အင်တာနက်မှတစ်ဆင့် IS အကြမ်းဖက်အဖွဲ့သို့ဝင်ရောက်ရန် စည်းရုံးခဲ့သူ အကြမ်းဖက်သမားအား ဖမ်းဆီးရမိ

လွန်ခဲ့တဲ့ ၄ ရက်က ဗြိတိန်ရဲ့ နာမည်ကြီးသတင်းစာတစ်စောင်ဖြစ်တဲ့ The Independence သတင်းစာကြီးမှာ သတင်းတစ်ပုဒ်ဖေါ်ပြခဲ့ပါတယ်။ သတင်းက မြန်မာတွေအတွက် သတိထားစရာ ဖြစ်သလို အားလုံးက သတိဝီရိယနဲ့ သွားလာလှုပ်ရှားနေထိုင်ကြဖို့လည်း သတိပေးသလိုဖြစ်နေပါတယ်။ ဗြိတိန်နိုင်ငံထဲကို ဗီဇာနဲ့ဝင်ရောက်လာခဲ့တဲ့ ဘင်ဂလာဒေ့ရှ် နိုင်ငံသား အသက် ၂၈ နှစ် အရွယ်ရှိ Mohammed Kamal Hussain ဟာ လန်ဒန်အရှေ့ပိုင်း နေအိမ်တစ်ခုမှာ အိုဗာစတေးနဲ့ နေထိုင်ပြီး IS တွေအတွက် ကမ္ဘာတစ်လွှားက အစ္စလာမ်မစ် အကြမ်းဖက်တွေကို စုဆောင်းပေးခဲ့ပါတယ်။ ဒါကို လန်ဒန်ရဲက ဖမ်းမိသွားပြီး တရားရုံးက ထောင်ဒဏ် ၇ နှစ်ချမှတ်လိုက်တဲ့ သတင်းဖြစ်ပါတယ်။သူ့ကိုသာ အချိန်မီ မဖမ်းမိခဲ့ဘူးဆိုရင်  အတိတ်က နေမဝင်အင်ပါယာ သခင်ကြီးရဲ့ နိုင်ငံထဲမှာ ဘာတွေများဆက်ဖြစ်လာလေမလဲဆိုတာကတော့ မတွေးရဲစရာပါပဲ။ 
တစ်ဆက်တည်းမှာပဲ မကြာခင်ကမြန်မာနိုင်ငံ အနောက်ဖက်ရခိုင်ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ ဘင်္ဂလီ အကြမ်းဖက်တွေနဲ့ ဆက်စပ်စဉ်းစားကြည့်မယ်ဆိုရင် နယ်နိမိတ်ချင်းထိစပ်နေတဲ့ မြန်မာတွေ အတွက် အတော့်ကို သတိထားရမယ့် အခြေအနေဖြစ်ပါတယ်။လန်ဒန်မှာ ဖမ်းမိပြီး ထောင်ချလိုက်တဲ့ အကြမ်းဖက်သမား မိုဟာမက်ဟာ WhatsApp ၊ Facebook နဲ့ Telegram တွေကို အသုံးချပြီး မက်ဆေ့ တွေပို့ရင်း စုဆောင်းခဲ့တယ်လို့ဆိုပါတယ်။  UK ပြင်ပမှာ နေထိုင်တဲ့ အမျိုးသားတစ်ဦးဆီကို  IS အဖွဲ့ထဲဝင်ဖို့ Facebook မက်ဆေ့ပို့ရာကနေ အဲဒီအမျိုးသားက လန်ဒန်ရဲဋ္ဌာနဆီ ၂၀၁၇ မတ်လမှာ အီးမေးလ်ပို့လိုက်တော့မှ ရဲက မိုဟာမက်ရဲ့ လှုပ်ရှားမှုကို ရှာဖွေတွေ့ရှိသွားခဲ့ပါတယ်။ ဒီနောက်မှာတော့ မိုဟာမက်ရဲ့ မက်ဆေ့တွေကို တန်ပြန်အကြမ်းဖက်နှိမ်နင်းရေး အင်တာနက် သတင်းဖလှယ်ရေး ဋ္ဌာနက ချိတ်ဆက်ရယူခဲ့ပါတယ်။ IS အတွက် တိုက်ပွဲဝင်ဖို့ လူသစ်စုဆောင်းထားတဲ့ မက်ဆေ့ပေါင်းများစွာနဲ့အတူ IS ခေါင်းဆောင် Abu Bakr al-Baghdadi ရဲ့ စကားတွေကိုပါ တွေ့ရှိခဲ့ရတာကြောင့် ၂၀၁၇ ခုနှစ် ဇွန်လ ၃၀ ရက်နေ့မှာ ဖမ်းဆီးခဲ့ပါတယ်။
 လန်ဒန်က မက်ထရိုပိုလီတန်ရဲဋ္ဌာန အကြီးအကဲဖြစ်သူ Dean Haydon ကတော့ မိုဟာမက်ပို့လိုက်တဲ့ မက်ဆေ့ကို အမှုမဲ့ အမှတ်မဲ့ မထားပဲ ဖုန်းနဲ့ မှတ်တမ်းဓါတ်ပုံရိုက်ပြီး တာဝန်ရှိသူတွေဆီချက်ချင်း အီးမေးပေးပို့ ခဲ့တဲ့အတွက် သူ့ကိုကျေးဇူးတင်တယ်၊ သူ့ကြောင့် မိုဟာမက်ကို တရားစီရင်နိုင်ခဲ့တယ်လို့ဆိုပါတယ်။ ကမ္ဘာတစ်ဝန်းမှာ အစ္စလာမ်မစ်နိုင်ငံထူထောင်ဖို့ သွေးဆာနေတဲ့ အကြမ်းဖက်သမားတွေဟာ ဘယ်လောက်တောင်ထိုးဖေါက်ပျံ့နှံ့နေမလဲဆိုတာကိုတွေးမိပြီး သွေးစွန်းမယ့်ကမ္ဘာကြီးအတွက် ရင်လေးမိပါရဲ့။ ထို့အတူ တာဝန်သိတဲ့ ပြည်သူတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုက အတော်အရေးကြီးတယ်ဆိုတာ ဒီသတင်းက သက်သေပါပဲ။ ဒီတစ်ချီမှာတော့ ရခိုင်ပြည်နယ်ကိစ္စနဲ့ပတ်သက်ပြီး မြန်မာတာဝန်ရှိသူတွေကို အရေးယူဖို့ စည်းရုံးလှုံ့ဆော်နေတဲ့ ယူကေပါလီမန်ထဲက ပထမဆုံးသော ဘင်ဂါလီလူမျိုး အမျိုးသမီးပါလီမန်အမတ် Rushanara Ali သတင်းလည်းဘာသံမှ မကြားရသေးပါဘူး။ သူမဟာ ၂၀၁၄ ခုနှစ်မှာ အီရတ်မှာရှိတဲ့ IS တွေကို ဗြိတိန်က ပူးပေါင်းပါဝင်တိုက်ခိုက်ဖို့ ပါတီခေါင်းဆောင်တွေရဲ့ ဆုံးဖြတ်ချက်ကို သဘောမတွေ့တဲ့အတွက် တာဝန်ကနှုတ်ထွက်ခဲ့ဖူးသူဖြစ်ပါတယ်။ 
 

Leave a comment

Your email address will not be published. Required fields are marked *