Parkinson ရောဂါကို Stem cell သုံးပြီး လူတွေကို ကုသတဲ့ ကမ္ဘာ့ပထမဆုံးစမ်းသပ်မှု ဂျပန်ပညာရှင်တွေစတင်

ဂျပန်နိုင်ငံ ကျိုတိုတက္ကသိုလ်မှ သုတေသနပညာရှင်တွေဟာ stem cell တစ်မျိုးကိုအသုံးပြုပြီး Parkinson ရောဂါကုသမှုကို ကမ္ဘာ့ပထမဦးဆုံးအကြိမ် လူတွေမှာစမ်းသပ်ကုသမှုပြုလုပ်မယ်လို့ ဇူလိုင်၃၀ရက်နေ့က ကြေငြာ ခဲ့ပါတယ်။ ဒီစမ်းသပ်မှုကို အစောပိုင်းက မျောက်တွေမှာ ပြုလုပ်ခဲ့ပြီးဖြစ်ပါတယ်။သုတေသနပညာရှင်အဖွဲ့ဟာ လူ့ ခန္ဓာကိုယ်တွင်းမှာရှိတဲ့ ဆဲလ်တွေအပြင် လူနာတွေရဲ့ ဦးနှောက်ဆဲလ်တွေကိုပါ တိုးတက်ကောင်းမွန်စေတဲ့ Pluripotent Stem (iPS)cell ပေါင်း ငါးသန်းကို လူနာတွေရဲ့ကိုယ်ခန္ဓာထဲကို ထိုးသွင်းပေးမယ်လို့ တက္ကသိုလ်ရဲ့ သတင်းထုတ်ပြန်မှုမှာပြောခဲ့ပါတယ်။
ကျန်းမာတဲ့ အလှူရှင်တွေဆီက အလှူခံရရှိတဲ့ iPS ဆဲလ်တွေကို လူတွေမှာ ပါကင်ဆန်ရောဂါပျောက်ကင်းစေတဲ့ ဦးနှောက်ဆဲလ်တစ်မျိုးကို ထုတ်လုပ်ပေးမယ့် Dopamine အဖြစ်သို့ တိုးတက်ပြောင်းလဲပေးလိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။ပါကင်ဆန်ရောဂါဟာ နာတာရှည်ရောဂါတစ်မျိုးဖြစ်ပြီး ဆေးမတိုးတော့တဲ့ ဦးနှောက်အာရုံကြောဆိုင်ရာ ပျက်ယွင်းမှုဖြစ်ကာ ကိုယ်ခန္ဓာရဲ့ လှုပ်ရှားမှုစနစ်ကို ထိခိုက်စေတာဖြစ်ပါတယ်။ မကြာခဏခြေလက်တုန်ခါခြင်းနဲ့ လှုပ်ရှားရာမှာ အခက်အခဲတွေကို ကြုံရတတ်တဲ့ ရောဂါဖြစ်ပါတယ်။ ပါကင်ဆန်ဖေါင်ဒေးရှင်းရဲ့ စာရင်းအရ ကမ္ဘာပေါ်မှာ ဒီရောဂါခံစားနေရတဲ့သူဦးရေဟာ ၁၀ သန်းလောက်ရှိတယ်လို့ဆိုပါတယ်။ လက်ရှိကုထုံးတွေက လက္ခဏာတွေကို တိုးတက်ကောင်းမွန်အောင်လုပ်ပေးနိုင်ပေမယ့် ရောဂါတိုးလာမှုကိုတော့ လျော့နည်းရပ်တန့်အောင် မလုပ်ဆောင်နိုင်ပါဘူး။ဒါပေမဲ့ ယခုသုတေသနစမ်းသပ်မှုကတော့ ရောဂါကိုလျော့နည်းပပျောက်စေမှာဖြစ်တယ်လို့ ဆိုပါတယ်။ဒီသုတေသနစမ်းသပ်မှုအတွက် အသက် ၅၀နဲ့ ၆၉ နှစ်ကြားလူ ၇ဦးပါဝင်မှာဖြစ်ပြီး မနက်ဖန် ဗုဒ္ဓဟူး နေ့မှာ ပြုလုပ်မှာ ဖြစ်ပါတယ်။စမ်းသပ်မှုပြီးလို့ ၂ နှစ်အကြာထိ တက္ကသိုလ်က ကြပ်မတ်စောင့်ကြည့် သွားမယ်လို့ သိရပါတယ်။ သုတေသနအဖွဲ့က iPS ဆဲလ်ထိုးသွင်းပြီးလို့ ၂နှစ်အတွင်းမှာ ကင်ဆာဆဲလ်အဖြစ် မပြောင်း လဲနိုင်ဘူး ဆိုတာကိုလည်းအခိုင်အမာပြောဆိုခဲ့ကြပါတယ်။
အဆိုပါ iPS ဆဲလ်တွေကို ပျိုမျစ်နုပျိုအောင် အထူးပြုလုပ်ဖန်တီးထားပါတယ်။ သန္ဓေသားမလိုပဲ မူလဆဲလ်နဲ့ပုံတူ ဖြစ်အောင်ဖန်တီးထားကာ နုပျိုတဲ့ဆဲလ်တွေအဖြစ်ပြန်ရောက်နိုင်အောင် ပြုလုပ်ထားတယ်လို့ ဆိုပါတယ်။
၂၀၁၄ ခုနှစ်မှာ ဂျပန်အစိုးရနောက်ခံပြုထားတဲ့ သုတေသနသိပ္ပံတစ်ခုဖြစ်တဲ့ Riken က အသက်ကြီးသူတွေမှာ မျက်လုံးကွယ်တတ်တဲ့ AMD ရောဂါကို ကုသဖို့အတွက် iPS ဆဲလ်ကို ကမ္ဘာ့ပထမဆုံးအကြိမ်အဖြစ် ထိုးသွင်း ကုသခဲ့ဖူးပါတယ်။ အိုဆာကာ တက္ကသိုလ်ကလည်းနှလုံးချို့ယွင်းသူတွေအတွက် stem cell နဲ့ စမ်းသပ်ကုသမယ့် အစီအစဉ်ကို ပြုလုပ်နေကြောင်းသိရပါတယ်။ အမေရိကန်နိုင်ငံ Duke တက္ကသိုလ်က သိပ္ပံပညာရှင်တွေကတော့ ဓါတ်ခွဲခန်းထဲမှာရှိတဲ့ iPS ဆဲလ်ကနေ လူသားတွေရဲ့ဆဲလ်လို အလုပ်လုပ်နိုင်တဲ့ ဆဲလ်ကို ပထမဆုံးအောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ကြောင်း လွန်ခဲ့တဲ့ ဇန္နဝါရီလက ပြောခဲ့ပါတယ်။Source:CNA

Leave a comment

Your email address will not be published. Required fields are marked *