ကို သိရှိလိုကြောင်း မေးမြန်းခဲ့ပါတယ်။

ဒီမေးခွန်းကို ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက မြန်မာနိုင်ငံ လွတ်လပ်ရေး မရမီနှင့် ရပြီး နောက်ပိုင်းကာလများတွင် ကောက်ယူရခဲ့သော လူဦးရေသန်းခေါင်စာရင်းများတွင် တိုင်းရင်းသားလူမျိုးစု ၁၃၅စု ကိုသာ တွေ့ရှိရပြီး မည်သည့် သန်းခေါင်စာရင်းမှာမှ ရိုဟင်ဂျာလူမျိုးဆိုတာကို မတွေ့ရကြောင်း အတည်ပြုပြောကြားလိုက်ပါတယ်။

ထို့နောက် ၂၀၁၄ သန်းခေါင်စာရင်းတွင် တိုင်းရင်းသား လူမျိုးများ ဖွဲ့စည်းပါဝင်မှု၊ တိုင်းရင်းသားလူမျိုးစုငယ်များ ပါဝင်မှု၊ စာလုံးပေါင်းသတ်ပုံ၊ အမည်နာမ အသစ်၊ တိုင်းရင်းသားဖြစ်ခြင်း မဖြစ်ခြင်းစသည့် ကိစ္စများ အငြင်းပွားဖွယ်ရာ ပါရှိနေသဖြင့် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ပြီးမှသာ ထပ်မံ ထုတ်ပြန်သွားမည်ဖြစ်ကြောင်းနှင့် ထိုကိစ္စကို ပြည်ထောင်စုအစိုးရအဖွဲ့၏ လမ်းညွှန်ချက်ဖြင့် တိုင်းရင်းသားရေးရာ ကော်မတီဝင်များ၊ တိုင်းရင်းသား ခေါင်းဆောင်များ၊ တိုင်းရင်းသား ကိုယ်စားလှယ်များ၊ သမိုင်းပညာရှင်၊ ယဉ်ကျေးမှု ပညာရှင်၊ လူဦးရေပညာရှင်များ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများဖြင့် အဆင့်ဆင့် ညှိနှိုင်းသဘောတူညီမှု ရရှိရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဦးသိန်းဆွေက ပြောပါတယ်။

ထို့ပြင် မြန်မာနိုင်ငံတွင် ရိုဟင်ဂျာဆိုတဲ့ လူမျိုးစု မရှိကြောင်းကို နိုင်ငံ့ခေါင်းဆောင်များ၊ တပ်မတော် အကြီးအကဲများနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက နိုင်ငံတကာမှ အကြီးအကဲများနှင့် တွေ့ဆုံစဉ်တွင် ပြောဆိုထားခဲ့ပြီး အာဆီယံခေါင်းဆောင်များကိုလည်း အသိပေးထားပြီဖြစ်ကြောင်း၊ ဒါ့အပြင် နိုင်ငံပိုင်မီဒီယာ၊ ပုဂ္ဂလိက မီဒီယာများကိုလည်း အကျယ်တဝံ့ ဖော်ပြထားပြီးဖြစ်ကြောင်းကို ၎င်းက ထပ်လောင်းပြောကြားခဲ့တယ်လို့ သိရှိရပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *