မြန်မာ၊ထိုင်း၊လာအို သုံးနိုင်ငံ မြန်မာ့လက်ဝှေ့ စိန်ခေါ်ပွဲကျင်းပပြုလုပ်

နိုဝင်ဘာလ ၁၉ရက်နေ့တွင် မြန်မာ၊ ထိုင်း နှင့် လာအို သုံးနိုင်ငံ မြန်မာ့လက်ဝှေ့စိန်ခေါ်ပွဲကို မွန်းလွဲ ၁နာရီတွင် ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ သိမ်ဖြူလက်ဝှေ့ရုံအတွင်းတွင် ကျင်းပပြုလုပ်ခဲ့ပါတယ်။

အဆိုပါပွဲ၏ နိုင်ငံတကာတွဲဆိုင်းဖြစ်သည့် ငါးချီစိန်ခေါ်ပွဲတွင် မြန်မာဘက်မှ စောဂေါ်မူဒို (သတ္တိ၊ မြန်မာ) နှင့် ထိုင်းဘက်မှ ဆစ်ပန်းနီး (ထိုင်း) တို့ပွဲ၌ ငါးချီအထိ အနိုင်အရှုံးမပေါ်ပဲ ပူးတွဲသရေဖြစ်ခဲ့ပါတယ်။

နောက်တစ်ပွဲဖြစ်သည့် သွေးသစ်အောင် (သုံးပန်လှ) နှင့် လုံမနီချန်ပီယံ ဒွန်ဆန်ပေါင်း (ထိုင်း) ပွဲတွင် ထိုင်းဘက်မှ အသာစီးယူပြီး ငါးချီအထိ ဖိထိုးခဲ့သော်လည်း သရေဖြင့်သာ ပြီးဆုံးခဲ့ပါတယ်။

ရွှေခါးပတ် ချန်ပီယံ စောဖိုးခွား(မြန်မာ)နှင့် လာအို မွေ့ထိုင်းချန်ပီယံ ပက်မွန်ချွန်း တို့ပွဲတွင်မူ ၄ချီမြောက်မှာ ပက်မွန်ချွန်း၏ ပတ်တံတောင်ကြောင့် စောဖိုးခွားမှာ ဦးခေါင်းတွင် ဒဏ်ရာရရှိခဲ့ပြီး ဆရာဝန်၏ ဆုံးဖြတ်ချက်ဖြင့် အရှုံးပေးလိုက်ရပါတယ်။

ပြည်တွင်း ငါးချီစိန်ခေါ်ပွဲတွင် သပြေအောင် (သုံးပန်လှ) နှင့် သိန်းစိုး (အဖြူရောင်သွေးသစ်)၊ စိုးဝင်းသန်း (ရန်စစ်ငြိမ်း) နှင့် ခွန်အာကာ (၁၈၈၆ မန္တလေး) တို့မှ သူတစ်ပြန် ကိုယ်တစ်ပြန်ထိုးသတ်ခဲ့သော်လည်း သရေဖြင့်သာပြီးဆုံးခဲ့ပါတယ်။

ထို့ပြင် ပရိတ်သတ်များ အကြိုက်ဆုံးဖြစ်ခဲ့သည့် ရန်နိုင်ထွန်း (သုံးပန်လှ) နှင့် မင်းထက်ကျော် (တိုက်ဂါး) တို့ပွဲတွင် ရန်နိုင်ထွန်း၏ တွဲလုံးလက်သီးများနှင့် တံတောင်တိုက်ချက်များကို မင်းထက်ကျော် မခံနိုင်တော့ပဲ တတိယအချီတွင် ပြိုလဲခဲ့ရသဖြင့် ရန်နိုင်ထွန်းမှာ အလဲထိုးဖြင့် အနိုင်ရရှိခဲ့ပါတယ်။

အမျိုးသမီး ၃ချီပွဲစဉ်တွင် နော်ဥမ္မာစိုး (ထွန်းသွင်) နှင့် စုလှိုင်ဦး (တောင်ဇလပ်) တို့မှ ထိုးသတ်ခဲ့ရာ ပူတွဲသရေဖြင့်သာ အဆုံးသတ်ခဲ့ပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *