အသက် ၅၀ ကျော်လာရင် ဘာတွေစားရမလဲ

မြန်မာ့ကျေးလက်ဒေသတွေမှာ အမျိုးသမီးတွေက မီးယပ်သွေးဆုံးတတ်တဲ့ အသက် ၄၀ ကျော်အရွယ်ရောက်ပြီဆိုရင် မိမိကိုယ်မိမိအိုလာပြီလို့ ခံစားတတ်ကြသလို အမျိုးသားတွေကလည်း အသက် ၅၀ ကျော်ပြီဆိုတာနဲ့ ကိုယ့်ကိုယ်ကို လူအို လို့ သတ်မှတ်ချင်လာကြပါတယ်။ အပူပိုင်းနိုင်ငံဖြစ်တဲ့အပြင် လုပ်ကိုင်စားသောက်ကြရတဲ့ အသက်မွေးမှုအရ အသား အရေတွေ ပျက်စီးပြီး မျက်နှာမှာလည်း အရေးအကြောင်းတွေနက်လာတတ်ကြတဲ့အတွက် အရွယ်နဲ့ မလိုက်အောင်ပင် ရုပ်ရည်တွေကျဆင်းလာတတ်ပါတယ်။ တကယ်တော့ တစ်ဦးချင်းဝင်ငွေကောင်းပြီး ချမ်းသာတဲ့ နိုင်ငံသားတွေကတော့ ဒီအသက်အရွယ်ဆိုတာလန်းတုန်း၊ဆန်းတုန်း၊သန်တုန်းမြန်တုန်းပါပဲ။
ဒီနိုင်ငံဟာ ဆင်းရဲပေမယ့် အစားအသောက်နဲ့ အသီးအနှံတွေက ပေါများသလို ဒီအစားအသောက်တွေထဲမှာ အဖိုး နည်းနည်းနဲ့ လူကို အကျိုးပြုတဲ့အသီးအနှံတွေ၊ဟင်းသီးဟင်းရွက်တွေလည်း များစွာရှိပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် အသက် ၅၀ ကျော်ပြီဆိုရင်တော့ ရုပ်ခန္ဓာထဲမှာရှိတဲ့ ဆဲလ်တွေက ပျက်တာပိုများလာပြီး ဆဲလ် အသစ်တွေတိုးပွားတာက နည်းလာပါတယ်။ ဒါကို နည်းနိုင်သမျှနည်းစေဖို့ အရေးအကြီးဆုံးအချက်ကတော့ အစား အသောက်ကို ပြုပြင်ပြောင်းလဲနိုင်ဖို့ လိုပါတယ်။ ဒါကြောင့် အသက် ၅၀ ကျော်လာရင်တော့ ဒါတွေကို မဖြစ်မနေစား သုံးပေးပါလို့ အကြံပြုပါရစေ။
(၁) ပဲစားပါ။
အသက်ရလာတဲ့ အခါ စိုးရိမ်ရတာက မကောင်းတဲ့ ကိုလက်စထရောနဲ့ ဆီချိုးအမျိုးအစား(၂)ဖြစ်ပါတယ်။ ပဲအမျိုးမျိုးဟာ ဒီ အန္တာရာယ်ကိုလျှော့ချနိုင်ပါတယ်။
(၂) ပန်းသီးစားပါ
ပန်းသီးက ဗီတာမင်စီ၊ပိုတက်ဆီယမ်နဲ့ အမျှင်ဓါတ်ကြွယ်ဝတဲ့ အတွက် ဆီချိုမဖြစ်အောင် လျှော့ ချပေးနိုင်ပါတယ်။
(၃) အစေ့အဆန်များစားပါ။
ဆားနဲ့ ပြည့်ဝဆီတွေကို သုံးပြီးပြုလုပ်ထားတဲ့ မုန့်ကြွတ်တွေကိုစားမယ့် အစား အစေ့အဆန်တွေစားမယ်ဆိုရင် နှလုံး တိုက်ခိုက်မှုကို ၂၈%ထိ ကာကွယ်ပေးနိုင်တယ်လို့ သုတေသနတွေက ဆိုပါတယ်။
(၄) အရွက်စိမ်းတွေစားပါ။
အရွက်စိမ်းတွေမှာပါတဲ့ သဘာဝဓါတ်တွေက အသက်ကြီးလာတဲ့သူတွေရဲ့ ဦးနှောက်မှတ်ဉာဏ်တွေကို တိုးတက် စေတဲ့ အတွက် နေ့စဉ်အရွက်စိမ်းတစ်မျိုးမျိုးပါအောင်စားပေးဖို့ တိုက်တွန်းပါရစေ။
(၅) စတော်ဘယ်ရီစားပါ။
အမှန်ကတော့ ဘယ်ရီသီးအမျိုးမျိုးစားနိုင်ရင် အကောင်းဆုံးပါပဲ။ဒါပေမဲ့ ဒီနိုင်ငံမှာတော့ အခုလိုဆောင်းရာသီမှာ အလွယ်တကူဝယ်ယူရရှိနိုင်တာကတော့ စတော်ဘယ်ရီဖြစ်ပါတယ်။ စတော်ဘယ်ရီစားတဲ့အတွက် သွေးလှည့်ပတ်မှု ကို ကောင်းမွန်စေပြီး မှတ်ဉာဏ်ချို့တဲ့မှုကို လျော့နည်းစေပါတယ်။
(၆) ဒိန်ချဉ်သောက်ပါ။
အသက်ရလာတဲ့အခါ အရိုးပွတတ်တဲ့ ပြသနာအတွက် ဒိန်ချဉ်ကို စားသုံးပေးတာက အသင့်တော်ဆုံးဖြစ်ပါတယ်။ ဒါပေမဲ့ သကြားတော့ နည်းနည်းလျှော့ပေါ့။
(၇) မုန်လာဥနီစားပါ။
မုန်လာဥနီကတော့ ဗီတာမင်အေ ကြွယ်ဝတဲ့ အဲ့ဖွယ်အစားအစာတစ်ခုဖြစ်တဲ့အတွက် မျက်စေ့အမြင် အာရုံ၊အသား အရေ ကအစ ကိုယ်ခန္ဓာတစ်ခုလုံးကို အကျိုးပြုပါတယ်။ ဒီအတိုင်းအစိမ်းဝါးစားနိုင်သလို ဖျော်ရည်အဖြစ်နဲ့လည်း သင့်တော် ပါတယ်။
(၈) သကြားဥနီစားပါ။
သကြားဥနီကတော့ ဒီမှာ ခပ်ရှားရှားဆိုပေမယ့် စီတီးမတ်လို နေရာမျိုးမှာ ဝယ်ယူရရှိနိုင်ပါတယ်။သူကလည်း ဗီတာ မင်အေ၊စီ၊ဖေါ့လစ်အက်စစ်၊ကယ်လဆီယမ်၊ပိုတက်ဆီယမ်၊မဂ္ဂနီဆီယမ်နဲ့ သံဓါတ်တွေ အစုံပါတဲ့အတွက် ဒီအသက် အရွယ်နဲ့ အင်မတန်သင့်တော်ပါတယ်။
(၉) ချောကလက်နက် စားပါ။
မြန်မာတွေနဲ့ ချောကလက်ကတော့ ခပ်စိမ်းစိမ်းပဲလို့ဆိုရမှာပါ။ ချောကလက်ကလည်း မှတ်ဉာဏ်အတွက်ရော၊ အ ရေပြားအတွက်ပါကောင်းသလို သွေးတိုးနဲ့ မကောင်းတဲ့ ကိုလက်စထရောကို ကျစေပါတယ်။ ဒါပေမဲ့ ကိုကား ၇၀% ပါဝင်ပြီး အနက်ရောင် ချောကလက်ဖြစ်ဖို့နဲ့ သကြားပါဝင်မှုနည်းဖို့တော့လိုတယ်လို့ ဆိုပါတယ်။
(၁၀) ထောပတ်သီးစားပါ။
ထောပတ်သီးကတော့ နောက်ပိုင်းစိုက်ပျိုးမှုတွေများလာတဲ့အတွက် ဝယ်ယူစားသုံးရတာ မခက်ခဲတော့ပါဘူး။ ထောပတ် သီးဟာ အရသာကောင်းမွန်ရုံသာမက ဗီတာမင် အီး၊ကေ၊ဘီ၊စီ သတ္တူဓါတ်တွေအပါအဝင် အမျိုး ၂၀ ကျော်ရှိနေတာမို့ အထူးသင့်တော်ပါတယ်။နှလုံးကျန်းမာရေးနဲ့ သွေးတိုး၊အရေပြားတို့အတွက် ကောင်းပါတယ်။

Source: NDTV

Leave a comment

Your email address will not be published. Required fields are marked *