Honda က အသစ်မိတ်ဆက်လိုက်တဲ့ လူငယ်အကြိုက် CRF 250 R

၂၀၁၈ ခုနှစ်အတွက် Honda မှ CRF တန်းဝင် ဆိုင်ကယ်ကို မိတ်ဆက်ပေးလိုက်တာဖြစ်ပါတယ်။ သူ့နာမည်ကတော့ CRF 250 R ဖြစ်ပါတယ်။ ခပ်ကြမ်းကြမ်းနဲ့ ခပ်လန်းလန်း စီးချင်သူများအတွက်တော့ လုံးဝကို သဘောတွေ့စေမယ်လို့ ထင်ပါတယ်။

CRF 250 R ရဲ့ အင်ဂျင်ကို Four-Stroke တစ်လုံးထိုး အင်ဂျင်အမျိုးအစားဖြစ်ပြီး ၂၄၉ (၂၅၀) စီစီကို အသုံးပြုထားပါတယ်။ မီးခိုးထွက်ရှိမှုလုံးဝမရှိတော့ပဲ DT လို့ အများသိကြတဲ့ Yamaha ရဲ့  မော်ဒယ်တွေထပ်ပိုပြီး အင်ဂျင်ငြိမ်တာကို တွေ့ရှိရပါတယ်။ ဆီပို့စနစ်ကတော့ DOHC စနစ်ကိုအသုံးပြုထားပါတယ်။ အင်ဂျင် အအေးခံစနစ်ကတော့ Coolant ဖြစ်ပါတယ်။

အင်ဂျင်ကို Kick နဲ့ရော start ခလုတ်နဲ့ပါ နှိုးလို့ရမှာဖြစ်ပါတယ်။ လမ်းကြမ်းမောင်းပြိုင်ပွဲနဲ့ စတန့်စီးသမားများအတွက် အသားပေးပြီးထုတ်ထားတာဖြစ်တဲ့အတွက် ဂီယာက ၅ချက်ပဲထည့်သွင်းထားပြီး Manual စနစ်ဖြစ်ပါတယ်။ အိတ်ဇောက နှစ်ပေါက်ပါရှိတာဖြစ်တဲ့အတွက် လူငယ်တွေအကြိုက် ဒီဇိုင်းဖြစ်ပါတယ်။

ဘရိတ်တွေကိုတော့ Disc ဘရိတ်တွေကို အသုံးပြုထားပါတယ်။ အရှေ့ ဘရိတ်က ၂၆၀ မီလီမီတာဖြစ်ပြီး အနောက်ကတော့ ၂၄၀ မီလီမီတာကို အသုံးပြုထားပါတယ်။ Suspension စနစ်ကတော့ အရှေ့ဘက်ကို အသေထိုင် ပုံစံကို အသုံးပြုထားပြီး အနောက်ဘက်ကတော့ လိုသလိုချိန်ညှိုလို့ရတဲ့ စနစ်ကို အသုံးပြုထားပါတယ်။ ဖောက်ကတော့ အရှေ့ဖက်ကို Showa SPG ဖောက်ဖြစ်ပြီး ၁၂လက်မမြင့်ပါတယ်။ အနောက်ဘက်ကShowa Shock ဖောက်ဖြစ်ပြီး ၁၂ ဒဿမ ၄အရွယ်အစားကို အသုံးပြုထားပါတယ်။

လမ်းကြမ်းကို မောင်းလို့ရအောင်ပြုလုပ်ထားတဲ့အတွက် အနောက်ဘီးကိုသေးထားပါတယ်။ ရှေ့ဘီးက ၂၁လက်မဖြစ်ပြီး ၈၀/၁၀၀ တာယာကို အသုံးပြုထားပါတယ်။ နောက်ကတော့ ၁၉လက်မဖြစ်ပြီး ၁၀၀/၉၀ တာယာကို အသုံးပြုထားပါတယ်။ ဆီတိုင်ကီက ၁ ဒဿမ၅ ဂါလံ ဝင်ဆံ့မှာဖြစ်ပြီး ၁ဂါလံကို မိုင်၄၀အထိ မောင်းနိုင်မှာဖြစ်ပါတယ်။

ထိုင်ခုံအမြင့်က မြေပြင်ကနေ ၃၇ ဒဿမ ၈လက်မဖြစ်ပြီး မြေပြင်နဲ့ ကိုယ်ထည် ကင်းလွတ်မှုကတော့ ၁၂ဒဿမ ၉လက်မရှိပါတယ်။ လက်ကိုင်ယိုင်နှုန်းက ၂၇ ဒဿမ ၅ ဒီဂရီရှိပြီး ရှေ့ဘီးနဲ့ နောက်ဘီးထောက်ကြားက ၅၈ ဒဿမ ၄လက်မ ကွာဝေးပါတယ်။ အရောင်ကတော့ အနီရောင်ကို ဦးစားပေးထားတဲ့ အဖြူ၊ အနီစပ်တစ်ရောင်ကိုပဲ ထုတ်လုပ်ထားပါတယ်။ ဈေးနှုန်းကိုတော့ ၇၉၉၉ ဒေါ်လာနဲ့ ရောင်းချပေးနေတာဖြစ်ပြီး အပျော်စီးသမားများအတွက် အင်ဂျင်အသေးစား မော်ဒယ်ကိုလည်း ထုတ်လုပ်ထားတယ်လို့ သိရပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *