အမေဇုံတည်ထောင်သူ Jeff Bezos တို့ဇနီးမောင်နှံ အိမ်ထောင်သက် ၂၅နှစ်ပြည့်ပြီးမှ ကွာရှင်းဖို့ဆုံးဖြတ်

လောကကြီးမှာ အကောင်းနဲ့ အဆိုးဒွန်တွဲနေတတ်တာတွေ၊ကောင်းတစ်ခါ ဆိုးတလှည့် ဆိုတဲ့ လောကဓံ တရားတွေ ကတော့ ဘယ်သူမှ ရှောင်လွဲလို့ မရနိုင်ပါဘူး။ ကမ္ဘာ့အကြီးဆုံးနည်းပညာ ကုမ္ပဏီကြီး တစ်ခုဖြစ်တဲ့ မိုင်ခရိုဆော့ဖ် ကိုတောင် ကျော်တက်ပြီး ကမ္ဘာပေါ်မှာအအောင်မြင်ဆုံးနဲ့ အချမ်းသာဆုံးနံပါတ်တစ်ဖြစ်လာခဲ့တဲ့ ကမ္ဘာ့အကြီးဆုံး အွန်လိုင်းလက်လီအရောင်းလုပ်ငန်းကြီး အမေဇုံရဲ့ တည်ထောင်သူလည်းဖြစ်၊အမှုဆောင်အရာရှိချုပ်လည်းဖြစ်တဲ့ Jeff Bezos အတွက်တော့ ဘ၀ အပြောင်းအလဲက မြန်လွန်းတယ်လို့ ဆိုရလေမလားပဲ။ အိမ်ထောင်သက်ချစ်ခရီးလမ်းကို ၂၅ နှစ်တာ အတူတကွလျှောက်လှမ်းခဲ့ပြီးခါမှ သူနဲ့ သူ့ဇနီးဖြစ်သူ MacKenzie တို့ ကွာရှင်းကြတော့မယ်ဆိုတဲ့ သတင်းက ဗုဒ္ဒဟူးနေ့မှာ သူ့ရဲ့ Twitter ပေါ်ကရေးသားလိုက်တဲ့အတွက် တရားဝင် လူသိရှင်ကြားဖြစ်ခဲ့ပါပြီ။
သူတို့နှစ်ဦးဟာ ၁၉၉၃ ခုနှစ်မှာ နယူးယောက်က ငွေကြေးရံပုံငွေဆိုင်ရာ ကုမ္ပဏီ DE Shaw မှာ အင်တာဗျူးရင်း တွေ့ခဲ့ကြတာဖြစ်ပြီး တွေ့ပြီးသိပ်မကြာခင် လက်ထပ်ခဲ့ကြတာဖြစ်ပါတယ်။ ခုအချိန်မှာတော့ သားသမီးလေးဦးရှိပါတယ်။ ဇနီးဖြစ်သူ Mackenzie ကတော့ Princeton တက္ကသိုလ်ထွက် စာရေးဆရာမတစ်ဦးဖြစ်ပါတယ်။ အမေဇုံကို ထူထောင်ပြီး လင်ဖြစ်သူနဲ့အတူတကွ လုပ်ငန်းများစွာကို ပူးတွဲလုပ်ဆောင်လာခဲ့သူလည်းဖြစ်ပါတယ်။
ကမ္ဘာ့အချမ်းသာဆုံးသူကြွယ်တစ်ဦးဖြစ်တဲ့ Jeff Bezos ဟာ ယခုအချိန်မှာ အသက် ၅၄ နှစ်ရှိပြီးဖြစ်ပြီး သူ့ရဲ့ ချမ်းသာကြွယ်ဝမှုဟာ Bloomberg Billionaires Index အရဆိုရင် ၁၃၇.၄ ဘီလီယံရှိကြောင်း သိရပါတယ်။ လူအများစုကတော့ လောကမှာ ငွေကြေးပြည့်စုံရင် အရာရာပြည့်စုံတယ်လို့ ထင်တတ်ကြပါတယ်။ ဒါဟာမမှန်ဘူးဆိုတာ သက်သေပါပဲ။ လိုအပ်ချက်တွေရှိနေတယ်လို့ခံစားနေကြရတဲ့ ကမ္ဘာမြေပေါ်က အချမ်းသာဆုံး ဒီလူသားနှစ်ယောက် ဟာ တစ်သီးတစ်ခြားစီခွဲနေခဲ့ကြတာလည်း ကြာခဲ့ပြီလို့ သိရပါတယ်။
နယူးယောက်ပို့စ်ကတော့ သူဋ္ဌေးကြီး Jeff ဟာ ဇနီးနဲ့ ခွဲနေစဉ်မှာ တစ်ချိန်က ရုပ်သံသတင်း ဝေဖန်သုံးသပ်သူ၊ ရဟတ်ယာဉ်မောင်းတဲ့ Lauren Sanchez နဲ့ ချိန်းဆိုတွေ့ဆုံမှုတွေရှိခဲ့တယ်လို့ ဆိုပါတယ်။Sanchez ဟာ ဟောလီး ဝုဒ်အကျော်အမော်တွေရဲ့ ကိုယ်စားလှယ် Patrick Whitesell ရဲ့ ဇနီးဖြစ်ပြီး ခုနေခါတော့ သူ့ယောက်ကျားနဲ့ တစ်သီး တခြားစီနေထိုင်ကြတယ်လို့ သိရပါတယ်။
ဒီလောက်ချမ်းသာတဲ့ Bezos တို့ ကွာရှင်းတဲ့ အခါ ဇနီးသည် ရလာနိုင်တဲ့ ဝေစုပမာဏက အမေဇုံပိုင်ဆိုင်မှုထဲက ၆၄.၅ ဘီလီယံအထိရနိုင်ချေ ရှိတဲ့အပြင် Bezosရဲ့ အခြားပိုင်ဆိုင်မှုတွေထဲက တစ်ဝက်ကိုပါ ရရှိမှာဖြစ်တဲ့အတွက် ကွာရှင်းပြီးရင်တောင် Mackenzie အနေနဲ့ ကမ္ဘာ့အချမ်းသာဆုံးစာရင်းမှာရှိနေဦးမှာဖြစ်ပါတယ်။
Bezos ဟာ လက်ထပ်ပြီး တစ်နှစ်အကြာ ၁၉၉၄ ခုနှစ်မှာ အမေဇုံကို တည်ထောင်ခဲ့ပြီး ယခုအခါမှာ အမေဇုံပိုင်ဆိုင် မှု တန်ဖိုး ၁၂၉ ဘီလီယံထဲက ရှယ်ယာ ၁၆ရာနှုန်းဖြစ်တဲ့ သန်း၈၀ကို ပိုင်ဆိုင်တယ်လို့သိရပါတယ်။သူတို့နှစ်ဦးဟာ ကွာရှင်းကြတယ်ဆိုပေမယ့် မိတ်ဆွေတွေအဖြစ် အတူတကွ အလုပ်တွေ ဆက်လက်လုပ်ဆောင်ကြရဦးမယ်လို့ သိရပါ တယ်။

Ref:The Washington Post/Observer

Leave a comment

Your email address will not be published. Required fields are marked *