ရင်းဂစ် ဘီလီယမ်ချီ တဲ့ FOREX ပွပေါက်လုပ်ငန်းကို မလေးရှားရဲမှ ဝင်စီး

မလေးရှားပြည်သူတွေ ရင်းဂစ် ၁ ဘီလီယမ် (အမေရိကန်ဒေါ်လာ ၂၅၆ သန်း)အထိဆုံးရှုံးခဲ့ရတဲ့ တရားမဝင်နိုင်ငံခြားငွေလှဲလှယ်မှုနဲ့ ပတ်သက်ခဲ့တဲ့ ဂုဏ်ထူးဆောင် Datuk (ဒါ့တုတ်)ဘွဲ့ ရရှိထားသူသုံးဦးကို မလေးရှားရဲတပ်ဖွဲ့ ဖမ်းဆီးထိမ်းသိမ်းလိုက်တယ်လို့ NCA သတင်းတစ်ပုဒ်အရသိရပါတယ်။ မလေးရှားနိုင်ငံစီးပွားရေးဆိုင်ရာမှုခင်းစုံစမ်းထောက်လှမ်းရေးဋ္ဌာန CCID ရဲ့ဒါရိုက်တာ Amar Singh Ishar Singh ရဲ့ အဆိုအရ သံသယရှိသူ သုံးဦးဟာ အသက် ၃၅ နှစ်နဲ့ ၄၉နှစ် အရွယ်ရှိသူတွေဖြစ်ပြီး ဖေဖေါ်ဝါရီလ ၁၀ရက်နေ့က ဖမ်းဆီးထိန်းသိမ်းလိုက်တာ ဖြစ်ပါတယ်။

ရဲတွေဟာ မလေးရှားရင်းဂစ် ၁၀.၅ သန်း တန်ဖိုးရှိတဲ့ ကျောက်မျက်ရတနာတွေ၊ဇိမ်ခံကားတွေနဲ့ ဘန်ဂလိုတစ်လုံးကိုလည်း သိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။ ရဲတွေလက်ခံရရှိတဲ့ တိုင်တန်းချက်ပေါင်း ၁၁၆ ခုအရ အဆိုပါပွပေါက်ကြံတဲ့ တရားမဝင်နိုင်ငံခြားငွေလှဲလှယ်တဲ့လုပ်ငန်းဟာ မလေးရှားရင်းဂစ် ၆.၂ သန်းအထိရှိပြီး ဆုံးရှုံးနစ်နာသူဦးရေက ၇၀၀၀၀ နီးပါးရှိကာ ဆုံးရှုံးငွေပမာဏမှာ စုစုပေါင်း ရင်းဂစ် ၁ ဘီလီယမ် အထိရှိတယ်လို့ သတင်းထောက်တွေကိုပြောပါတယ်။

ဒီပွပေါက်ကြံတဲ့ လုပ်ငန်းဟာ နိုင်ငံရပ်ခြားမှာ မှတ်ပုံတင်ထားတဲ့ ဝက်ဆိုက်ကို အသုံးချပြီး ၂၀၁၃ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အထိ လုပ်ကိုင်ခဲ့တယ်လို့ဆိုပါတယ်။ သူတို့ဟာ ဒီဝက်ဆိုက်ကိုအသုံးချပြီး တစ်လလျှင် ၁၂% လစဉ်ပြန်ရမယ်ဆိုပြီး လူတွေကိုစည်းရုံးပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။ ရဲတွေဟာ ဒီလုပ်ငန်းမှာ အဓိကပါဝင်ပတ်သက်နေတဲ့ M Pandeyan နဲ့ FC Gouri အမည်ရတဲ့ ဇနီးမောင်နှံစုံတွဲတစ်တွဲနောက်ကိုလည်း လိုက်လံစုံစမ်းနေပါတယ်။ သူတို့ဟာ လွန်ခဲ့တဲ့ တနင်္ဂနွေက အိမ်နီးချင်းနိုင်ငံတစ်ခုသို့ထွက်ပြေးသွားပြီလို့ ထင်ရကြောင်းနဲ့ ဖမ်းဆီးနိုင်ရေးအတွက် အဆိုပါ နိုင်ငံမှ အာဏာပိုင်တွေဆီ အကူအညီတောင်းထားတယ်လို့ သိရပါတယ်။

ကိုးကား။ Channel News Asia

Leave a comment

Your email address will not be published. Required fields are marked *