အလိုလိုနေရင်း မောပန်းနေသလား

မိတ်ဆွေတွေ အချင်းချင်းတွေ့ကြပြီဆိုရင် နေကောင်းလားလို့ မေးတတ်ကြတာဟာ လူ့ယဉ်ကျေးမှု တစ်ခုလို့ဆိုရမှာ ဖြစ်ပါတယ်။ ဒီလိုမေးတဲ့အခါတိုင်း မေးတဲ့လူက အကောင်းဆုံးအဖြေတစ်ခုကို မျှော်လင့်တတ်ကြပါတယ်။ ဒါကတော့ နေကောင်းတယ်၊ကျန်းမာတယ်၊ဆိုပြီးရွှင်လန်းတက်ကြွတဲ့ အဖြေပဲဖြစ်ပါတယ်။ တကယ်လို့ သိပ်နေမကောင်းဘူး ဆိုရင်တော့ ကိုယ့်မိတ်ဆွေအတွက် နောက်တစ်ဆင့်တက်ရမယ့်မေခွန်းက ဘာဖြစ်လဲ၊ဘယ်လိုနေသလဲ၊ဆိုတဲ့ မေးခွန်း တွေပဲဖြစ်ပါတယ်။ တကယ်လို့ သင့်မိတ်ဆွေက ခုတလော အလိုလိုနေရင် ပင်ပန်းတယ်၊မောတယ်ကွာ လို့ မရွှင်မလန်းနဲ့ ညှိုးညှိုးငယ်ငယ်ပြောလာပြီဆိုရင်တော့ သင့်မိတ်ဆွေမှာ ကျန်းမာရေးပြသနာတစ်ခုခုစတင်နေပြီဆိုတာ သေချာပါပြီ။ ကဲ၊ဘယ်လိုပြသနာမျိုးလဲဆိုတာလေ့လာကြည့်ကြရအောင်လား။
(၁) နေထိုင်မှုပုံစံမမှန်တာဖြစ်နိုင်ပါတယ်။
လူတစ်ယောက်နေ့စဉ်ကျန်းမာရွှင်လန်းမှုဟာ သူ့ရဲ့ နေ့စဉ်ဘဝနေထိုင်မှုပုံစံလို့ခေါ်တဲ့ သူ့ရဲ့ကံ၊ကံမ္မအလုပ်နဲ့ တိုက် ရိုက်ပတ်သက်နေပါတယ်။ သူဘာတွေစားသလဲ၊လေ့ကျင့်ခန်းလုပ်သလား၊အိမ်ချိန်ကောမှန်ရုံတင်မက ပြည့်ဝရဲ့လား၊ ရေ ၀၀သောက်ရဲ့လား၊ပတ်ဝန်းကျင်နဲ့ကောအဆင်ပြေရဲ့လား။ အလိုလိုနေရင်းမောပန်းနေရင် ပထမဆုံးဆန်းစစ်သင့်တာက နေထိုင်မှုဘဝပါပဲ။
(၂) သွေးအားနည်းရောဂါရှိတာလည်းဖြစ်နိုင်ပါတယ်။
သွေးထဲမှာ လိုအပ်တဲ့ အောက်စီဂျင်ကို သယ်ပို့ပေးတဲ့ သွေးနီဥပမာဏအလုံအလောက်မရှိတဲ့အတွက်လည်း မောပန်း တတ်ပါတယ်။ဒါမှမဟုတ်ရင်လည်းဘီတာမင် ဘီ၁၂ လျော့နည်းလို့လည်းဖြစ်တတ်ပါတယ်။
(၃) ကင်ဆာကြောင့်လည်းဖြစ်နိုင်ပါတယ်။
အလိုလိုနေရင်းမောပန်းတာဟာ ကင်ဆာလက္ခဏာတစ်ခုလည်းဖြစ်နိုင်ပါတယ်။ မောပန်းခြင်းနဲ့အတူ အစားအသောက် တွေပါပျက်ပြီး ကိုယ်အလေးချိန်ပါကျဆင်းလာရင်တော့ အမြန်ဆုံးဂရုစိုက်ပါတော့လို့ အကြံပြုပါရစေ။
(၄) စိတ်ကျရောဂါကြောင့်များလား။
ရုပ်ဝတ္တုတွေတိုးတက်တဲ့ နိုင်ငံတိုင်းမှာ လူတစ်ချို့ ဒီရောဂါရတတ်ကြပြီး အလိုလိုနေရင်းစိတ်မော လူမောဖြစ်နေတတ် ပါတယ်။ ဝမ်းနည်းမှုတွေ၊စိတ်ဂနာမငြိမ်တာတွေဖြစ်ပြီး အနေအထိုင်အစားအသောက်တွေပါ ပြောင်းလဲလာတတ်ပါတယ်။ တတ်ကျွမ်းတဲ့ဆရာဝန်နဲ့တိုင်ပင်ကုသနိုင်သလို စိတ်ဓါတ်မြှင်တင်ရေးဆရာတွေရဲ့ ဟောပြောလမ်းညွှန်မှုကိုလည်း ခံယူနိုင်ပါတယ်။
(၅) သိုက်ရွိုက်ဂလင်း လုပ်ဆောင်ချက်ကြောင့်လည်းဖြစ်နိုင်ပါတယ်။
သိုက်ရွိုက်က သူထုတ်ပေးရမယ့် ဟော်မုန်းကို အပြည့်အဝမထုတ်လုပ်နိုင်တဲ့အတွက် ဖြစ်တတ်ပါတယ်။ ဆေးပညာ အရတော့ Hypothyroidism လို့ဆိုပါတယ်။ကိုယ်အလေးချိန်တိုးလာတာ၊အိပ်ရေးဝပေမယ့် မောပန်းတတ်တာတွေ ဆိုရင်တော့ သိုက်ရွိုက်လုပ်ဆောင်ချက်ကြောင့်ဖြစ်နိုင်ချေရှိပါတယ်။
(၆) အိပ်တဲ့အခါ အသက်ရှုကျပ်တာကြောင့်လည်းဖြစ်နိုင်ပါတယ်။
ဒါကို Sleep Apnea လို့ ခေါ်ပါတယ်။ အိပ်ပျော်မယ်လုပ်တိုင်းအသက်ရှုရပ်သလိုဖြစ်ပြီး နိုးသွားတတ်ပါတယ်။ ဒါကြောင့် အိပ်ရေးမဝပဲ မောပန်းနေတတ်ပါတယ်။
ကဲဘယ်လိုပဲဖြစ်ဖြစ် အလိုလိုနေရင်းမောပန်းနေတာ၊စွမ်းအင်တွေကုန်ခန်းသလိုခံစားနေရတာတွေဟာ ကြီးမားတဲ့ ကျန်း မာရေးပြသနာတွေရဲ့ အစပဲဆိုတာတော့ သိထားရပါမယ်။ အထက်ဖေါ်ပြခဲ့တဲ႔ အချက်တွေအပြင် နောက်ထပ် အကြောင်း ရင်းတွေလည်းရှိနိုင်ပါတယ်။အမြန်ဆုံးစစ်ဆေးပြီးလိုအပ်သလိုကုသမှုခံယူပါလို့ပဲ အကြံပြုပါရစေ။ ကျန်းမာကြပါစေ။

Ref:Health Today

Leave a comment

Your email address will not be published. Required fields are marked *