မြန်မာအိမ်အကူကို မတရားနှိပ်စက်တဲ့ စင်ကာပူ အမျိုးသမီး ထောင်ဒဏ်နဲ့ ငွေဒဏ်ချမှတ်ခံရ

ဘဝရေးအတွက် ရေခြားမြေခြားမှာသွားရောက်ပြီး အိမ်အကူလုပ်ရရှာတဲ့ အမျိုးသမီးတွေရဲ့ဘဝက စွန့်စားမှုတစ်ခု လိုပါပဲလားလို့ တွေးမိပါတယ်။ ဘာသာတရားအဆုံးအမနဲ့ နေထိုင်တဲ့ မိသားစု၊စိတ်စေတနာကောင်းတဲ့ မိသားစုတွေနဲ့ ကြုံလိုက်ရင်တော့ သူတို့ဘဝက မဆိုးလှဘူးလို့ ထင်ရပေမယ့် လူလူချင်းအဆင့်အတန်းခွဲခြားပြီး ယုတ်မာရိုင်းစိုင်းတဲ့ အိမ်မျိုးကို ရောက်သွားပြီဆိုရင်တော့ သူတို့ ဘဝက ငရဲရောက်သလိုပဲ ခံစားကြရမှာ သေချာပါတယ်။
အခုလည်း စင်ကာပူနိုင်ငံက အသက် ၃၉နှစ်အရွယ် Linda Seah အမည်ရှိတဲ့ အလှပြင်ဆိုင်မန်နေဂျာ အမျိုးသမီး တစ်ဦးကို မြန်မာအမျိုးသမီးအိမ်အကူဖြစ်သူ မဖြူဖြူမာအပေါ်ညှင်းပမ်းနှိပ်စက်မှုအပါအဝင် အမှု၆ခုနဲ့ စင်ကာပူ တရား ရုံးကနေ ဖေဖေါ်ဝါရီလ ၁၁ရက်နေ့မှာ ထောင်ဒဏ် ၃နှစ်နဲ့ ငွေဒဏ် စင်ကာပူဒေါ်လာ ၉၀၀၀ ပေးဆောင်ဖို့ အမိန့် ချမှတ်လိုက်တဲ့အကြောင်း စင်ကာပူ CNA သတင်းတစ်ပုဒ်အရ သိရပါတယ်။
အမှုစတင်ဖြစ်ပွားခဲ့တာဟာ ၂၀၁၆ အောက်တိုဘာလမှာဖြစ်ပါတယ်။ အိမ်ရှင်မဖြစ်သူ Seah ဟာ မ ဖြူဖြူမာကို သူမရဲ့ ဘယ်ဖက်ပခုံးပေါ်သို့ ကိုယ်တိုင်ရေနွေးပူနဲ့ လောင်းချဖို့ အတင်းအကျပ်ခိုင်းစေမှု၊ကြမ်းပြင်ကို ခေါင်းနဲ့ ရိုက်ဖို့ အတင်း အကျခိုင်းစေမှု၊ကြမ်းပြင်သန့်စင်တဲ့ ဆေးရေနဲ့သောက်ရေကို ရောပြီးအတင်းအကျ သောက်ခိုင်းခြင်း၊ အစာမကျွေးပဲ ထားတာ၊လစာမပေးတာ အပါအဝင် ၂၀၁၆ စက်တင်ဘာမှာ ဆံပင်တွေကျွတ်ထွက်သွားတဲ့အထိ ဆွဲပြီးခါမှု၊နဖူးကို လက်ကိုင်ဖုန်းနဲ့ ရိုက်နှက်မှုအပါအဝင် အမှု ၆ခုနဲ့ တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။
ဒီအမှုကို လွန်ခဲတဲ့ ဇန်နဝါရီလ ၁၈ ရက်နေ့က ကြားနာရာမှာ အိမ်ရှင်မဖြစ်သူ Seah အနေနဲ့ မဖြူဖြူမာရဲ့ အလုပ်လုပ် တာနှေးပြီး အလုပ်မပြီးတာတွေကြောင့် စိတ်ညစ်ပြီးလုပ်ခဲ့တာဖြစ်ကြောင်းထွက်ဆိုပေမယ့် Seah ရဲ့စိတ်ညစ်မှုကြောင့် အိမ်အကူမဖြူဖြူမာအပေါ် ရုပ်ပိုင်းအရ ထိခိုက်နစ်နာစေမှုနဲ့ စိတ်ပိုင်းဆိုင်ရာနစ်နာမှုတွေကို ကျူးလွန်ခဲ့တာဟာ ပြစ်မှု ကျူးလွန်ကြောင်းတရားရုံးကဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
အိမ်ရှင်မဖြစ်သူ Seah ကို ထောင်ဒဏ် ၃နှစ်ချမှတ်တဲ့အပြင် ဒဏ်ငွေ ဒေါ်လာ ၉၀၀၀ ကိုပါ ကျခံစေခဲ့တယ်လို့ သိရ ပါတယ်။ Seah ရဲ့ အမျိုးသားဖြစ်သူအသက် ၄၄ နှစ်အရွယ်ရှိသူ Lim Toom Leng ဟာလည်း အိမ်အကူကို ရိုက် ပုတ်မှုနဲ့ ထောင်ဒဏ် ၆လကျခံရမှာဖြစ်ပါတယ်။
မဖြူဖြူမာဟာ Seah နဲ့ အတူ Seah ကြီးကြပ်တာဝန်ယူတဲ့ အလှပြင်ဆိုင်ကို လိုက်ပါရာကနေ ဆိုင်ဝန်ထမ်းတစ်ဦးက အကြောင်းစုံသိရပြီး ရဲကို အကြောင်းကြားလိုက်တာကြောင့် အခုလို တရားစွဲ အရေးယူနိုင်ခဲ့တယ်လို့ သိရပါတယ်။

Source:CNA News/Photos Asia One

Leave a comment

Your email address will not be published. Required fields are marked *