၂၀၁၈ ကမ္ဘာ့ဖလား ဖိုင်နယ်ကိုတက်လှမ်းလာတဲ့ ခရိုအေးရှား

ယခုနှစ် ရုရှားမှာကျင်းပနေတဲ့ ကမ္ဘာ့ဖလားပွဲကြီးဟာ မကြာခင်ပြီးဆုံးတော့မယ်ကာလကို ရောက်ရှိပါတော့မယ်။ ပရိတ်သတ်အားလုံး သတိထားမိကြတဲ့အတိုင်းပါပဲ။ ပရိတ်သတ်အများစု မျှော်လင့်တာတွေဖြစ်မလာခဲ့ပါဘူး။ နာမည်ကြီး အသင်းကြီးတွေ စောစောစီးစီးအိမ်ပြန်ခဲ့ကြရသလို ကမ္ဘာ့အဆင့် (၂၀)ရှိတဲ့ ခရိုအေးရှားအသင်းဟာ ဖိုင်နယ်ကို တက်လှမ်းလာခဲ့ပါပြီ။ ခုဆိုရင် ဖိုင်နယ်ကို တက်လှမ်းလာတဲ့ ပြင်သစ်နဲ့ ခရိုအေးရှား အသင်းနှစ်သင်းမှာ တစ် ကမ္ဘာလုံးကပိုပြီးစိတ်ဝင်စားနေကြတဲ့အသင်းကတော့ခရိုအေးရှားအသင်းပဲဖြစ်ပါတယ်။ ခရိုအေးရှားကလည်း ဘော်လုံးကို အကြောင်းပြုပြီး လူသိများလာခဲ့ပါပြီ။ တကယ်လို့ လာမယ့် (၁၅) ရက်နေ့မှာ ပြင်သစ် ကိုသာ အနိုင်ရမယ်ဆိုရင်တော့ ကမ္ဘာ့ချံပီယံအဖြစ် ကမ္ဘာက တလေးတစားရှိလာကြမှာမလွဲပါဘူး။ ကဲ၊ ဒီတော့ ခရိုအေးရှားနိုင်ငံအကြောင်းတစေ့တစောင်းလေ့လာကြည့်ကြရအောင်။ ခရိုအေးရှားဟာ ၁၉၉၁ ခုနှစ်၊ ဇွန် လ (၂၅) ရက်နေ့မှာမှ ယူဂိုဆလားဗီးယားဆီကနေ လွတ်လပ်ရေးရခဲ့ပြီး ဥရောပအလယ်ပိုင်းနဲ့ အရှေ့တောင်ပိုင်းတို့ ဆုံရမှာ တည်ရှိတဲ့ နိုင်ငံငယ်လေးဖြစ်ပါတယ်။ အကျယ်အဝန်းက ၂၁၈၅၁ စတုရန်းမိုင်ကျယ်ဝန်းပြီး လူဦးရေက ၄.၂၈ သန်း လောက်ပဲရှိပါတယ်။လူဦးရေအများစုကရိုမန်ကက်သလစ်ခရစ်ယာန်တွေဖြစ်ကြပါတယ်။ ပါလီမန်စနစ်ကို ကျင်းသုံးတဲ့ ဖွံ့ဖြိုးတက်ပြီးနိုင်ငံတစ်ခုဖြစ်ကာ နိုင်ငံရဲ့ အသားတင်ထုတ်လုပ်မှုတန်ဘိုး ၁၀၆.၅၄၈ ဘီလီ ယံရှိကာ နိုင်ငံသူနိုင်ငံသားတွေရဲ့လူနေမှုအဆင့်အတန်းဟာ အင်မတန်မြင့်မားကြောင်းသိရပါတယ်။ ဥရောပ သမဂ္ဂ၊ ဥရောပကောင်စီ၊ကုလသမဂ္ဂ၊နေတိုး၊ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သလို မြေထဲ ပင်လယ်နိုင်ငံများ သမဂ္ဂကို တည်ထောင်တဲ့ နိုင်ငံလည်းဖြစ်ပါတယ်။ နိုင်ငံရဲ့ လက်ရှိသမ္မတက ပထမဆုံးအမျိုးသမီးသမ္မတဖြစ်တဲ့ Kolinda Grabar-Kitarovic ဖြစ်ပြီး (၄) ယောက်မြောက် သမ္မတဖြစ်ပါတယ်။ အင်မတန်ချောမောလှပကာ ကမ္ဘာ့ အကျန်းမာဆုံး သမ္မတလို့တောင် ချီးမွှမ်းခန်းဖွင့် ခံရသူလည်းဖြစ်ပါတယ်။ယခုအခါ အောင်မြင်မှုဆက်တိုက်ရနေတဲ့ သူမအသင်းသားတွေကို လာရောက်အားပေးရင်း သူမကလည်း ကမ္ဘာကျော်ခဲ့ပါပြီ။
ခရိုအေးရှာရဲ့ ဘောလုံးအဆင့်အတန်းကို ကြည့်မယ်ဆိုရင် ဖီဖာရဲ့သတ်မှတ်ချက်အရ အဆင့်(၂၀)မှာပဲ ရှိပါ တယ်။၁၉၉၀ ခုနှစ် လွတ်လပ်ရေးရပြီးကတည်းက ၁၉၉၈၊၂၀၀၂၊၂၀၀၆၊၂၀၁၄ နဲ့ ယခု ၂၀၁၈ အပါအဝင် (၅)ကြိမ် မြောက် ဝင်ခွင့်ရတဲ့အသင်း ဖြစ်ပါတယ်။ ၁၉၉၈ ခုနှစ် ဆီမီးဖိုင်နယ်မှာ ပြင်သစ်ကို ၂ဂိုး၁ ဂိုးနဲ့ရှုံးခဲ့ပြီး တတိယနေရာကို နယ်သာလန်နဲ့ ကစားခဲ့ရာမှာ ၂ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့ပြီး တတိယရရှိခဲ့ဖူးပါတယ်။ ၂၀၀၂ ၊၂၀၀၆ ၊၂၀၁၄ ခုနှစ်တွေ မှာတော့ ခရိုအေးရှားဟာ အုပ်စု ရှူံးထွက်အဆင့်ကိုတောင် တက်လှမ်းနိုင်ခဲ့ခြင်းမရှိတာကို တွေ့ရပါတယ်။ ယခု (၅)ကြိမ်မြောက်ဝင်ရောက်တဲ့ ဖီဖာ ၂၀၁၈ မှာတော့ ဖလားလုပွဲအဖြစ် ၁၉၉၈ ခုနှစ်က ဆီမီးဖိုင်နယ်မှာ အနိုင်ယူ သွားတဲ့ ပြင်သစ်အသင်းနဲ့ ပြန်လည်ဆုံတွေ့ကြရပါတော့မယ်။ ခရိုအေးရှားအနေနဲ့ လွန်ခဲ့တဲ့ အတိတ်ကာလ အနှစ် (၂၀)ကရှုံးကြွေးကိုပြန်ဆပ်နိုင်ဖို့အတွက်အသဲအလဲကြိုးစားကြမှာကတော့မလွဲပါဘူး။ ထို့အတူပြင်သစ်ကလည်း ၁၉၉၈ခုနှစ်ကတည်းက ဖလားနဲ့ဝေးခဲ့တဲ့အသင်းဖြစ်တာကြောင့် ဒုတိအကြိမ်ပိုင်ဆိုင်ဖို့ အရေး အကြိတ်အနယ်ကြိုးစားမယ်ဆိုတာ သေချာပါတယ်။ ကမ္ဘာ့အဆင့်သတ်မှတ်ချက်ချင်းကလည်းကွာ၊သမိုင်းအရ အသာ စီးရခဲ့ဖူးတဲ့ ပြင်သစ်အသင်းအနေနဲ့ ဗိုလ်စွဲနိုင်ခြေ များတယ်လို့ အများစုက သုံးသပ်ကြပေမယ့် အင်အားကြီး အသင်းတွေကို ရှုံးပွဲမရှိ အနိုင်ယူ တက်လှမ်းလာခဲ့တဲ့ ခရိုအေးရှားရဲ့ ခြေကိုလည်း လျှော့မတွက်သင့်ဘူးလို့ ထင်မြင် ကြောင်း ရေးသားလိုက်ရပါတယ်။
Source:FIFA world cup & Croatia President

Leave a comment

Your email address will not be published. Required fields are marked *