သင်ရဲ့ စိတ်ဓာတ်ကျမှုအတွက် ကုသမှုခံယူဖို့လိုအပ်နေပြီဆိုတာကို ဘယ်လိုသိနိုင်မလဲ?

သင်ရဲ့ စိတ်ဓာတ်ကျမှုက ပုံမှန်ထက်လွန်ကဲပြီး ကုသမှုခံယူဖို့လိုအပ်နေပြီဆိုတာကို ဘယ်လိုသိနိုင်မလဲ? နည်းလမ်းလေးတွေ ရှိတာကြောင့် လေ့လာကြည့်ကြရအောင်။

ငြီးငွေ့မှုတွေ သာမန်ထက်လွန်ကဲနေပြီဆိုရင်

ဘဝမှာ စိတ်ဓာတ်ကျတာတွေ ခံစားရတဲ့အချိန်တွေလည်း ရှိပါတယ်။ ဒါပေမယ့် ဝမ်းနည်းပူဆွေးမှုတွေ၊ မျှော်လင့်ချက်မဲ့မှုတွေကို နေ့စဉ်ခံစားနေရတယ်။ နေ့စဉ်အလုပ်တစ်ခုလို စိတ်ဓာတ်ကျစရာတွေ အတွက်ပါ အချိန်ပေးနေရပြီဆိုရင်တော့ ကုသမှုခံယူသင့်ပါပြီ။

သာမန်ထက်ပိုအိပ်တယ် ဒါမှမဟုတ် အိပ်ချိန်အလွန်နည်းလာပြီဆိုရင်

စိတ်ကျဝေဒနာခံစားနေရသူအချို့က စိတ်ဓာတ်ကျစရာကိစ္စတွေကနေ လွတ်မြောက်ဖို့အတွက် တစ်ချိန်လုံးအိပ်ပဲ အိပ်နေတတ်ပါတယ်။ တစ်ချို့ကကျတော့လည်း စိတ်ဓာတ်ကျပြီး အိပ်မရတဲ့ရောဂါ စွဲကပ်တတ်ကြပါတယ်။ ဒီလိုစိတ်ကျဝေဒနာခံစားနေရပြီဆိုရင်တော့ ကုသမှုခံယူသင့်ပါတယ်။

ကိစ္စသေးသေးလေးအတွက်နဲ့တောင် စိတ်အနှောင့်အယှက်ရနေပြီဆိုရင်

စိတ်ကျဝေဒနာခံစားရနေသူတွေက သူများတွေထက် စိတ်ဆတ်ပါတယ်။ တစ်ခြားသူတွေအတွက် ဘာမဟုတ်တဲ့ကိစ္စလေးက ကိုယ့်အတွက် စိတ်အနှောင်းအယှက်ကြီးတစ်ခုလို တုံ့ပြန်နေမိရင် ကုသမှုအမြန်ဆုံးခံယူသင့်ပါတယ်။

အာရုံစိုက်လို့မရတော့ရင်

ခေါင်းထဲမှာ စိတ်ဓာတ်ကျစရာတွေ၊ စိတ်အလိုမကျမှုတွေ၊ ဝမ်းနည်းမှုတွေနဲ့ ပြည့်နေရင် တစ်ခြားဘယ်အရာကိုမှ အာရုံမစိုက်နိုင်တော့ပါဘူး။ ဒီလိုမျိုး အခက်အခဲတွေ့နေရင်တော့ ကုသမှုခံယူတာ အကောင်းဆုံးဖြစ်မှာပါ။

ပျော်ရွှင်စရာလို့ သတ်မှတ်ထားတဲ့အရာတွေနဲ့ မပျော်ရွှင်တော့ရင်

အရင်က သင့်ကိုပျော်ရွှင်စေခဲ့တဲ့ သင့်ရဲ့ဝါသနာတွေ၊ လုပ်ဖေါ်ကိုင်ဖက်တွေ စတာတွေက သင့်ကို မပျော်ရွှင်စေတော့ဘူးဆိုရင် စိတ်ကျဝေဒနာကို ခံစားနေပြီဖြစ်တာကြောင့် ကုသမှုခံယူလိုက်ပါ။

ကိုယ့်ကိုယ်ကို မထိုက်တန်ဘူးလို့ ခံစားနေရရင်

ဘယ်အရာပဲလုပ်လုပ် ကိုယ့်ကိုယ်ကို မဖြစ်နိုင်ဘူး၊ ကိုယ်နဲ့မထိုက်တန်ဘူးလို့ အမြဲအားငယ်နေတာကလည်း စိတ်ကျဝေဒနာတစ်မျိုးပါ။

အတွေးတွေနဲ့ ကိုယ့်ကိုယ်ကို သေကြောင်းကြံမိနေပြီဆိုရင်

ကိုယ့်ကိုယ်ကို သေကြောင်းကြံမိတဲ့အထိ စိတ်ကျဝေဒနာခံစားရသူတွေလည်း ရှိပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကို စိတ်ကျဝေဒနာခံစားနေရပြီဆိုတာ သတိထားမိတာနဲ့ ကုသမှုခံယူပါ။

အမြဲစိုးရိမ်ပူပန်မှုတွေကိုပဲ ခံစားနေရတယ်ဆိုရင်

ကြောက်လန့်မှုတွေများလာရင် စိုးရိမ်ပူပန်မှုဝေဒနာကို ခံစားရတတ်ပါတယ်။ တစ်ခါတလေမှာ စိတ်ဓာတ်ကျရာကနေ စိုးရိမ်မှုတွေကို ဖြစ်ပေါ်စေပါတယ်။ စိုးရိမ်ပူပန်မှုတွေအရမ်းခံစားနေရရင်တော့ ကုသမှုခံယူသင့်ပါတယ်။

အားအင်တွေကုန်ခမ်းနေပြီဆိုရင်

စိတ်ကျဝေဒနာခံစားရပြီဆိုရင် အစားစားတာ၊ အိပ်စက်အနားယူတာ အလွန်နည်းပါးလာတာကြောင့် အားအင်တွေကုန်ခမ်းပြီး မောပန်းနွမ်းနွယ်မှုတွေ ခံစားလာရတာကြောင့် ကုသမှုခံယူတာ အကောင်းဆုံးဖြစ်မှာပါ။

ဘာကြောင့်မှန်းမသိ နာကျင်မှုတွေခံစားနေရရင်

စိတ်ထဲမှာ ဟိုနားကနာသလိုလို၊ ဒီနားကအောင့်သလိုလို ခံစားနေရတာက စိတ်ကျဝေဒနာကြောင့်လည်း ဖြစ်နိုင်တာကြောင့် ကုသမှုခံယူစသင့်ကြောင်း တိုက်တွန်းလိုပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *