RCSS နှင့် TNLA တို့ အကြား နယ်မြေတိုက်ပွဲ ဆက်လက်ဖြစ်ပွား

ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့နယ်နှင့် နမ့်ဆန်မြို့နယ်ကြားရှိ တောဖယ်ကျေးရွာနှင့် ကိုက်တိုင် (ကြက်သေ) ကျေးရွာကြားတွင် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ၂ဖွဲ့ဖြစ်တဲ့ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA) နှင့် ပလောင် (တအန်း) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) တို့၏ ရှေ့တန်းစစ်တပ်များ ထိပ်တိုက်တွေ့ဆုံခဲ့ပြီး ဖေဖော်ဝါရီလ ၇ရက်နေ့ ၇နာရီလောက်မှ စတင်ကာ နေ့လည် ၁နာရီလောက်ထိ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရှိရပါတယ်။

ဒီလိုတိုက်ပွဲဖြစ်ရတာဟာ RCSS တပ်ဖွဲ့များက TNLA တပ်ဖွဲ့များ လှုပ်ရှားနေသည့် နယ်မြေအတွင်းသို့ ကျူးကျော် ဝင်ရောက်လာခဲ့ရာမှ တိုက်ပွဲဖြစ်ပွားခဲ့ရတာဖြစ်ကြောင်းနှင့် ဇန်နဝါရီလ ၂၂ရက်နေ့ကလည်း ဒီနေရာမှာပဲ ၂ဦး ၂ဖက် တိုက်ပွဲ တစ်ကြိမ်ဖြစ်ခဲ့ သေးကြောင်း TNLA ဖက်မှ ပြောကြားချက်အရ သိရှိရပါတယ်။

RCSS နှင့် TNLA တို့ အကြား တိုက်ပွဲဖြစ်မှုကို လျော့ချနိုင်ရေးအတွက် ဇန်နဝါရီလ ၂၂ရက်နေ့က ၂ဖက်ရှိ တာဝန်ရှိသူများက တရုတ်-မြန်မာ နယ်စပ်တစ်နေရာတွင် တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ခဲ့တယ်လို့ သိရှိရပြီး အကြောင်းကတော့ ထူးခြားမှုမရှိသေးပဲ နောက်တစ်ကြိမ် ထပ်မံဆွေးနွေးဖို့ ပြောထားတယ်လို့ သိရပါတယ်။

TNLA အဖွဲ့ဟာ ဒီလ အစပိုင်း ၃ရက်နေ့မှ ၅ရက်နေ့တို့တွင် ကွတ်ခိုင်မြို့နယ်အတွင်း မြန်မာ့တပ်မတော်နဲ့ တိုက်ပွဲများဖြစ်ခဲ့ပြီး တပ်မတော်ဖက်မှ ရဟက်ယာဉ် ၂စင်းဖြင့် မိနစ် ၃၀ခန့် ပစ်ခတ်ခြင်းကို ခံခဲ့ရတယ်လို့လည်း သိရှိရပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *