Forbes က ၂၀၁၉ ခုနှစ် စီးပွားရေးလုပ်ငန်းအတွက် အကောင်းဆုံးနိုင်ငံများစာရင်းမှာ မြန်မာကို အဆင့် ၁၃၇ သတ်မှတ်

Forbes ဆိုတဲ့ ကမ္ဘာကျော်မဂ္ဂဇင်းကြီးကိုတော့ စာဖတ်တဲ့ လူတိုင်းနီးပါးလောက်ထိ ကြားဖူးကြမှာ သေချာ ပါတယ်။ဒီမဂ္ဂဇင်းရဲ့ မျက်နှာဖုံးနေရာမှာ ဖေါ်ပြခံရသူတွေဟာ ကမ္ဘာပေါ်က အထင်ကရတွေဖြစ်တဲ့အပြင် ကမ္ဘာ ပေါ်ကထိပ်သီးစာရင်း Top List တွေကို ပုံမှန်ထုတ်ပြန်ပေးနေတဲ့ အတွက်ကြောင့် လူသိများပြီး သြဇာတက္ကမ ကြီးမား တဲ့မဂ္ဂဇင်းတစ်ခုလည်းဖြစ်ပါတယ်။

အခုလည်း ၂၀၁၈ ခုနှစ်အတွင်းမှာ ကမ္ဘာပေါ်က နိုင်ငံပေါင်း ၁၆၁ နိုင်ငံကို စီးပွားရေးလုပ်ငန်းလုပ်ဆောင်မှု အတွက်စူးစမ်းလေ့လာခဲ့ပြီး အဆင့်သတ်မှတ်ထုတ်ပြန်လိုက်ပါတယ်။ ဒီစာရင်းကိုတော့ Best countries for business 2019 လို့ အမည်ပေးထားပြီး ဒီစာရင်းမှာ မြန်မာနိုင်ငံကိုတော့ အဆင့် ၁၃၇ သတ်မှတ် ထားတာ တွေ့ရှိရပါတယ်။
ဒီစာရင်းကို ပြုစုရာမှာ မတူညီတဲ့ အချက်အလက် ၁၅ မျိုးကို အခြေခံထားတယ်လို့ ဆိုပါတယ်။ ဒီ ၁၅ ချက်က တော့ အိမ်ရာအဆောက်အဦးပိုင်ဆိုင်ခွင့် (Properties rights)၊ဆန်းသစ်တည်ထွင်မှု(Innovation)၊ အခွန်အခများ (Taxes)၊နည်းပညာ(Technology)၊အဂတိလိုက်စားမှု(Corruption)၊အခြေခံအဆောက်အအုံ(Infrustructure)၊ဈေးကွက်အရွယ်အစား(Market size)၊နိုင်ငံရေးဆိုင်ရာအန္တရာယ်(Political risk)၊ ဘဝအရည်အသွေး (Quality of life)၊ လုပ်သားအင်အား(Work force)၊ လူပုဂ္ဂိုလ်၊ကုန်သွယ်ရေးနဲ့ ငွေကြေးဆိုင်ရာ လွတ်လပ်မှု (Freedom of Personal,trade and monetary)၊ကြိုးနီစနစ်(Red Tape)နဲ့ ရင်းနှီးမြှပ်နှံသူတွေကို ကာကွယ်ပေးမှု (Investor protection) တို့ပဲ ဖြစ်ပါတယ်။
နိုင်ငံပေါင်း ၁၆၁ နိုင်ငံကို လေ့လာပြီးပြုစုထားတဲ့ ဒီစာရင်းမှာ ဥရောပသမ္မဂကနေ ဗြိတိန်ခွဲထွက်ရေး Brexit နဲ့ပတ် သက်ပြီး မရေရာမှုတွေဖြစ်နေတာတောင် ဗြိတိန်ကို အကောင်းဆုံး နံပါတ် ၁ သတ်မှတ်ပေးခဲ့ပါတယ်။ အာဆီယံ ဒေသအတွင်းက စင်ကာပူကတော့ ကမ္ဘာ့အဆင့် ၈ ရှိပြီး အာရှမှာတော့ နံပါတ် ၁ သတ်မှတ်ခံခဲ့ရပါ တယ်။ အာဆီယံဒေသအတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အပြိုင်အဆိုင်ကြိုးပမ်းနေကြတဲ့ မြန်မာနဲ့ ဗီယက်နမ်ကတော့ ဒီစာရင်းအရ အတော့်ကို အလှမ်းဝေးခဲ့ပါပြီ။ Forbes က ကွန်မြူနစ်ဗီယက်နမ်ကို အဆင့် ၈၄ သတ်မှတ်ခဲ့ပြီး မြန်မာ ကိုတော့ အဆင့် ၁၃၇ သတ်မှတ်ခဲ့ပါတယ်။ Forbes ဟာ မြန်မာကို အာဖရိကက အဆင်းရဲဆုံးနိုင်ငံတွေနဲ့ တစ်တန်း တည်းသတ်မှတ်ထားတာ တွေ့ရပါတယ်။ ဒါနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံသား တစ်ယောက်အနေနဲ့ စိတ်ထဲ မကောင်း ဖြစ်မိပေမယ့် အထက်မှာဖေါ်ပြခဲ့တဲ့ အချက် ၁၅ ချက်ကို သေချာစဉ်းစားကြည့်တဲ့အခါ မြန်မာဟာ ဒီအချက်အလက် အတော်များများအတွက်ရမှတ်တွေနိမ့်ကျနေဆဲပဲဆိုတာမငြင်းနိုင်ပါဘူး။
Forbes ကလည်း သူတို့ချမှတ်ထားတဲ့ အချက်အလက် ၁၅ ချက်ကို ကောက်ချက်ချရာမှာအဖွဲ့အစည်း ၈ ခုကနေ ထုတ်ပြန်ခဲ့တဲ့ စာရင်းဇယားတွေအပေါ် အခြေပြုထားတယ်လို့ ဆိုပါတယ်။ အဲဒီ အဖွဲ့အစည်းတွေ ကတော့ Freedom House ၊Heritage Foundation၊ Property Rights Alliance၊UnitedNations၊Transparency International၊ World Bank Group၊Marsh & McLennan နဲ့ World Economic Forum စတဲ့ အဖွဲ့ အစည်းတွေဖြစ်ပါတယ်။
ကဲ၊လက်ရှိမြန်မာအစိုးရအနေနဲ့ တိုင်းပြည်စီးပွားတိုးတက်လာဖို့ ကြိုးပမ်းနေချိန်မှာ Forbes ရဲ့ ဒီစာရင်း ကြောင့် မြန်မာ နိုင်ငံကို လာရောက်မြှပ်နှံလိူသူတွေကို အနှောင့်အယှက်များဖြစ်သွားလေမလား လို့တော့ စိုးရိမ်စိတ်ကလေး ဖြစ်မိ ပါရဲ့။ မြေဈေးတွေကြီးမြင့်မှုအပါအဝင် နောက်ထပ် ဖြေရှင်းရမယ့် ကိစ္စရပ်ပေါင်း များစွာကလည်း ရှိနေသေးတာ ကြောင့် ပြည်သူအများ မျှော်လင့်နေကြတဲ့ တိုင်းပြည်စီးပွား တိုးတက်မယ့် လက္ခဏာကောင်းများနဲ့ ကောင်း သော အရိပ် အယောင်များကိုတော့ ၂၀၁၉မှာ ဆက်လက်စောင့် ကြည့်ကြရပါဦမယ်။

Ref: Best countries for business 2019 by Forbes

Leave a comment

Your email address will not be published. Required fields are marked *