အိမ်နီးချင်း ထိုင်းနိုင်ငံရဲ့ နှစ်သစ်ကူးပိတ်ရက် လမ်းပေါ်သေဆုံးသူ ၉.၅% မြင့်တက်

ထိုင်းနိုင်ငံရဲ့ နှစ်သစ်ကူးကာလပိတ်ရက်ရှည်ဖြစ်တဲ့ ဒီဇင်္ဘာလ ၂၇ ရက်နေ့ကနေ ဇန်နဝါရီလ ၂ ရက်နေ့အထိ ၇ ရက်တာကာလက ပြီးဆုံးသွားပြီဖြစ်ပါတယ်။ အိမ်နီးချင်းထိုင်းနိုင်ငံမှာ ဒီ ၇ရက်ကို အန္တာရယ် ၇ ရက်လို့ ဆိုကြပါတယ်။ ဘာကြောင့်လဲဆိုတော့ နှစ်စဉ်ဒီ ၇ရက်အတွင်း လမ်းပေါ်သေဆုံးသူဦးရေဟာ အများဆုံးဖြစ်နေလို့ပါပဲ။ ဒီနှစ်မှာတော့ ဒီ၇ရက်အတွင်းလမ်းမပေါ်သေဆုံးသူဦးရေဟာ ၉.၅% တိုးလာတယ်လို့ ဘန်ကောက်ပို့စ် သတင်းအရသိရပါတယ်။
နှစ်သစ်ကူးကာလမှာတော့ မြန်မာတွေဟာ ထိုင်းတွေထက် ကောင်းမြတ်သာလွန်နေတာ ဘယ်သူမှ မငြင်းနိုင်ပါဘူး။ မြန်မာနိုင်ငံရဲ့နှစ်သစ်ကူးပိတ်ရက်တွေမှာ ပြည်သူအများဟာ ဘုရားကျောင်းကန်တွေမှာ ကောင်းမှုကုသိုလ်တွေ ပြု လုပ်ကြသလို မိသားစုအလိုက် အပန်းဖြေခရီးတွေလည်း ထွက်တတ်ကြပါတယ်။ ဒီလိုခရီးထွက်ကြတဲ့အခါ ယာဉ်မောင်း သူတွေဟာ ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းတွေကို တတ်နိုင်သလောက် ထိမ်းသိမ်း လိုက်နာမောင်းနှင် ကြတာကြောင့် ထိုင်းနိုင်ငံနဲ့စာရင် လမ်းမပေါ်အသက်ဆုံးရှုံးမှုတွေ အင်မတန်မှနည်းလှတယ်လို့ ဆိုရပါလိမ့်မယ်။
ထိုင်းနိုင်ငံမှာတော့ ဒီရက်တွေအတွင်း သောက်စားမူးယစ်ပြီး ယာဉ်မောင်းကြတာတွေများကာ အပျော်လွန်တတ်ကြတာ တွေကြောင့် လမ်းမပေါ်သေဆုံးမှုတွေ ရာချီထိ များပြားနေရခြင်း ဖြစ်ပါတယ်။ဒီနှစ်မှာ လမ်းမပေါ်သေဆုံးသူဦးရေ ၄၆၃ ဦးအထိရှိခဲ့တာကြောင့် မနှစ်ကထက် ၉.၅% တိုးလာတယ်လို့ဆိုပါတယ်။ သေဆုံးသူ ၄၀ ဦးပိုခဲ့ပေမယ့် မတော် တဆ ဖြစ်မှုကတော့ လွန်ခဲ့တဲ့ ၂နှစ်ကထက် အနည်းငယ်လျော့လာတယ်လို့သိရပါတယ်။၂၀၁၈ ဒီဇင်ဘာ ၂၇ရက်နေ့ကနေ လွန်ခဲ့တဲ့ ဗုဒ္ဒဟူးနေ့အထိ လမ်းမပေါ်မှာ ယဉ်မတော်တဆဖြစ်တာ အကြိမ်ပေါင်း ၃၇၉၁ ကြိမ်ရှိခဲ့တာကြောင့် မနှစ် ကထက်တော့ ၁.၃% ကျဆင်းသွားတယ်လို့ သိရပါတယ်။ ဒါ့အပြင် ဆေးရုံရောက်သူ ၃၉၈၂ဦးရှိခဲတာကြောင့် မနှစ် ကထက် ၂.၈% လျော့သွားတယ်လို့ လမ်းလုံခြုံရေးညွှန်ကြားမှု ဗဟိုဋ္ဌာနက ကြသပတေးနေ့က ထုတ်ပြန်ခဲ့ပါတယ်။
နိုင်ငံတစ်ဝန်းမှာ သေဆုံးမှုမရှိခဲ့တဲ့ ခရိုင် ၄ ခုက Tak, Phrae, Satun နဲ့Samut Songkhram ခရိုင်တွေ ဖြစ်ပါတယ်။ သေဆုံးရတဲ့ အကြောင်းရင်းတွေထဲမှာ အရက်သောက်ပြီးမောင်းနှင်တာက ထုံးစံအတိုင်းပဲ ၄၀.၄% အထိ ဆက်လက်ရှိနေပြီး မိုင်ပိုမောင်းနှင်တာက ၂၈.၃% နဲ့ ဒုတိယအကြောင်းရင်းဖြစ်ပါတယ်။ သေဆုံးမှုတွေမှာ မော် တော်ဆိုင်ကယ်က ၈၀%ရှိပြီး ပစ်ကပ် ထရပ်က ၇% နဲ့ ကျန်ကားတွေက ၄.၁% ရှိတယ်လို့ ဆိုပါတယ်။
ယာဉ်မတော်တဆဖြစ်တတ်တဲ့အချိန် တွေကတော့ ညနေ ၄နာရီကနေ ည ၈ အတွင်း၉.၃% ရှိပြီး နေ့လည် ၁၂ နာရီနဲ့ ညနေ ၂ နာရီကြားမှာတော့ ၁၇.၈% ထိရှိပါတယ်။ သေဆုံးသူတွေထဲမှာ အသက် ၅၀နဲ့အထက်တွေက ၂၄.၅%နဲ့ အများဆုံးဖြစ်ကာ သူ့နောက်မှာတော့ အသက် ၃၀နဲ့ ၃၉နှစ်ကြားတွေ ဖြစ်ကြပါတယ်။
လူဦးရေ ၁.၂ သန်းလောက်ကို တရားစွဲဆိုထားတာကြောင့် အရင်နှစ်ကထက် ၃၄.၃% ပိုလာတယ်လို့ သိရပါတယ်။ တရားစွဲခံရတဲ့ အဓိက အကြောင်းရင်းကတော့ ဆိုင်ကယ်ဦးထုပ်မဆောင်းတာကြောင့် ၃၂၁၈၀၀ မှုရှိခဲ့ပြီး တစ်နှစ် ထက်တစ်နှစ်တိုးလာတာ ဒီနှစ်မှာ ၂၇.၆% အထိတိုးလာတယ်လို့ သိရပါတယ်။ ကျန်တဲ့ အကြောင်းရင်းကတော့ လိုင်စင်မဲ့မောင်းနှင်တာဖြစ်ပြီး အမှုပေါင်း ၂၉၀၀၀၀ အထိရှိပါတယ်။
ဒီအန္တာရယ် ၇ရက်အတွင်းမှာ ဖမ်းဆီးသိမ်းယူခဲ့တဲ့ ယာဉ်အစီးရေပေါင်း ၅၁၆၄ စီးရှိပြီး ဒီအထဲမှာ မော်တော် ဆိုင်ကယ်က ၃၈၅၉စီးရှိတယ်လို့ ပြောခွင့်ရ အစိုးရတာဝန်ရှိသူ ဗိုလ်မှူးကြီး Sirichan Ngathong ကဆိုပါတယ်။ ယာဉ်စည်းကမ်း ချိုးဖေါက်မှုနဲ့ သောက်စားမူးယစ်ပြီး မောင်းတဲ့ အတွက် ယာယီထိမ်းသိမ်းခံထားရတဲ့ လိုင်စင်ပေါင်း ကတော့ ၈၃၂၁ ခုရှိတယ်လို့ သိရပါတယ်။
ကဲ၊မြန်မာနိုင်ငံလိုပဲ လူများစုကထေရဝါဒဗုဒ္ဓဘာသာဝင်တွေလို့ ဆိုတဲ့ ထိုင်းနိုင်ငံဟာ ဒီနှစ်ကူးချိန်မှာတော့ ကိုယ်ရွှေ မြန်မာတွေရဲ့ နှစ်သစ်ကူးကာလအတွေးအခေါ်နဲ့ လူနေမှုဘဝပုံစံတွေကို ဘယ်လိုမှ လိုက်မမီနိုင်တာကတော့ အမှန် ပါပဲ။ကိုယ်ရွှေမြန်မာတွေကလည်း နောင်နှစ်တွေများစွာတိုင်နှစ်သစ်ကူးကာလတွေကိုကျက်သရေရှိရှိ၊ အန္တာရယ် ကင်းရှင်းစွာ ဖြတ်သန်းနိုင်ကြဖို့ သတိပြုကြရမယ့်အကြောင်းရေးသားတင်ပြလိုက်ရပါတယ်။

Source:Bangkok Post

Leave a comment

Your email address will not be published. Required fields are marked *