သင်ကိုင်ဆောင်ထားတဲ့ နိုင်ငံကူးလက်မှတ်ရဲ့ ပါဝါကို သင်သိပါသလား

မြန်မာနိုင်ငံသားတွေရဲ့ ဘဝမှာ အမှတ်ရစရာတွေ၊ရင်နာစရာတွေကတော့ အများသားလို့ ဆိုရမှာပါ။ဒီအထဲမှာ အတိတ်က နိုင်ငံကူးလက်မှတ်ကိစ္စလည်းပါပါတယ်။ နိုင်ငံကူးလက်မှတ်တစ်ခုရဖို့အတွက် ရန်ကုန်မြို့လယ်၊ ပန်းဆိုး တန်းလမ်းပေါ်က ကျဉ်းမြောင်းလှတဲ့ ရုံးဟောင်းကြီးပေါ်မှာ ချွေးတလုံးလုံးကျအောင် အထက်တက်အောက်ဆင်း လုပ် ခဲ့ရတာကို ကြုံခဲ့ရသူတိုင်း အမှတ်ရကြဦးမယ်ထင်ပါတယ်။အဲဒီမတိုင်ခင်တုန်းကတော့ မြန်မာနိုင်ငံသားတွေအတွက် နိုင်ငံ ရပ်ခြားဆိုတာ ထီးတော်မိုးခံရသူတွေ၊သံတမန်မိသားစုတွေနဲ့ အဲဒီတုန်းက ခေတ်စားခဲ့တဲ့ သင်္ဘောသားတွေကလွဲလို့ ကျန်လူအများစုကစိတ်ကူးထဲတောင်မစဉ်းစားရဲခဲ့ကြပါဘူး။Photo Credits:Daily 11
ခုတော့ခေတ်စနစ်တွေပြောင်းလဲလာတဲ့အတွက် ပြည်ပနိုင်ငံတွေကို သွားရောက်လည်ပတ်ကြသူတွေ၊ အလုပ်အကိုင် သွားလုပ်ကြမယ့်လူတွေနဲ့ ရန်ကင်းက နိုင်ငံကူးလက်မှတ်ထုတ်ပေးတဲ့နေရာဟာ အရင်ကနဲ့စာရင် အတော့်ကို တိုးတက် လာတယ်လို့ဆိုရပါလိမ့်မယ်။ ဒါ့အပြင် တိုင်းနဲ့ ပြည်နယ် မြို့ကြီးတွေမှာလည်း စီစဉ်ပေးထားတာကြောင့် နယ်ကပြည်သူ တွေအတွက်လည်း ပိုအဆင်ပြေလာတယ်လို့ ဆိုရမှာပါ။ ကိုယ်သွားချင်တဲ့ ပြည်ပခရီးကို သွားရောက်နိုင်ဖို့အတွက် ကိုယ့်လက်ထဲကို အနီရဲရဲ နိုင်ငံကူးလက်မှတ်စာအုပ်လေးရလာပြီဆိုရင် မြန်မာနိုင်ငံသားတွေအားလုံး ပီတိဖြစ်ကြတတ် ပါတယ်။ ဒီစာအုပ်လေးဟာ မိမိတို့ ပြည်ပဂိတ်တံခါးတွေဝင်ရောက်နိုင်ဖို့အတွက် မပါမဖြစ်ဆောင်ထားရတဲ့ အမှတ် သင်္ကေတတစ်ခုဖြစ်သလို ကိုင်ဆိုင်သူရဲ့အချက်အလက်တွေကိုလည်း နိုင်ငံအလိုက်ခေတ်အမီဆုံး မှတ်တမ်း တင်ထား တဲ့ စာအုပ်လေးဖြစ်ပါတယ်။ဒါ့အပြင် ကိုင်ဆောင်သူဟာ ဘယ်နိုင်ငံသားဖြစ်တယ်ဆိုတာ ခွဲခြားဖေါ်ပြနိုင်ဖို့ သက်ဆိုင်ရာ နိုင်ငံရဲ့ အမှတ်တံဆိပ်တွေကို ရိုက်နှိပ်ထားကြပါတယ်။ ဒါတင်ပဲလား။မဟုတ်ပါဘူး။ကမ္ဘာပေါ်က နိုင်ငံတွေရဲ့ အခြေ အနေခွင့်ပြုပေးမှုတွေအရ နိုင်ငံတစ်ခုနဲ့တစ်ခု သွားရောက်လည်ပတ်နိုင်တဲ့ ပါဝါကကွာပါသေးတယ်။ ဒါကို နိုင်ငံကူး လက်မှတ်တစ်ခုရဲ့ စွမ်းပကားလို့ ဆိုပါတယ်။
ဒီလို နိုင်ငံကူးလက်မှတ်တွေရဲ့ ပါဝါကို လေ့လာဆန်းစစ်ပြီး အဆင့်သတ်မှတ်ချက် အညွှန်းကိန်းတွေကို နှစ်စဉ်ထုတ် ပြန်ပေးနေတဲ့ အဖွဲ့အစည်းတစ်ခုကတော့ ယူကေနိုင်ငံအခြေစိုက် Henley & Partners ကုမ္ပဏီပဲဖြစ်ပါတယ်။ ဒီ အညွှန်းကိန်းကို ထုတ်ပြန်ခဲ့တာ အခုဆိုရင် ၁၄နှစ်ရှိခဲ့ပါပြီ။Henley ဟာ ဒီအညွှန်းကိန်းကို ထုတ်ပြန်နိုင်ဖို့အတွက် အပြည်ပြည်ဆိုင်ရာ လေကြောင်းပို့ဆောင်ရေးအဖွဲ့ (IATA)ကစုဆောင်းရရှိတဲ့ အချက်အလက်တွေ အပေါ်အခြေခံ ထားတာဖြစ်ပါတယ်။
၂၀၁၉ အတွက် အညွှန်းကိန်းကိုတော့ ဇန်နဝါရီလ ၈ ရက်နေ့က ထုတ်ပြန်ခဲ့ရာမှာ အာရှနိုင်ငံတွေက ထိပ်ဆုံး ပါဝါနေရာတွေကို ယူခဲ့ကြပါတယ်။ ဒီအထဲမှာ ဂျပန်လူမျိုးတွေရဲ့လက်ထဲက နိုင်ငံကူးလက်မှတ်ဟာ နိုင်ငံပေါင်း ၁၉၀ ကို ဗီဇာမဲ့၊ဆိုက်ရောက်ဗီဇာတွေနဲ့ သွားရောက်နိုင်တဲ့ အတွက် ကမ္ဘာပေါ်မှာ ပါဝါအရှိဆုံး နိုင်ငံကူးလက်မှတ်အဖြစ် နံပါတ်တစ်အဆင့်ကိုဆွတ်ခူးသွားခဲ့ပါတယ်။ ဂျပန်တွေအခုလိုခေါင်းမော့ရင်ကော့ပြီး ထိပ်ဆုံးနေရာကို ယူခဲ့တာ ၂နှစ် ဆက်တိုက်ရှိပါပြီ။သူ့နောက်မှာတော့ စင်ကာပူနဲ့ တောင်ကိုရီးယားတို့က ပူးတွဲ ဒုတိယနေရာကိုရရှိပါတယ်။ ဒီနှစ် နိုင်ငံက နိုင်ငံသားတွေဟာလည်း နိုင်ငံပေါင်း ၁၈၉ နိုင်ငံကို ဗီဇာမလို၊ဆိုက်ရောက်ဗီဇာတွေနဲ့ သွားရောက်နိုင်ကြပါတယ်။ Henley ရဲ့ ၁၄နှစ်တာလေ့လာထုတ်ပြန်ခဲ့တဲ့အထဲမှာ အီရတ်နဲ့ အာဖဂန်နစ္စတန်ကတော့ အဆင့် ၁၀၄ နဲ့ အနိမ့်ဆုံး နိုင်ငံတွေအဖြစ်ဆက်လက်ရှိနေခဲ့ပြီး ဗီဇာမပါပဲသွားနိုင်တာ နိုင်ငံပေါင်း ၃၀ ပဲရှိပါတယ်။
မြန်မာအပါအဝင် အာဆီယံဒေသတွင်းအခြေအနေ
အာဆီယံထဲမှာတော့ စင်ကာပူပြီးရင် ဒုတိယထိပ်သီးနိုင်ငံကတော့ မလေးရှားပဲဖြစ်ပါတယ်။ ကမ္ဘာ့အဆင့် ၁၂ မှာ ရှိပြီး နိုင်ငံပေါင်း ၁၇၉ နိုင်ငံကို သွားရောက်နိုင်ပါတယ်။ သူ့နောက်မှာတော့ ဘရူနိုင်းက ကမ္ဘာ့အဆင့် ၂၁နဲ့ ၁၆၅ နိုင်ငံ၊တီမောကအဆင့် ၅၄ နဲ့ ၉၇နိုင်ငံ၊ထိုင်းကအဆင့် ၆၈နဲ့ ၇၅နိုင်ငံ၊အင်ဒိုက အဆင့်၇၂နဲ့ နိုင်ငံပေါင်း ၇၁နိုင်ငံ၊ ဖိလစ် ပိုင်ကတော့ အဆင့် ၇၄နဲ့ နိုင်ငံပေါင်း ၆၆နိုင်ငံကို ဗီဇာမဲ့၊ဆိုက်ရောက်ဗီဇာတွေနဲ့ သွားရောက်နိုင်တဲ့ ပါဝါတွေ အသီးသီး ရှိကြပါတယ်။
CLMV လေးနိုင်ငံကကော
အာဆီယံထဲမှာ အရာရာနောက်မှာရှိတဲ့ လေးနိုင်ငံက နိုင်ငံတွေကို အက္ခရာအလိုက်အတိုကောက်ခေါ်ဝေါ်တဲ့ CLMV နိုင်ငံတွေပဲဖြစ်ပါတယ်။ ဒီလေးနိုင်ငံမှာ ပထမရတဲ့ နိုင်ငံကတော့ ကမ္ဘောဒီးယားပဲဖြစ်ပါတယ်။ကမ္ဘာအဆင့် ၈၄ ရှိ ပြီးတော့ နိုင်ငံပေါင်း၅၄ နိုင်ငံကို ဗီဇာမဲ့၊ဆိုက်ရောက်ဗီဇာတွေနဲ့ သွားရောက်နိုင်ပါတယ်။ ဒီနောက်မှာ ဒုတိယ လိုက် လာတာကတော့ ကုန်းတွင်းပိုင်းနိုင်ငံဖြစ်သလိုမိမိတို့နဲ့ အိမ်နီးချင်းဖြစ်တဲ့ လာအိုဖြစ်ပါတယ်။ ကမ္ဘာ့အဆင်ပါဝါ ၈၆ရှိပြီး နိုင်ငံပေါင်း ၅၂ နိုင်ငံကို သွားရောက်နိုင်ပါတယ်။ သူ့နောက်မှာတော့ ဗီယက်နမ်ဖြစ်ပါတယ်။ကမ္ဘာ့အညွှန်းကိန်းအရ အဆင့် ၈၇ရှိပြီး နိုင်ငံပေါင်း ၅၁နိုင်ငံကို ဗီဇာမဲ့၊ဆိုက်ရောက်ဗီဇာတွေနဲ့ သွားရောက်နိုင်ပါတယ်။
နောက်ဆုံးမှာတော့ ကိုယ့်ကိုကိုယ် ရွှေတွေလို့တင်စားပြီးကြွားတတ်တဲ့ မြန်မာပဲဖြစ်ပါတယ်။ ကမ္ဘာ့အဆင့် ၉၀ ရှိပြီး နိုင်ငံနဲ့ဒေသပေါင်း၄၈ခုကို ဗီဇာမလို၊ဆိုက်ရောက်ဗီဇာတွေနဲ့ သွားရောက်နိုင်တယ်လို့ သိရပါတယ်။
ဘယ်စစ်တမ်းအညွှန်းကိန်းတွေပဲထွက်လာထွက်လာ မြန်မာတွေထိပ်ရောက်တာဆိုလို့ အလှူဒါနရက်ရောတာတစ်ခုပဲ ထိပ်ဆုံးရှိခဲ့ပါတယ် ကျန်အများစုကတော့ ဆက်လက်နိမ့်ကျနေဆဲပါပဲ။ တိုင်းပြည်ကြီးအရာရာ နိမ့်ကျနေတုန်းမှာပဲ တိုင်းပြည်အတွင်းက လက်နက်ကိုင်တွေကတော့ အငြိုးအတေး၊မာန်မာနတွေနဲ့ အပြိုင်အဆိုင်တိုက်လို့ ကောင်းနေကြတုန်း ပါပဲ။တိုက်ပွဲတွေမရပ်သမျှ၊ငြိမ်းချမ်းရေးမရသမျှတော့ အောက်ဆုံးအဆင့်ကတက်ဖို့ လုံးဝမဖြစ်နိုင်ပါ ကြောင်း ရေးသား တင်ပြလိုက်ပါတယ်။ မြန်မာပြည်ကြီး ငြိမ်းချမ်းပါစေ။

ကိုးကား။ Henley Index 2019

Leave a comment

Your email address will not be published. Required fields are marked *