မြန်မာ့တပ်မတော်သည် ရယူလိုမှုအနည်းဆုံးနှင့် ပေးဆပ်နိုင်မှုအများဆုံး အဖွဲ့အစည်းဖြစ်တယ်လို့ ဦးစီးချုပ် မင်းအောင်လှိုင်ပြောကြား

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တပ်မတော်သည် ရယူလိုမှုအနည်းဆုံးနှင့် ပေးဆပ်နိုင်မှုအများဆုံး အဖွဲ့အစည်းတစ်ရပ်ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ဇန်နဝါရီလ ၄ရက်နေ့ မနက်တွင် နေပြည်တော်မှာ ကျင်းပခဲ့တဲ့ တပ်မတော်စွမ်းရည် သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်နဲ့ လက်မှတ်များပေးအပ်တဲ့ ပွဲမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

 

“နိုင်ငံတော်ကာကွယ်ရေးတာဝန်ထမ်းဆောင်မှုတွင် တပ်မတော်ဟာ ရယူလိုမှု အနည်းဆုံးနှင့် ပေးဆပ်မှု အမြင့်မားဆုံး အဖွဲ့အစည်းတစ်ရပ်ဖြစ်လို့ အစဉ်အလာ တစ်ဆယ့်နှစ်ရပ်လို ထင်ရှားမြင်သာတဲ့ ဝိသေသလက္ခဏာများနဲ့ ခိုင်ခိုင်မာမာ ရပ်တည်လာခဲ့တာဖြစ်တယ်။

နိုင်ငံရေးတာဝန်ထမ်းဆောင်ရာမှာ ကျရာတာဝန်တွေကို မဆုတ်မနစ်တဲ့ ဇွဲ ၊လုံးလ ၊ဝီရိယ စိုက်ထုတ်ပြီး သက်စွန့်ကြိုးပမ်း ထမ်းဆောင်ခဲ့သူတွေ စဉ်ဆက်မပြတ် ပေါ်ထွန်းနေတာကြောင့် ကမ္ဘာမှာ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံရယ်လို့ ထင်ရှား ထည်ဝါစွာ ရပ်တည်နေနိုင်ခြင်း ဖြစ်တယ်”လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောခဲ့ပါတယ်။

ထို ဂုဏ်ထူးဆောင်တံဆိပ်နှင့် လက်မှတ်ပေးအပ်ပွဲမှာ သူရဲကောင်းမှတ်တမ်းဝင် တံဆိပ်ရရှိသူ ၂၅ဦး ၊တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ သူရဲကောင်းလက်မှတ်ရသူ ၂ဦးနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ ဂုဏ်ထူးဆောင် လက်မှတ်ရသူ ၁၃ဦးတို့ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ချီးမြှင့်ပေးအပ်ခဲ့ပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *