မွတ်စလင်နိုင်ငံ (၆)နိုင်ငံမှာ ခရီးသွားများကို အမေရိကန်နိုင်ငံထဲသို့ ဝင်ရောက်ခွင့်တားမြစ်

မွတ်စလင်အများစု နေထိုင်ကြတဲ့ နိုင်ငံတွေဖြစ်တဲ့ အီရန်၊ လစ်ဗျာ၊ ဆိုမားလီးယား၊ ဆီးရီးယား၊ ချက်ဒ်၊ ယီမင် စတဲ့ (၆)နိုင်ငံမှ ခရီးသွားများကို အမေရိကန်နိုင်ငံအတွင်းသို့ ဝင်ရောက်ခွင့်ကို တားမြစ်ရန် သမ္မတထရမ့်မှ တင်သွင်းချက်ကို တရားရုံးချုပ်မှ အပြည့်အ၀ အကောင်အထည်ဖော် ဆောင်ရွက်ခွင့်ကို အတည်ပြု ဆုံးဖြတ်လိုက်ပါတယ်။

ဒီတားမြစ်အမိန့်ဟာ သမ္မတထရမ့် အာဏာလွှဲပြောင်းယူကတည်းကစလို့ တတိယအကြိမ်မြောက် ပြင်ဆင်ထုတ်ပြန်တဲ့ အမိန့်ဖြစ်ပါတယ်။ ဒါပေမဲ့လည်း အောက်တရားရုံးမှာတော့ ဥပဒေကြောင်းအရ ဆက်လက် ရင်ဆိုင်ရဖို့ ရှိနေပါသေးတယ်။

ဒီတားမြစ်အမိန့်ကို ဆိုင်းငံ့ရန် အောက်တရားရုံးက ထုတ်ပြန်ထားတဲ့ အမိန့်နှစ်ခုကို ရုတ်သိမ်းပေးရန်အတွက် အိမ်ဖြူတော်မှ မေတ္တာရပ်ခံချက်ကို ဒီဇင်ဘာ ၄ရက်နေ့က တရားရုံးချုပ်တရားသူကြီး ၉ဦးအနက် ၂ဦးသာကန့်ကွက်ခဲ့ပြီး ကျန်၇ဦးကတော့ သဘောတူလက်ခံခဲ့ပါတယ်။

သမ္မတထရမ့်ရဲ့ ခရီးသွားလာခွင့်ပိတ်ပင်မှုဟာ ဥပဒေနှင့် ညီ၊ မညီဆိုတာကို တရားရုံးချုပ်ကဆုံးဖြတ်ခဲ့တာမဟုတ်ပဲ အောက်တရားရုံးမှာ ဒီအမှုကို တရားရင်ဆိုင်နေတုန်းမှာ တားမြစ်အမိန့်ကို ဆက်လက်အကောင်အထည်ဖော်နိုင်ရန် ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

မွတ်စလင်တွေကို အဓိကပြစ်မှတ်ထားပြီး ပိတ်ပင်တာဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် မကိုက်ညီဘူး၊ ခွဲခြား ဆက်ဆံတာဖြစ်တယ်လို့ အတိုက်အခံတွေက ကန့်ကွက်နေကြပါတယ်။

ထရမ့် အစိုးရအဖွဲ့ကတော့ အမေရိကန်ကို အကြမ်းဖက်ဝါဒကနေ ကာကွယ်ဖို့ရန် သမ္မတထရမ့်မှာ တာဝန်ရှိသလို ဒီနိုင်ငံတွေဟာ အန္တာရယ်ပေးနိုင်တဲ့ နိုင်ငံစာရင်းမှာ ပါဝင်နေပါတယ်လို့ ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။

ဒီတားမြစ်အမိန့်မှာ မြောက်ကိုရီးယားနှင့် ဗင်နီဇွဲလားနိုင်ငံတို့မှ လူတွေလည်းပါဝင်နေတာဖြစ်ပြီး တချို့ပုဂ္ဂိုလ်တွေကို ၎င်းတားမြစ်အမိန့်အား အကောင်အထည်ဖော်နိုင်ရေးအတွက် အောက်တရားရုံးမှ ခွင့်ပြုခဲ့ပြီးဖြစ်ပါတယ်။

Leave a comment

Your email address will not be published.