YBS စနစ်က အခြားနိုင်ငံများထက် သာစေရမယ်လို့ ပြောလိုက်တဲ့ ဦးဖြိုးမင်းသိန်း

မထသစနစ်ကို ဖျက်သိမ်းပြီး YBS စနစ်နဲ့ လည်ပတ်ခဲ့တာ တစ်လကျော်ပြီ ဖြစ်သော်လည်း လက်ရှိအချိန်ထိ ခရီးသည်များ အနေနဲ့ အခက်အခဲတွေ ဖြစ်နေဆဲ အခြေအနေ ရှိနေပါသေးတယ်။ သို့ပေမယ့် ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ကတော့ YBS စနစ်ဟာ အခြားနိုင်ငံတွေရဲ့ စနစ်တွေထက် ပိုမိုသာလွန်ကောင်းမွန်စေရမယ့် လို့ ပြောလိုက်ပါတယ်။

ဦးဖြိုးမင်းသိန်းက ” ကျနော်တို့အားလုံး အားသာချက်တရပ်က နောက်ကျခြင်းရဲ့ နောက်ဆုံးအခွင့်အလမ်းပါပဲ။ အဲဒါက ဘာလဲဆိုတော့ နောက်ဆုံးနည်းပညာအားလုံးကို ကျနော်တို့က ယူပြီးတော့ သုံးစွဲသွားမှာဖြစ်ပါ တယ်။ တချို့နိုင်ငံတွေမှာ ကတ်စနစ်ဟာ ကျနော်တို့ အခုကျင့်သုံးမယ့် ကတ်စနစ်လောက် ကောင်းချင်မှ ကောင်းပါလိမ့်မယ်။ ဘတ်စ်အော်ပရေတာတွေပေါ်မှာ တပ်ဆင်ထားတဲ့ စနစ်ကလည်း ကျနော်တို့ အသုံးပြုမယ့် စနစ်လောက် ကောင်းချင်မှ ကောင်းပါလိမ့်မယ်။ ဘာကြောင့်လဲဆို ကျနော်တို့ဟာ နောက်ကျခဲ့တယ်။ ဒီအတွက် အကောင်းဆုံး အခွင့်အလမ်းတခုကို ရယူသုံးစွဲဖို့ ကျနော်တို့ ပြင်ဆင်သွား မှာ ဖြစ်ပါတယ်” လို့ ပြောခဲ့ပါတယ်။

ဒါ့အပြင် လက်ရှိပြေးဆွဲနေတဲ့ မော်ဒယ်နိမ့်ကားတွေကို ကားအသစ်များနဲ့ ၃လ အတွင်း အစားထိုးသွားမှာ ဖြစ်ပြီး ယာဉ်စီးခ တွေကို ကဒ်စနစ်နဲ့ စီမံမှာ ဖြစ်ပြီး ဘတ်စ်ကားတွေအားလုံးကို နေရာတစ်ခုထဲကနေ ထိန်းချုပ်နိုင်မယ့် (Centralized System ) နဲ့ ဆောင်ရွက်အကောင်အထည်ဖော်မယ်လို့ သိရပါတယ်။ ကားယာဉ်ကြော ပိတ်ဆို့မှုကို နောက်ထပ် တစ်နည်းတစ်ဖုံဖြေရှင်းဖို့ Water Taxi ပရောဂျက်ကို အကောင်အထည်ဖော်နေပြီး အဆိုပါ အမြန်ရေယာဉ်ဝန်ဆောင်မှုကို မေလ မှာ စတင်မယ်လို့ သိရပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *