မြန်မာ့ ပြည်တွင်းစစ် ရပ်စဲချိန်တန်ပြီ

မကြာသေးတဲ့ကာလ ဧပြီလ ၂၇ ရက်နေ့က နှစ်ပေါင်းများစွာ ကမ္ဘာ့ရန်ဖြစ်ခဲ့ကြတဲ့ တောင်နဲ့ မြောက် ကိုရီးယား ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးမှုကနေ ကိုရီးယားကျွန်းဆွယ်ကြီး ငြိမ်းချမ်းရေး ရောင်နီသန်းခဲ့ပြီမို့ တစ်ကမ္ဘာလုံးက ဝမ်းသာအားရရှိခဲ့ကြပါတယ်။ တနည်းပြောရရင် ငြိမ်းချမ်းရေးဆိုတာ စားပွဲဝိုင်းမှာ အဖြေရှိတယ်ဆိုတာ သက်သေပြ လိုက်တာလည်း ဖြစ်ပါတယ်။ ခုဆိုရင် ၁၉၅၀မှာ စစ်ဖြစ်ခဲ့ကြပြီး ၁၉၅၃ မှာ စစ်ပွဲပြီးဆုံးကြောင်း တစ်ဖက်နဲ့တစ်ဖက် မကြေငြာပဲ စစ်ပွဲကိုရပ်နားထားခဲ့တဲ့ ရန်ဖက်ဆွေမျိုးနှစ်နိုင်ငံဟာ စစ်ပွဲကြီးကို တရားဝင် အဆုံးသတ်ဖို့ သဘောတူ လိုက် ကြပြီဖြစ်ပါတယ်။ ဒါ့အပြင် မြောက်ပိုင်းက နယူစမ်းသပ်တဲ့ နေရာတွေကိုတောင် အမေရိကန်ကျွမ်းကျင်သူ တွေရဲ့ရှေ့မှာ တရားဝင်ဖျက်သိမ်းဖို့အထိ ခရီးရောက်လာခဲ့ပြီ ဖြစ်ပါတယ်။ တလောက ကင်ဂျူံအမ်ကို အရူးတစ်ယောက် လို့ ပြောဆိုခဲ့တဲ့ ဖိလစ်ပိုင်သမ္မတ ဒူတာတေးတောင် ကင်ကို လူတိုင်းရဲ့ သူရဲကောင်း( Hero of everybody)လို့ တင်စား ခေါ်ဝေါ် လိုက်ပါပြီ။
ကဲ၊ မြန်မာနိုင်ငံကကော။ခုထိ ပြည်တွင်းစစ်တွေ ရပ်စဲလို့ ငြိမ်းချမ်းရေးရချိန် မတန်သေးဘူးလား။ ပြောင်းလဲချိန်တန်ပြီလို့ ကြွေးကြော်ပြီး ပြည်သူအများစုရဲ့ ထောက်ခံမဲတွေနဲ့ အာဏာရလာခဲ့တဲ့ NLD အစိုးရဟာ တာဝန်ယူချိန်မှစပြီး ငြိမ်းချမ်းရေး ကို အထူးအလေးပေး ဆောင်ရွက်လာခဲ့တာကိုတော့ အားလုံးသိကြပြီးဖြစ်ပါတယ်။ ဒါ့အပြင် တစ်ဖက်ကလည်း တိုင်းပြည် တိုးတက်ရေးအတွက် ရုန်းကန်ကြိုးစားနေတာကို အားလုံးမြင်တွေ့ကြရမှာဖြစ်ပါတယ်။ အစိုးရဟာ တိုင်းပြည် တိုးတက်ရေး အတွက် ငြိမ်းချမ်းရေး မဖြစ်မနေလိုအပ်တယ်လို့ ခံယူပြီးကြိုးစားခဲ့ပေမယ့် ယနေ့အချိန်ထိတော့ ပြည်တွင်းမှာ လက်နက် ကြီးငယ်တို့ရဲ့ အသံတွေမစဲသေးသလို တိုက်ပွဲတွေကြောင့် ဒုက္ခရောက်နေကြရသူတွေလည်း ရှိနေဆဲပါပဲ။ ငြိမ်းချမ်းရေးအတွက် စားပွဲဝိုင်းတွေထိုင်ပြီး ပြောကြဆိုကြတာတွေကိုလည်း ပြည်သူတွေကြားသိနေရတယ်။ တစ်ဖက် ကလည်း တိုက်ပွဲတွေဆက်လက်ဖြစ်နေကြတယ်။ ဒါတွေကို စဉ်းစားပြီး ပြည်သူတွေရဲ့ရင်ထဲမှာ မြန်မာပြည်တွင်းက လက်နက်ကိုင်အဖွဲ့အစည်းတွေဟာ ငြိမ်းချမ်းရေးကော တကယ်လိုချင်ကြရဲ့လား။ တကယ်ကော ငြိမ်းချမ်းရေး ရနိုင် ပါ့မလားဆိုတဲ့ မေးခွန်းတွေ ရှိလာကြမှာ အမှန်ပါပဲ။ ပြည်သူတွေအနေနဲ့ လူ့ဘဝသက်တမ်း တစ်လျှောက်မှာ ငြိမ်း ငြိမ်းချမ်းချမ်း၊သာသာယာယာနဲ့ လူ့တန်ဖိုးရှိရှိ၊ အဆင့်အတန်းရှိရှိ နေနိုင်ပါဦးမလားဆိုတဲ့ သောကတွေက ရင်ထဲ မှာရှိနေကြမှာ အမှန်ပါပဲ။ ဘယ်နိုင်ငံမဆို ခေတ်စနစ်တွေရဲ့ ကောင်းမွေ၊ဆိုးမွေတွေကို မျှဝေခံစား ကြရတာဟာ သာမန်ပြည်သူအများစုသာ ဖြစ်ပါတယ်။လက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ ပြည်သူတွေရဲ့ ရင်ထဲက ဆန္ဒတွေကို တကယ်လေးစားကြမယ်ဆိုရင် မိမိတို့ရဲ့ အတ္တတွေကို ရှေ့တန်းမတင်ဘဲ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအမ်လို တိုင်းပြည်အကျိုး၊ ပြည်သူတွေရဲ့အကျိုး၊ အနာဂတ်မျိုးဆက်တွေရဲ့ အကျိုးကို မျှော်တွေးပြီး ငြိမ်းချမ်းရေးစကားဆိုနိုင်ဖို့ ဆွေးနွေးပွဲစကားဝိုင်းဆီ အမြန်ဆုံး အရောက်သွားကြဖို့ ရေးသားလိုက်ရပါတယ်။ မြန်မာပြည်သူတို့ရဲ့ ငြိမ်းချမ်းရေးကို အမြန်ဆုံးအကောင်အထည်ဖေါ်ပေးနိုင်တဲ့ သူရဲကောင်းတွေအမြန်ပေါ်ထွန်းပါစေဟု ဆုတောင်းမိပါရဲ့။

photo credit: BBC

Leave a comment

Your email address will not be published. Required fields are marked *