လူတွေ ဘာ့ကြောင့် ဘဝင်မြင့်ကြတာလဲ

လောကလူ့ဘုံမှာ လူဆိုတဲ့ သတ္တဝါဟာ အင်မတန်ဆန်းကြယ်တယ်လို့ ဆိုရပါမယ်။ လူတွေဟာ အသိဉာဏ်အရှိဆုံး သတ္တဝါဖြစ်တဲ့ အတွက် ကမ္ဘာဦးကာလကတိုင် ယခုအချိန်ထိ လူတို့ရဲ့ တီထွင်ဖန်တီးမှုဆိုတာလည်း ရပ်မသွား ခဲ့ပါဘူး။လူ့လောကကြီးကို ကျရောက်လာတတ်တဲ့ အန္တာရယ်အသွယ်သွယ်ကိုလည်း လူတွေကပဲပြန်လည်တွန်းလှန် ခုခံခဲ့ကြတာ ဒီကမ္ဘာမြေဟာ သက်သေပါပဲ။ ဒါပေမဲ့ ဒီကမ္ဘာမြေပေါ်က လူသားတစ်ချို့ရဲ့ အတ္တမီးတောက်ကြီး ကြောင့်ပင် ဒီကမ္ဘာမြေပေါ်ကလူသားပေါင်းများစွာရဲ့ဘဝတွေ၊အသက်အိုးအိမ်စည်းစိမ်တွေ လောင်မြိုက်ပျက်စီး ခဲ့ရတာ လည်း အကြိမ်ကြိမ်အခါခါပါပဲ။

လူဆိုတဲ့သတ္တဝါတွေဟာ ပျက်စီးချိန်တန်တဲ့အခါ အတ္တမီးတောက်လို့ တင်စားရမယ့် မာန်မာနတွေထောင်လွှား တတ်ကြပါတယ်။ဒါကို အရပ်စကားအရဆိုရင်တော့ ဘဝင်မြင့်တယ်လို့ပဲပြောရမယ်ထင်ပါတယ်။ဘဝင်မြင့်တာဟာ လူကို ပျက်စီးစေတတ်တာကြောင့် ဘဝင်မြင့်ရောဂါလို့တောင်ဆိုကြတာ ကြားဖူးကြမှာပါ။ ဒါဆိုရင် လူတွေ ဘာ့ကြောင့် ဘဝင်မြင့် ကြတာလဲ။ ဘာတွေကို အကြောင်းပြုပြီးမာန်တက်ကြတာလဲ။ လူတွေမှာ ဘဝင်မြင့်ရတဲ့ အကြောင်းတရား ၉ ပါးရှိတယ် လို့ မြတ်ဗုဒ္ဓက ဟောခဲ့တာကို မျှဝေပေးပါရစေ။
(၁) ဇာတိကိုစွဲပြီးမာန်တက်တတ်ပါတယ်။
ငါက ဘယ်နေရာ၊ဘယ်ဒေသမှာမွေးလာတဲ့အကောင်ကွ၊ငါက အမေရိကန်နိုင်ငံသားကွလို့ ပြောတာတွေဟာ ဇာတိကို စွဲ ပြီးတက်တဲ့ မာန်ဖြစ်ပါတယ်။
(၂) မျိုးနွယ်ကိုစွဲပြီးမာန်တက်တတ်ပါတယ်။
ငါတို့က ဘယ်သူ့အမျိုး၊သူဋ္ဌေးမျိုး၊မင်းမျိုးမင်းနွယ်တွေလို့ ပြောတတ်ကြတာတွေဟာ အမျိုးအနွယ်ကိုမှီပြီးတက်တဲ့ မာန် ဖြစ်ပါတယ်။
(၃) အတတ်ပညာကို အစွဲပြုပြီးလည်းမာန်တက်တတ်ကြပါတယ်။
ငါက ပညာရှင်၊ငါက အောက်စဖို့ထွက်၊စသဖြင့် သင်ယူတတ်မြောက်ခဲ့တဲ့ အတတ်ပညာကို အကြောင်းပြုပြီးမာန် တတ် တာဖြစ်ပါတယ်။
(၄) အနာရောဂါကင်းတာကို အကြောင်းပြုပြီးလည်း မာန်တက်တတ်ပါတယ်။
လူတွေဟာ ဘာအနာရောဂါမှမဖြစ်သရွေ့ကိုယ့်ဖာသာ မသေမျိုးလိုတွေးထင်ပြီးတတ်တာဟာလည်း မာနတစ်မျိုးဖြစ်ပါ တယ်။ တကယ့်ဓမ္မအလိုအရတော့ ရုပ်ရှိနေပြီးပြီဆိုကတည်း ရောဂါရှိနေပြီးဖြစ်ပါတယ်။
(၅) အရွယ်နုပျိုခြင်းကိုအကြောင်းပြုပြီးလည်း မာန်တက်တတ်ပါတယ်။
လူတွေကို အရွယ်တင်လိုက်တာ၊နုပျိုနေတာပဲလို့ ချီးကျူးစကားပြောရင် သဘောတွေ့တတ်ကြပါတယ်။ ဒါဟာ ငါ့မှာ အရွယ်ရှိသေးတယ်၊ငါကနုပျိုနေဆဲပဲဆိုတဲ့ မာန်ကြောင့်ဖြစ်ပါတယ်။
(၆) အသက်ရှည်ခြင်းကို အကြောင်းပြုပြီးလည်း မာန်တက်တတ်ပါတယ်။
လူတိုင်းအသက်ရှည်ရှည်နေချင်ကြတာ မဆန်းပါဘူး။ အသက်ရှည်တဲ့အတွက် ဘဝရဲ့ကောင်းမှုကုသိုလ်တွေကို များများလုပ်ချိန်ရပါတယ်။ ဒါပေမဲ့ ငါကအသက်ဘယ်လောက်ရှိပြီကွလို့ ဖြစ်လာရင်တော့ အသက်ရှည်မှုကို အ ကြောင်းပြုပြီးမာန်တက်တာဖြစ်ပါတယ်။
(၇) အဆင်းလှခြင်းကို အကြောင်းပြုပြီးမာန်တက်တတ်ပါတယ်။
ဒါကိုတော့ အကျယ်ပြောစရာမလိုပါဘူး။ လူဆိုတဲ့ လူတွေထဲမှာ အဆင်းလှသူတွေက မာန်တက်တာမျိုးကိုတော့ လူ တိုင်းနီးပါးသိပါတယ်။ ဒါပေမဲ့ အဆင်းထက် အချင်းရှိဖို့ အတွက်တော့ လူနည်းစုလောက်ပဲအားထုတ်ကြတာကလည်း လောက သဘာဝလိုဖြစ်နေပါပြီ။

photo credit:Indiaexpress

(၈) စည်းစိမ်ဥစ္စာ ပေါများတာကို အကြောင်းပြုပြီးတော့လည်း မာန်တက်တတ်ပါတယ်။
စည်းစိမ်ဥစ္စာပေါများတဲ့အတွက် မာန်တက်တာမျိုးကို လူတစ်ဦးချင်းသာမက နိုင်ငံအလိုက်တောင် မာန်တက်တာမျိုး ကြုံဖူးပါတယ်။ တစ်ချို့ ချမ်းသာကြွယ်ဝတဲ့ နိုင်ငံသားတွေ ဆင်းရဲတဲ့ နိုင်သားတွေကို အဖက်မလုပ်ချင်ကြတာ တွေ့ဖူး ပါ တယ်။ ဒီမာန်ကတော့ လောကလူသားတွေအလယ်မှာ အထင်ရှားဆုံးမြင်တွေ့ရတဲ့ မာန်မာနတစ်မျိုးပါပဲ။
(၉) ထင်ပေါ်ကျော်ကြားမှုကြောင့်လည်း မာန်တက်တတ်ပါတယ်။
လူတစ်ချို့ထင်ပေါ်ကျော်ကြားလာတဲ့အခါ ဘဝမေ့တတ်တာဟာ ဒီမာန်ကြောင့်ဖြစ်ပါတယ်။ ဒါဟာလည်း လောကအလယ် မှာ တွေ့မြင်နေကျ မာန်တစ်မျိုးဖြစ်ပါတယ်။

ကဲ၊ဒါဆိုရင် လူတွေအတွက် ဒီမာန်မာနတွေကို ထိမ်းချုပ်နိုင်တာကော မရှိဘူးလား။ရှိပါတယ်။ လူအချင်းချင်း မေတ္တာ ထားတတ်မယ်ဆိုရင် ဒီမာန်တွေ လျော့ပါးသွားနိုင်ပါတယ်။ မေတ္တာထားနိုင်ဖို့ သတိပညာနဲ့ ဆင်ခြင်နိုင်ဖို့လည်း လိုပါ တယ်။ ရခဲလှတဲ့လူ့ဘဝမှာ သူဟာ ငါနဲ့မတူနိုင်ဘူးဆိုတာကတော့ သေချာပါတယ်။ ဘာကြောင့်မတူနိုင်သလဲ။ သံသရာ အဆက်ဆက်ဘဝအဆက်ဆက်မှာ ပြုလုပ်ခဲ့ကြတဲ့ ကံတရားတွေမတူနိုင်ကြလို့ပါပဲ။ ဒါကိုနားလည်မယ်ဆိုရင်တော့ မာန် ဆိုတာ အမှန်တကယ်တော့ ကိုယ့်ကို ဒုက္ခတွင်းထဲဆွဲချတဲ့ အရာသာဖြစ်ကြောင်းရေးသားလိုက်ရပါတယ်။

Leave a comment

Your email address will not be published.